
မောင်သောင်းဝင်း(တမန်ဟောင်း)
ဇူလိုင်လ ၃ ရက်က ဂျပန်နိုင်ငံ ရှီဇိုကာခရိုင်၌ မိုးသည်းထန်စွာ ရွာသွန်း ပြီးနောက် ရွှံ့မြေများပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၂ဝ ကျော် ပျောက်ဆုံး လျက်ရှိကြောင်းနှင့် အိမ်ထောင်စု ၂ဝဝဝဝ ခန့်ကိုလည်း ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသန္တရအာဏာပိုင်များက ထုတ် ပြန်ကြေညာထားသည့် သတင်းများကို နိုင်ငံပိုင်ရုပ်သံမီဒီယာများ နှင့် သတင်းစာများတွင် ဖော်ပြခဲ့သည်။ သဘာဝဘေးအန္တရာယ်သည် လူသားတို့အား တစ်နေ့တခြား ပိုမိုခြိမ်းခြောက်လာလျက်ရှိသည်။ အထူးသဖြင့် မိုးရာသီတွင် ရေကြီးခြင်းအပါအဝင် သဘာဝဘေး အန္တရာယ် အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည်။
သဘာဝဘေးအန္တရာယ်များ
သက်ရှိများမှီတင်းနေထိုင်လျက်ရှိသည့် ဤကမ္ဘာမြေကြီးတွင် သဘာဝအလျောက် ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသည့် ဖြစ်စဉ် တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု ခေါ်ဆိုကြသည်။ သာဓက အနေဖြင့် မြေငလျင်လှုပ်ခတ်ခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီ လှိုင်းများမြင့်တက်လာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရောဂါအသစ် အဆန်းများကျရောက်ခြင်းစသည့် အန္တရာယ်များပင် ဖြစ်သည်။ ထိုအန္တရာယ်များကြောင့် သေကျေထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွား နိုင်သည်။ သဘာဝဘေးအန္တရာယ် မည်မျှကြီးမားသည်ကို သေကျေ ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုများနှင့် တိုင်းတာနိုင်သည်။
လူနေထူထပ်သောနေရာတစ်ခု ရေမြုပ်သွားပြီဆိုလျှင်၊ တောင် ပြို၍ မြေကြီးအောက်ရောက်သွားပြီဆိုလျှင် သေကျေပျက်စီးဆုံးရှုံး မှုများ များပြားမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မမျှော်လင့်သည့် အချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် မြေငလျင်လှုပ်ခတ်မှုများ၊ တောမီး လောင်မှုများ၊ မြေပြိုမှုများနှင့် မီးတောင်ပေါက်ကွဲမှုများသည် လူသား တို့ကို ပျက်စီးဆုံးရှုံးမှုကြီးမားစေသော သဘာဝဘေးအန္တရာယ်များ အဖြစ် ဆက်လက်ခြိမ်းခြောက်လျက်ရှိသည်။ အထူးသဖြင့် သဘာဝ ဘေးအန္တရာယ်လွန်ကာလများတွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားသောကြောင့် နေ့စဉ် လူနေမှုဘဝသည် များစွာ ခက်ခဲ ကြမ်းတမ်းလှပေသည်။ ဘေးအန္တရာယ်၏ နောက်ဆက်တွဲရောဂါ များကိုလည်း ခံစားကြရသည်။
နှစ်စဉ် ကမ္ဘာတစ်ဝန်းတွင် ကျရောက်လျက်ရှိသည့် သဘာဝ ဘေးအန္တရာယ်များကြောင့် ဖြစ်ပွားခဲ့သော သေကျေဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးတို့သည် လွန်စွာပင် များပြားလျက်ရှိသည်။ ထိုဆုံးရှုံးမှုများတွင် မိဘဆုံးရှုံးကြရသူများ၊ သားသမီးဆုံးရှုံးကြရသူ များနှင့် ဆွေမျိုးသားချင်းဆုံးရှုံးကြရသူများအတွက် များစွာပင် စိတ် မကောင်းဖြစ်ရပါသည်။ ပစ္စည်းဆုံးရှုံးမှုကို အစားထိုး၍ရနိုင်သော်လည်း လူ့အသက်တစ်ချောင်းကိုမူ မည်သည့်အရာနှင့်မျှ တန်ဖိုးဖြတ်၍ မရနိုင်ချေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာမြေကြီးကို ဆိုးရွားစွာ ထိခိုက်စေနိုင်မည့် လုပ်ရပ်မှန်သမျှကို ဆင်ခြင်ပြီး အချိန်မီ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်သွားရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။ ထိုသို့ ကမ္ဘာကြီးကိုချစ်ခင်စွာ အချိန်မီစောင့်ရှောက်ပြုပြင်ထိန်းသိမ်းမှု မရှိလျှင် အနာဂတ်တွင် လူသားများသည် အမျိုးမျိုးသော သဘာဝဘေး များနှင့်မလွဲမသွေ ရင်ဆိုင်ကြရမည်မှာ ဧကန်မုချပင်ဖြစ်သည်။
