ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေကြမည့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ စကားသံများ

Image not available
ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေကြမည့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ စကားသံများ
=================================================
၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားကို အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ နိုင်ငံရေးအနှစ်သာရပြည့်ဝစွာ ဖေဖော်ဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ရိုးရာယဉ်ကျေးမှုအဖွဲ့များသည်လည်း နေပြည်တော် သို့ ရောက်ရှိနေကြပြီဖြစ်ရာ ၎င်းတို့၏ ပြည်ထောင်စုနေ့ အမှတ်တရ စကားသံများကို ဖော်ပြလိုက်ပါသည်-
ဒေါ်နန်းယုယုသက်
(ကြီးကြပ်သူ၊ ရှမ်းပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့)
ကျွန်မတို့ ရှမ်းတိုင်းရင်းသားအဖွဲ့မှာ အဖွဲ့ဝင်သုံးဆယ် ကျော် ပါပါတယ်။ ရှမ်းပြည်နယ်ရဲ့ ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ ကိန္နရီ ကိန္နရာ၊ တိုးနရားဓားသိုင်းနဲ့ ရှမ်းပျိုဖြူလေးများက ယိမ်းအကနဲ့ ပါဝင်ဖျော်ဖြေမှာပါ။ ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး အတူတကွ စည်းလုံး ညီညွတ်ချစ်ခင်စွာနဲ့ ဥမကွဲ၊ သိုက်မပျက် နေထိုင်ကြမယ် ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး အိမ်နီးချင်းနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည်ပါတယ်။
ဦးဝိုင်းဗိုလ်
(အုပ်ချုပ်သူ၊ ဓနုတိုင်းရင်းသားရိုးရာအဖွဲ့)
ကျွန်တော်တို့အဖွဲ့မှာ လူ ၄၀ ပါဝင်ပါတယ်။ ပြည်ထောင် စုနေ့မှာ ကျွန်တော်တို့ရဲ့ ရိုးရာအကအပြင် ရိုးရာလုပ်ငန်းဖြစ် တဲ့ လက်ဖက်လုပ်ငန်းကိုပုံဖော်တဲ့ကကွက်နဲ့ တင်ဆက်သွား မှာဖြစ်ပါတယ်။ ကျွန်တော်က နေပြည်တော်ကို ရောက်ဖူး တာ အခုအကြိမ်နဲ့ဆို ခုနစ်ကြိမ်ရှိပါပြီ။ အခုလို ပြည်ထောင်စု နေ့အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိ ပါတယ်။ ကျွန်တော်တို့အားလုံးက ပြည်ထောင်စုစိတ်ဓာတ် ရှိဖို့လိုတယ်။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမောင်နှမတွေအားလုံး ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်နဲ့ အားလုံးတက်ညီလက်ညီ လက်တွဲပြီး ကြိုးပမ်းသွားမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံကြီး ဖွံ့ဖြိုး တိုးတက်လာမှာပါ။ တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင် ရွက်သွားမယ်ဆိုရင် ထာဝရငြိမ်းချမ်းရေး ရရှိနိုင်မှာပါ။
ဦးခွန်ဆော
(အုပ်ချုပ်သူ၊ ချင်းပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့)
