တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ နေပြည်တော် အထင်ကရနေရာများသို့ သွားရောက်လေ့လာ

Image not available
 
နေပြည်တော် ဖေဖော်ဝါရီ ၆
 
နေပြည်တော်၌ ကျင်းပမည့် ၂၀၂၀ ပြည့် နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စု နေ့ ဂုဏ်ပြုဖျော်ဖြေပွဲတွင် ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့တွင် နေပြည်တော်ရှိ အထင်ကရနေရာ များသို့ သွားရောက်လေ့လာကြသည်။
 
တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များသည် ယနေ့နံနက်ပိုင်းမှ စတင်ကာ နေပြည်တော် အထင်ကရ နေရာများဖြစ်သည့် အမျိုးသားအထိမ်း အမှတ်ဥယျာဉ်၊ တပ်မတော်စစ်သမိုင်း ပြတိုက်(နေပြည်တော်)၊ အမျိုးသား ပြတိုက်၊ တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ် တာရာပြခန်းနှင့် နေပြည်တော်မြို့မ ဈေးတို့သို့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ သွားရောက် လေ့လာကြသည်။
 
ကချင်ပြည်နယ် ရိုးရာယဉ်ကျေးမှု အဖွဲ့မှ မကိုင်ဂျာက “ဒီနေ့မှာတော့ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊ တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ်တာရာ ပြခန်းနဲ့ နေပြည်တော်မြို့မဈေးတို့ကို ကြည့်ရှုလေ့လာခဲ့ပါတယ်။ အခု ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ အခုလို တိုင်းရင်းသားပေါင်းစုံနဲ့ လေ့လာ ခွင့်ရတာ စိတ်ထဲမှာ ပျော်ရွှင်ပီတိဖြစ်မိ ပါတယ်။ နောက်လည်းအခွင့်ကြုံရင် လာလည်ချင်ပါသေးတယ်။ လိုက်လံ ပို့ဆောင်ပေးတဲ့ တာဝန်ရှိသူတွေကို လည်း ကျေးဇူးတင်ပါတယ်” ဟု ပြော သည်။
 
ကရင်ပြည်နယ်ရိုးရာယဉ်ကျေးမှု အဖွဲ့မှ အကနည်းပြ စောအောင် ကျော်ငြိမ်းက “အခုလိုလည်ပတ် လေ့လာခွင့်ရတာ မတွေ့ဖူးမမြင်ဖူး တာတွေ့ မြင်တွေ့ရတယ်။ အမျိုးသား ပြတိုက်မှာဆိုရင်လည်း ကိုယ်မသိတဲ့ ကိုယ့်နိုင်ငံက ဘုရင်တွေအုပ်ချုပ်ခဲ့တဲ့ ပုံစံလေးတွေ၊ ရှေးဟောင်းအသုံးအဆောင်ပစ္စည်းလေးတွေကို တွေ့ခဲ့ရပါ တယ်။ စစ်သမိုင်းပြတိုက်မှာဆိုရင် လည်း တပ်မတော်ကို ဘယ်လိုဖွဲ့စည်း တည်ထောင်ခဲ့တယ်၊ ဘယ်လို သမိုင်း ကြောင်းရှိခဲ့တယ်ဆိုတာကို လေ့လာ ခွင့်ရခဲ့ပါတယ်။ အခုလို လည်ပတ်ခွင့် ရတာ ဗဟုသုတတွေလည်း အများကြီး ရတယ်။
ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေအားလုံး ချစ်ချစ် ခင်ခင်၊ ရင်းရင်းနှီးနှီး၊ စည်းစည်းလုံးလုံး နဲ့ ဖျော်ဖြေတင်ဆက်ခွင့်ရတဲ့အတွက် ကရင်တိုင်းရင်းသားတစ်ဦးအနေနဲ့ အများကြီး ဝမ်းမြောက်ဂုဏ်ယူမိပါ တယ်။ အခွင့်အရေးကြုံရင် နောက်ထပ် လည်း ဖျော်ဖြေတင်ဆက်ချင်ပါသေး တယ်” ဟု ပြောသည်။
 
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့တွင် ကချင်ပြည်နယ်မှ ၆၂ ဦး၊ ကယားပြည်နယ်မှ ၈၀ ၊ ကရင် ပြည်နယ်မှ ၄၀ ၊ ချင်းပြည်နယ်မှ ၄၀၊ တနင်္သာရီတိုင်းဒေသကြီးမှ ၄၀ ၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၃၆ ဦး၊ ရှမ်းပြည်နယ်မှ ၇၉ ဦး၊ စုစုပေါင်း ၄၁၁ ဦး ပါဝင်ကြောင်းသိရပြီး လေ့လာရေး ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီ ၇ ရက်တွင် ဥပ္ပါတသန္တိ စေတီတော်၊ နေပြည်တော်ဗုဒ္ဓဂယာ၊ ရေပန်းဥယျာဉ်၊ ကျောက်မျက်ရတနာ ပြတိုက်၊ Junction Centre နှင့် လွှတ်တော် အဆောက်အအုံတို့သို့ သွားရောက် လေ့လာကြမည်ဖြစ် ကြောင်း သိရသည်။
 
တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ရိုးရာယဉ်ကျေးမှုအဖွဲ့များကို ပြည်ထောင်စုနေ့ အခမ်းအနားများသို့ တက်ရောက်ရန် နှစ်စဉ်ဖိတ်ကြားခြင်း မှာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကများကို အပြန်အလှန်ဖလှယ်နိုင် စေရန်နှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိ စေရန် ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရ သည်။
 
သတင်း-ဟန်လင်းနိုင်၊ ဟိန်းမင်းစိုး
ဓာတ်ပုံ-ထန်းဖုန်