
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်ရန် လွှတ်တော်သို့တင်ပြ
===============================================================
နေပြည်တော် ဖေဖော်ဝါရီ ၆
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှ အဆိုပြုတင်ပြလာသည့် ပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍ ကန့်ကွက်မှုတစ်စုံတစ်ရာမရှိပါက ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း (သို့မဟုတ်) ကန့်ကွက်လို သည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်း အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားပါကြောင်း၊ နိုင်ငံတော်သမ္မတက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်လိုကြောင်း အဆိုပြုတင်ပြထားသည့် ပုဂ္ဂိုလ်အား ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ထံ အမည်စာရင်းပေးပို့နိုင်ကြောင်း အသိပေးကြေညာ သည်။
ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ခြောက်လတာကာလ (၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီ ရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက အစီရင်ခံစာတွင် ပါရှိသည့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးဆိုင်ရာ မူဝါဒအကြံပြုစာတမ်းကို အလေးအနက် ကြိုဆိုထောက်ခံအပ်ပါကြောင်း၊ အဆိုပါ ကျောင်းများ ဖွင့်လှစ်မည်ဆိုပါက စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်ရသူနှင့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရသူများသည် အဆင့်အတန်းအလိုက် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍတွင် ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားရေးအတွက် များစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ အတွက် ကျွမ်းကျင်ပညာရှင်များလည်း လိုအပ်နေပါ ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားခွင့်ရမည်ဆိုပါ က ထူးချွန်ပညာရှင်များ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း ထောက်ခံ ဆွေးနွေးသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ က အဆင့်မြင့်ပညာကဏ္ဍ၌ လူသားစွမ်းအားအရင်းအမြစ် မွေးထုတ်ရာတွင် ပြည်နယ်များ၏ လိုအပ်ချက်များ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်များနှင့် စီးပွားရေးကဏ္ဍ၏ ဦးစားပေးရည်မှန်းချက်များ ချိတ်ဆက်ထားမှုမရှိခြင်းသည် ပြည်နယ်များဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျရခြင်း၏ အကြောင်း အရင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကော်မရှင်အနေဖြင့် အဆင့်မြင့်ပညာရေးကဏ္ဍကို ပြည်နယ်အလိုက် ဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်များချမှတ်ပြီး ချိတ်ဆက်အကောင် အထည်ဖော်ရေးမူဝါဒကိုလည်း သုတေသနလုပ်ဆောင်ရန် အကြံပြုလိုပါကြောင်း၊ ထို့ပြင် အဆင့်မြင့်ပညာရေးကဏ္ဍ၌ ပညာသင်ဆုရွေးချယ်ရေးစံများ သတ်မှတ်သည့်အခါ သက်ဆိုင်ရာပြည်နယ်များ၏ လူသားစွမ်းအားအရင်းအမြစ် လိုအပ်ချက်အပေါ် မူတည်၍ ပညာသင်ဆုများ ခွဲဝေ သတ်မှတ်ရန် တောင်းဆိုလိုပါကြောင်း ဆွေးနွေးသည်။
လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီက အစီရင်ခံစာ တွင် နိုင်ငံတကာသို့ လေ့လာရေးခရီးသွားရောက်ခြင်းနှင့် အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းဖော်ပြထားသည် ကို တွေ့ရှိရသည့်အပြင် မည်သည့်နိုင်ငံ၊ မည်သည့်နေရာ သွားရောက်လေ့လာခဲ့သည်ဟုလည်း ပါရှိပါကြောင်း၊ သို့သော် အတွေ့အကြုံရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်ဟုသာ ပါရှိပြီး မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုအနေ ဖြင့် မည်သည့်နေရာတွင် အသုံးတည့်သည်ဟူသော အကြံပြုချက်မပါရှိသဖြင့် လေ့လာရေးခရီးဟု ဆိုသော်ငြား လည်း တိုင်းပြည်အတွက် အကျိုး ရှိ/မရှိ မသိနိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံခြားခရီးစဉ်များ သွားရောက်ပြီးသူတိုင်း နိုင်ငံအတွက် မည်သည့်အကျိုးကျေးဇူးရရှိပုံကို ထည့်သွင်း အစီရင်ခံသင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။
ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၊ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ကချင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်နှင့် ရေဦး မဲဆန္ဒနယ်မှ ဒေါက်တာမင်းသိန်းတို့က ဆက်လက်ဆွေးနွေး ကြသည်။
ဆက်လက်၍ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေးတည်ငြိမ်မှုအခြေအနေ အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။
ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က ဘဏ် လုပ်ငန်းကဏ္ဍကို လိုအပ်ချက်အရ ပြုပြင်ပြောင်းလဲသည့် အခါ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများမှ လိုက်နာနိုင်မည့် အတိုင်းအဆများကို အလေးအနက်ထား စဉ်းစားရန် တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် နိုင်ငံ့စီးပွားရေး တည်ငြိမ် စွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်စေရန်အတွက် စာရင်းပိုထုတ်ချေးငွေနည်းလမ်းမှ သတ်မှတ်ကာလအတွင်း အတိုး၊ အရင်းပေါင်းပေးဆပ်ရသည့် နည်းလမ်းသို့ ပြောင်းလဲရာတွင် စီးပွားရေးလုပ်ငန်းများ၏ အခြေအနေနှင့် သဘောသဘာ၀၊ ဈေးကွက်အခြေအနေ၊ ချေးငွေပမာဏနှင့် ချေးငွေသဘာဝတို့အပေါ် မူတည်၍ ပြန်ဆပ်ကာလနှင့်မည်သည့်နှစ်အပိုင်းအခြားတွင် မည်သည့် ပမာဏ ပြန်လည်ပေးဆပ်မည်ဆိုသည့် ဆုံးဖြတ်ပိုင်ခွင့် ကို ဘဏ်နှင့်လုပ်ငန်းရှင်များအကြား နှစ်ဦးနှစ်ဖက် သဘောတူညီမှုအရ လက်တွေ့ကျကျ ဆက်လက် ဆောင်ရွက်ခွင့်ပြုသင့်ပါကြောင်း ဆွေးနွေးသည်။
မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းက ဗဟိုဘဏ် အနေဖြင့် ငွေကြေးမူဝါဒများ ချမှတ်ပြီး ငွေရေးကြေးရေး တည်ငြိမ်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေသော်လည်း ဘတ်ဂျက်ယိုပေါက်၊ စိမ့်ပေါက်များကို မတားဆီးနိုင်သရွေ့ ရည်မှန်းချက်များကို မျှော်မှန်းထားသကဲ့သို့ အောင်မြင် အောင် အကောင်အထည်ဖော်နိုင်မည်မဟုတ်ပါကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်းအသုံးစရိတ်များ၊ သာမန်အသုံးစရိတ်များသည် အမှန်လိုအပ်သည်ထက် ဖောင်းပွနေပါကြောင်း၊ မိမိဌာနအလိုက် အသုံးစရိတ်များကို စိစစ်ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်တွင် ကြုံတွေ့နေရသည့် ငွေရေးကြေးရေးအခက်အခဲများကို ဖြစ်ပေါ်စေသည့် မည်သည့်အကြောင်းတရားဖြစ်စေ ပြတ်ပြတ်သားသားရင်ဆိုင်ဖြေရှင်းရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ယင်းအစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဟန်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဇေဖြိုးနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ) တို့က ဆက်လက် ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ် မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)
ဓာတ်ပုံ - စိုးဝင်းထွန်း