မျိုးနွယ်စုနှစ်ခုဖြစ်တဲ့ ငရာ့နဲ့ ဒါးရင်ဒူးမျိုးနွယ်စုအက တွေနဲ့ ပြည်ထောင်စုနေ့မှာ ဂုဏ်ပြုဖျော်ဖြေတင်ဆက်သွား မှာပါ။ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအားလုံး သွေးစည်းညီညွတ်မှ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီး အစစအရာရာ ခေတ်မီဖွံ့ဖြိုးတိုးတက်နိုင်မယ်လို့ ယုံကြည်ပါ တယ်။ အခုလိုမျိုး တစ်နေရာတည်းမှာ ဒေသအသီးသီးက တိုင်းရင်းသားတွေကို မြင်တွေ့ရတာ အင်မတန်မှ ပျော်ရွှင် ပီတိဖြစ်ရပါတယ်။ အဲဒီလိုပဲ မငြိမ်းချမ်းသေးတဲ့ ဒေသတွေ က ကျွန်တော်တို့ရဲ့ ပြည်သူတွေကိုလည်း ငြိမ်းချမ်းရေး အမြန်ရရှိပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေး ပါတယ်။
မအေးဆုမြတ်မွန်(ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့)
ကျွန်မက စစ်တွေတက္ကသိုလ်မှာ ဓာတုဗေဒဘာသာရပ် နဲ့ ဒုတိယနှစ်တက်နေတာပါ။ ပြည်ထောင်စုနေ့မှာ ရခိုင် ရိုးရာယဉ်ကျေးမှုအကနဲ့ ကပြဖျော်ဖြေသွားမှာပါ။ တက္ကသိုလ်မေဂျာပေါင်းစုံက ရွေးချယ်ပြီး အခုလို နေပြည်တော်ကို ပထမဦးဆုံးအကြိမ် လာရောက်ခွင့်ရတဲ့ အတွက် ကံကောင်းတယ်လို့ ခံယူပါတယ်။ နေပြည်တော် ရောက်နေစဉ်မှာလည်း ဒီမှာရှိတဲ့ အထင်ကရနေရာတွေကို လိုက်ပို့ပေးမယ်လို့လည်း သိရပါတယ်။ အခုဒီမှာ တိုင်းရင်းသားပေါင်းစုံနဲ့ ဆုံစည်းပြီး သိခွင့်၊ ခင်မင်ခွင့်ရတဲ့ အတွက် အင်မတန်မှ ဝမ်းသာရပါတယ်။
လဖိုင်နန်ဒွဲ(ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့)
အခုလို ပြည်ထောင်စုနေ့ကို တက်ရောက်ခွင့်ရတာ နှစ်နှစ်ရှိပါပြီ။ ကျွန်မတို့အဖွဲ့မှာ အဖွဲ့ဝင် ငါးဆယ်ကျော် ပါဝင်ပြီး ကချင်ရိုးရာအကနဲ့ပဲ ကပြဖျော်ဖြေသွားမှာပါ။ တိုင်းရင်းသားပေါင်းစုံနဲ့အတူ ဆုံစည်းခွင့်ရတဲ့အတွက် အတွေ့အကြုံဗဟုသုတတွေ အများကြီးရသလို စည်းလုံး ညီညွတ်မှုလည်း ပိုမိုရရှိပါတယ်။ အမှတ်တရဓာတ်ပုံတွေ ရိုက်ခွင့်ရတာ အင်မတန်မှ ပျော်စရာကောင်းပါတယ်။ ကျွန်မအခုလို ပျော်ရွှင်နိုင်သလို ကျွန်မတို့ပြည်နယ်က မိသားစုတွေကိုလည်း ငြိမ်းချမ်းရေးအမြန်ရပြီး ပျော်ရွှင်စေ ချင်ပါတယ်။ ငြိမ်းချမ်းရေးရမှလည်း တိုင်းပြည်တိုးတက် နိုင်မှာပါ။
စောရှားထူးဝေါ်(ကရင်ပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့)
ကျွန်တော်တို့မှာ အဖွဲ့ဝင်စုစုပေါင်း ၄၀ ပါပါတယ်။ ဖျော်ဖြေရေးအနေနဲ့ ကရင်ရိုးရာ ဒုံးယိမ်းအကကိုပဲ အဓိက ကပြတင်ဆက်မှာပါ။ ကျွန်တော်တို့နိုင်ငံဟာ ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တဲ့အတွက် သူများနိုင်ငံနဲ့စာရင် ပိုပြီးတော့ ထင်ပေါ်တာ တွေ့ရပါတယ်။ အခုလို ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား ပေါင်းစုံ လာရောက်တွေ့ဆုံတဲ့အတွက်လည်း ကျွန်တော့် အနေနဲ့ အထူးပင်ဝမ်းသာတယ်။ သူတို့ရဲ့ ရိုးရာဝတ်စုံတွေကို တွေ့ရတဲ့အတွက်လည်း ကြည်နူးမှုကို ခံစားရတယ်။ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားပေါင်းစုံ လာရောက် တွေ့ဆုံပြီး တစ်ယောက်နဲ့တစ်ယောက် အသိပညာဖလှယ် ခွင့်ရတဲ့အတွက် ပြည်ထောင်စုနေ့ရဲ့ အနှစ်သာရအပြင် ကျွန်တော်တို့ရဲ့ စည်းလုံးမှုနဲ့အတူ ငြိမ်းချမ်းသော ပြည်ထောင်စုနိုင်ငံကြီးကို တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ပိုပြီးခိုင်မာစေပါတယ်။ ကျွန်တော်တို့ရဲ့ ကရင်ပြည်နယ်ဟာ တစ်ချိန်တုန်းက မငြိမ်းချမ်းခဲ့ပါဘူး။ အခုဆိုရင် အများကြီးငြိမ်းချမ်းနေပြီဖြစ်သလို အများကြီး လည်း တိုးတက်ပြောင်းလဲနေပါပြီ။ ထို့အတူပဲ မငြိမ်းချမ်း သေးတဲ့ ဒေသတွေကိုလည်း ငြိမ်းချမ်းရေးရရှိဖို့ ဆုတောင်း ပေးပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားအားလုံးကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ နွေးနွေးထွေးထွေး ကြိုဆိုပေး တဲ့အတွက်လည်း တာဝန်ရှိသူတွေကို ကျေးဇူးတင်