ကြိုတင်ပြင်ဆင်ထားသင့်
ဇူလိုင်လဆန်းပိုင်းကတည်းကပင် မြန်မာနိုင်ငံတစ်ဝန်းတွင် မိုး မဆက်မပြတ် ရွာသွန်းခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံအောက် ပိုင်းဒေသများ၌ မိုးပိုခဲ့သည်။ မုတ်သုံလေမှာ ဆက်လက်အားကောင်း နေသဖြင့် မိုးအဆက်မပြတ်ရွာသွန်းနေဆဲပင်ဖြစ်သည်။ ထိုသို့ မိုး အဆက်မပြတ်ရွာသွန်းလာပြီဆိုလျှင် ဩဂုတ်လဆန်းပိုင်းလောက်တွင် အချို့သော ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ ရေလွှမ်းမိုးမှုဖြစ်ပေါ် တတ်သည်။ အဝေးပြေးလမ်းများပေါ်၌လည်း ရေလွှမ်းလေ့ရှိသည်။ မြစ်၊ ချောင်းများ ရေပြည့်ရေလျှံဖြစ်လာလေ့ရှိသည်။ အချို့သောဒေသ များတွင် လမ်း၊ တံတားများပေါ်သို့ ရေကျော်နေသဖြင့် လမ်းပန်းဆက် သွယ်ရေးပင် ပြတ်တောက်သွားတတ်သည်။ မြေနိမ့်ပိုင်းရှိအိမ်များသည် ရေနစ်မြုပ်ခံရလေ့ရှိသည်။ ထို့ကြောင့် မိုးရာသီတွင် ကြုံတွေ့ရတတ် သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်စီမံ ပြင်ဆင်ထား သင့်သည်။ သို့မှသာလျှင် လူနှင့်တိရစ္ဆာန်များ အသေအပျောက်နည်းပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော် စွာ ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝ ဘေးအန္တရာယ်ကို နှစ်စဉ် ခါးစည်းခံစားရလျက်ရှိသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းစောင့်ရှောက်ရေးနှင့် ရာသီဥတုဖောက်ပြန်မှု ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် ပုံဖော်ဆောင်ရွက် လျက်ရှိသည်။ သဘာ၀ဘေးအန္တရာယ်များ ကျရောက်ပါက ရှာဖွေရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်စီမံချက် များ ရေးဆွဲထားရန် လိုအပ်သည်။ ကြီးမားသော ဘေးအန္တရာယ်နှင့် နောက်ဆက်တွဲကပ်ရောဂါဆိုးများ ဖြစ်ပေါ်လာပါက နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း ကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည်။ ထို့ ကြောင့် အရေးပေါ်စီမံချက်တွင်ပါဝင်သည့် ပြင်ဆင်ခြင်း (Prepar- edness)၊ တုံ့ပြန်ခြင်း(Response)၊ ပြန်လည် ထူထောင်ခြင်း (Re- covery)နှင့် လျော့နည်းသက်သာစေခြင်း(Mitigation) စသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားသင့်ပေသည်။
မဟာဗျူဟာချမှတ်သင့်
မျက်မှောက်ကာလတွင် အစွန်းရောက်ရာသီဥတုကြောင့် ကမ္ဘာ့ နိုင်ငံအားလုံးသည် သဘာဝဘေးအန္တရာယ်ပေါင်းစုံကို နှစ်စဉ် ကြုံတွေ့ နေကြရသည်။ မြေပြိုမှုများအပါအဝင် သဘာဝဘေးအန္တရာယ် ပေါင်းစုံကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် မဟာဗျူဟာတစ်ရပ် ချမှတ်ထားသင့်ပေသည်။ မဟာဗျူဟာချမှတ်ရာတွင် အောက်ဖော်ပြ ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်ပေသည်-
(၁) တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖြစ်ပေါ်လာနိုင် သော သဘာဝဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းတွက် ဆပြီး ဘေးအန္တရာယ်မဖြစ်ပွားမီ စနစ်ကျနသော ကြိုတင် ပြင်ဆင် ကာကွယ်မှုများ ပြုလုပ်စေခြင်း။
