ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ပြောကြားသည့် နှုတ်ခွန်းဆက်စကား

 
 
 
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)
 
(၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များအားလုံး “မိုင်ဆွန်ခ” ပါ။ မင်္ဂလာအပေါင်းနဲ့ ခညောင်း ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
 
(၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို တက်ရောက်ပေးဖို့ ဖိတ်ကြားတဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ကို ရောက်ရှိလာချိန်မှာ လှိုက်လှဲပျူငှာစွာ ကြိုဆိုနှုတ်ဆက် ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ဦးစွာ ပဏာမ ပြောကြား လိုပါတယ်။
 
ရှမ်းပြည်နယ်နေ့ဟာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးအတွက် ထူးခြားလေးနက်တဲ့ နိုင်ငံရေး အဓိပ္ပာယ်တွေ၊ နိုင်ငံရေးအနှစ်သာရတွေ ပြည့်စုံနေတဲ့ နေ့တစ်နေ့ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၇၃)နှစ်က ဒီနေ့လို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်ကြီးတွေဟာ အခြားသော တောင်တန်း ဒေသနေ ချင်း၊ ကချင် တိုင်းရင်းသားခေါင်းဆောင်ကြီးတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ပြည်မနဲ့ အတူတကွ လွတ်လပ်ရေးရယူကြမယ်ဆိုတဲ့ ပြည်ထောင်စုထူထောင် ရေးအတွက် အရေးကြီးလှတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို စိတ်တူကိုယ်တူ ဆန္ဒတူနဲ့ ချမှတ်ခဲ့တဲ့နေ့ဖြစ်ပါတယ်။ ဒီလိုမျိုး ပြည်ထောင်စုတစ်ခုတည်းမှာ ပါဝင်ပူးပေါင်းကြ မယ်လို့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆုံးဖြတ်ခဲ့တဲ့နေ့ကို ဂုဏ်ပြုပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်နယ်နေ့ အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပပြုလုပ်လာခဲ့တာ အခုဆိုရင် (၇၃) နှစ် ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါတယ်။
 
ဒါပေမယ့် ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေရဲ့ အိပ်မက်ဖြစ်တဲ့ စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှု၊ ဒီမိုကရေစီအခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးကို ဒီကနေ့ ဒီအချိန်ထိ တည်ဆောက်နိုင်ခြင်းမရှိသေးပါဘူး။ လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားအချင်းချင်း သံသယတွေ၊ မယုံကြည်မှုတွေနဲ့ စိတ်ဝမ်းကွဲပြားခဲ့ရာမှ လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းခဲ့ကြတဲ့အတွက် တစ်နိုင်ငံလုံး ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။ အစိုးရ အဆက်ဆက်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရရှိခဲ့ပါဘူး။
ဒီကနေ့ဒီအချိန်မှာ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်မှာ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ထွန်းသစ်စ ဒီမိုကရေစီဟာ ရင့်ကျက်ခိုင်မာပြီး ရေရှည်တည်တံ့ဖို့ဆိုရင် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ဒွန်တွဲပြီး အလွန် အရေးကြီးတယ်ဆိုတာကို အားလုံးက လက်ခံနားလည်ထား ကြပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အစိုးရ အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးများအဖြစ် သတ်မှတ်ပြီး ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
 
ဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာလည်း ကျွန်တော်တို့ရဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေအားလုံး ကျေနပ် လက်ခံ၊ ဂုဏ်ယူနိုင်မယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံအစည်းအဝေးမှာ အခြေခံမူတွေ ချမှတ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း အခက်အခဲတွေ၊ စိန်ခေါ်မှု တွေကတော့ အများကြီးရှိနေမှာပါ။ ဒါကိုလည်း အပြန် အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှုနဲ့ အပြန်အလှန် ယုံကြည်မှုတွေကို အခြေခံပြီး ဘုံသဘောတူညီချက်တွေ ရရှိအောင် ညှိနှိုင်းသွားကြရမှာ ဖြစ်ပါတယ်။
 
ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် စုစည်းနေထိုင်နိုင်ဖို့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရန် ယခင်ကတည်းကိုက ခံယူချက် ထားရှိပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ ရှေ့ကိုဆက်ပြီး လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအားလုံး နှစ်ပေါင်းများစွာ လိုလားတောင့်တ နေတဲ့ ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် အားလုံးသဘောတူ လက်ခံနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်လာဖို့အတွက် နိုင်ငံ တစ်ဝန်းလုံးက တိုင်းရင်းသားများက ပူးပေါင်းပါဝင်ကြဖို့ အထူးလိုအပ်လှပါတယ်။
 
ကျွန်တော်တို့ အားလုံးဟာ ပြည်ထောင်စုသားတွေ ဖြစ်ကြတဲ့အတွက် တစ်ဦးနဲ့တစ်ဦး နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုတွေကို တိုးမြှင့်တည်ဆောက်ရင်း နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုတွေကတစ်ဆင့် ကြိုးပမ်းကြရန် အထူးပဲ အရေးကြီးလှပါတယ်။ တိုင်းရင်းသားလူမျိုးများ အားလုံးအနေနဲ့လည်း ပြည်ထောင်စုကြီးရဲ့ အနာဂတ် အတွက် အရေးကြီးလှတဲ့ (၂၁) ရာစုပင်လုံ နိုင်ငံရေး စားပွဲဝိုင်းတွေမှာ သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ဘယ်လို အခက်အခဲတွေပဲ ကြုံလာကြုံလာ၊ ဘယ်လိုအကျပ်အတည်း တွေပဲ တွေ့ရတွေ့ရ ကျွန်တော်တို့အားလုံး ပြင်းထန်သော ဆန္ဒ၊ မလျှော့သောဝီရိယ၊ ခိုင်မာသောစိတ်ဓာတ်၊ အမှားအမှန်ခွဲခြားသိမြင်သော ဉာဏ်ပညာအမြော်အမြင် တို့နဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံကာ ကျော်လွှား ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ (၇၃)နှစ်က ရရှိခဲ့တဲ့ ပင်လုံစိတ်ဓာတ်လို စည်းလုံးညီညွတ်မှုမျိုးကို ပြန်လည်ဖော်ထုတ်နိုင်ကြပါစေ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက တက်ညီလက်ညီ လက်တွဲပူးပေါင်း ပါဝင် ဆောင်ရွက်ပေးနိုင်ကြပါစေ၊ ရှမ်းပြည်နယ်သူ၊ ပြည်နယ်သား များအပါအဝင် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး ကောင်းကျိုးချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြပါစေ၊ ရှမ်းပြည်နယ်နဲ့တကွ ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
 
အားလုံးကိုကျေးဇူးတင်ပါတယ်။