ပါတယ်။
ဦးဇော်ထွန်းသောင်း (အဖွဲ့ခေါင်းဆောင်၊ တနင်္သာရီတိုင်း ဒေသကြီး ရိုးရာယဉ်ကျေးမှုအဖွဲ့)
ကျွန်တော်တို့အဖွဲ့မှာ စုစုပေါင်း ၄၅ ဦးနဲ့ ဖွဲ့စည်း ထားပါတယ်။ ထားဝယ်ရိုးရာယဉ်ကျေးမှု အကတွေကို ပေါင်းစပ်ပြီးတော့ ထားဝယ်မြေက ဖိတ်ခေါ်သံဆိုတဲ့ တေးသီချင်းနဲ့ ဖျော်ဖြေတင်ဆက်မှာပါ။ မတူကွဲပြားတဲ့ အရာအားလုံးပါဝင်ဆောင်ရွက်ခြင်းသည် ပြည်ထောင်စု စိတ်ဓာတ်ဆိုတဲ့အရာကို ဖြစ်တည်စေပါတယ်။ မတူကွဲပြား တဲ့ ပေါင်းစည်းဆောင်ရွက်မှုကနေ ပြည်ထောင်စုဆိုတဲ့ စည်းလုံးမှုအပိုင်းကို သွားမယ်ဆိုရင် ငြိမ်းချမ်းတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်ပေါ်လာမှာပါ။ ဒါကြောင့် ညီအစ်ကို မောင်နှမများ သွေးချင်းများပီပီ အားလုံး စုပေါင်းပြီးတော့ ကျရာကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးကြ ပါလို့ မေတ္တာရပ်ခံရင်း ငြိမ်းချမ်းသော ပြည်ထောင်စုကြီးဆီသို့ လှမ်းချီကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။
မခိုင်သဇင်ထွန်း (မွန်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့)
ကျွန်မက မွန်ယဉ်ကျေးမှုအဖွဲ့နဲ့အတူ နှစ်ကြိမ်ပါဝင် ပြီး ဖျော်ဖြေဖူးပါတယ်။ နေပြည်တော်လို သာယာလှပတဲ့ အစိုးရရုံးစိုက်တဲ့မြို့ကို လာရောက်ပြီး ရိုးရာယဉ်ကျေးမှု ကို ဖော်ထုတ်ပြသခွင့်ရတာ ဂုဏ်ယူစရာပါ။ ဒီမှာလည်း ပြည်ထောင်စုအတွင်းက တိုင်းရင်းသားပေါင်းစုံ တွေ့ဆုံခွင့် ရတယ်။ ယဉ်ကျေးမှုတွေ ဖလှယ်ခွင့်ရတယ်။ အချင်းချင်း နှုတ်ဆက်ခွင့်နဲ့ သိရှိခွင့်ရတာလည်း ဘာနဲ့မှမလဲနိုင်တဲ့ အတွေ့အကြုံသစ်တွေဖြစ်ပါတယ်။
မောင်မာရ်ကုအောင်ငံ(ကယောယဉ်ကျေးမှုအဖွဲ့)
ကျွန်တော်တို့အဖွဲ့မှာ မိန်းကလေး ၂၀ နဲ့ ယောင်္ကျား လေး ၂၀ စုစုပေါင်း ၄၀ ပါပါတယ်။ ကယားမျိုးနွယ်စု ကိုးစု ထဲက ကယောယဉ်ကျေးမှုအကနဲ့ ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါ တယ်။ အခုလိုပြည်ထောင်စုနေ့မှာ ပါဝင်ဖျော်ဖြေခွင့်ရတာ ပထမဆုံးအကြိမ်ပါ။ ဒေသအသီးသီးက တိုင်းရင်းသားတွေ ဆုံဖို့ဆိုတာ မလွယ်ကူပါဘူး။ အခုလိုမျိုး တစ်နေရာတည်းမှာ တွေ့ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာရပါတယ်။ ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ရိုးရာဂုဏ်ကို ဖော်ဆောင် ခွင့်ရတဲ့အတွက်လည်း ပီတိဖြစ်ရသလို ဂုဏ်လည်းယူပါ တယ်။ ပြည်ထောင်စုဆိုတာက မတူညီကွဲပြားတဲ့နေရာ အသီးသီးကနေ စုပေါင်းနေထိုင်နိုင်တာကို ပြည်ထောင်စု စိတ်ဓာတ်လို့ ခံယူပါတယ်။ စာနာထောက်ထားမှု၊ တစ်ဦး အပေါ်တစ်ဦး ချစ်ခြင်းမေတ္တာတွေနဲ့ ခွဲခြားဆက်ဆံတာတွေ မရှိရင် ပြည်ထောင်စုကြီး အမြန်ဆုံးငြိမ်းချမ်းရေးရမယ် ထင်ပါတယ်။
 
သတင်း - ဟန်လင်းနိုင်၊ ဟိန်းမင်းစိုး
ဓာတ်ပုံ - ထန်းဖုန်