(၂) သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းထားရှိခြင်း။
(၃) ဘေးအန္တရာယ်ဖြစ်ပွားလာချိန်တွင် ရှာဖွေကယ်ဆယ်ရေးနှင့် အကူအညီပေးရေးလုပ်ငန်းများကို ကယ်ဆယ်ရေး အဖွဲ့ များဖြင့် အလျင်မြန်ဆုံး ပြုလုပ်ပေးခြင်း။
(၄) သဘာဝဘေးဒဏ် ခံစားခဲ့ရသူများအတွက် မည်သည့်အရာ များကို အရေအတွက်မည်မျှ လိုအပ်သည်ဟူသော အချက် များကို ဆန်းစစ်အကဲဖြတ်ခြင်း။
(၅) ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း။
(၆) စားနပ်ရိက္ခာအစရှိသည့် အခြေခံလိုအပ်ချက်များ ထောက်ပံ့ ဖြန့်ဖြူးပေးခြင်း။
(၇) ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်ပိုင်း ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်စေခြင်း။
(၈) ကျား၊ မ အရေအတွက် စာရင်းပြုစုခြင်း။
(၉) ဘေးဒဏ်ခံပြည်သူများ ဝင်ငွေရရှိစေရန် ပံ့ပိုးကူညီပေးခြင်း။
(၁၀) စိတ်ဓာတ်မြှင့်တင်ပေးခြင်း။
(၁၁) ဘဏ္ဍာငွေရရှိမှုနှင့် ခွဲဝေသုံးစွဲမှု စာရင်းပြုစုခြင်း။
(၁၂) သတင်းထုတ်ပြန်မှုများ ပြုလုပ်ပေးခြင်း။
(၁၃) လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အားနှင့် တယ်လီဖုန်း ကွန် ရက်များ၊ ရေပိုက်လိုင်းများနှင့် အိမ်သာစနစ်များ ပြန်လည် တည်ဆောက်ပေးခြင်း။
မိုးရာသီတွင် သဘာဝဘေးအန္တရာယ်များကို
ဘယ်လိုကျော်ဖြတ်သွားမလဲ
မြန်မာနိုင်ငံတွင် နှစ်စဉ် မိုးရာသီရောက်ရှိလျှင် ရေကြီးရေလျှံမှု အပါအဝင် သဘာဝဘေးအန္တရာယ်မျိုးစုံကို ကြုံတွေ့ခံစားရလျက်ရှိ သည်။ အထူးသဖြင့် မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများသည် မိုးတွင်း ကာလတွင် ရေဘေးအန္တရာယ်ကို ခါးစည်းခံရလေ့ရှိကြသည်။ ရေဘေး အန္တရာယ်ကို ကာလရှည်ကြာ ကြုံတွေ့ရလျှင် လူနှင့်တိရစ္ဆာန်များ အသက်ဆုံးရှုံးရလေ့ရှိသည်။ ထို့အပြင် စိုက်ပျိုးထားသော သီးနှံပင် များလည်း ပျက်စီးဆုံးရှုံးရလေ့ရှိသည်။ အထူးသဖြင့် နေ့စဉ် စားဝတ် နေရေးအတွက် လုပ်ငန်းဆောင်တာများ လုပ်ကိုင်နိုင်ခြင်း မရှိသဖြင့် စီးပွားရေးအရလည်း များစွာ ထိခိုက်ရလေ့ရှိသည်။ ထိုသို့ ရေဘေး အန္တရာယ်ကြောင့် စိတ်အားငယ် ထိခိုက်နေသည့် ပြည်သူများကို ကျန်တိုင်းရင်းသားပြည်သူများက တစ်ဖက်တစ်လမ်းမှ တတ်နိုင်သမျှ ဖေးမကူညီပေးသွားရန် တာဝန်ရှိပေသည်။
စင်စစ်အားဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်နေသည့် အချိန်မျိုးတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးသည် ဒေသစွဲ၊ ပါတီစွဲ၊ အရောင်စွဲမထားဘဲ ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်း များကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားသင့်ပေသည်။ ဘေး အန္တရာယ်သင့် ဒေသများသို့ ကိုယ်တိုင် မသွားရောက်နိုင်သူများသည် ငွေအား၊ ပစ္စည်းအားဖြင့် တတ်နိုင်သလောက် လှူဒါန်းထောက်ပံ့ ကူညီနိုင်ပါသည်။ အမှန်တော့ အရေးပေါ်အခြေအနေမျိုးတွင် ဘေး အန္တရာယ်သင့်ပြည်သူများကို တတ်နိုင်သလောက် အကူအညီပေး ခြင်းသည် မင်္ဂလာတစ်ပါးပင်ဖြစ်သည်။ စင်စစ်အားဖြင့် တိုင်းပြည် အတွင်း မည်သည့်ဘေးအန္တရာယ် ကျရောက်လာသည်ဖြစ်စေ နိုင်ငံသူ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့်သာ ကျော် ဖြတ်သွားမည်ဆိုလျှင် ဧကန်မုချ အောင်မြင်မှုရရှိနိုင်မည်ဟု ယုံကြည် မိပါတော့သည်။ ။
- Log in to post comments