
မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုစစ်တမ်း အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနား ကျင်းပ
========================================================
နေပြည်တော် ဖေဖော်ဝါရီ ၅
၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်း အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
စတင်ဆောင်ရွက်ခဲ့
အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာသည် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးတို့ ပူးပေါင်း တိုင်းတာ၍ ရရှိခဲ့သည့် ၂၀၁၉ ခုနှစ် ဘိန်းစိုက်ပျိုးထုတ်လုပ် မှု စစ်တမ်းကောက်ယူခြင်း ရလဒ်များကို တင်ပြသည့် အစီရင်ခံစာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ် လုပ်မှု စစ်တမ်းနှင့် ဘိန်းစိုက်ပျိုးရာဒေသရှိ ပြည်သူများ၏ လူမှုစီးပွားစစ်တမ်း ကောက်ယူခြင်းလုပ်ငန်းများကို၂၀၀၁ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၏ တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သည် ၂၀၁၄ ခုနှစ်မှစတင်၍ ယခုနှစ်အထိ ပြန်လည်ကျဆင်း ခဲ့ပါကြောင်း၊၂၀၁၇ ခုနှစ်တွင် ဟက်တာ ၄၁၀၀၀၊ ၂၀၁၈ ခုနှစ် တွင် ဟက်တာ ၃၇၃၀၀ နှင့် ၂၀၁၉ ခုနှစ်တွင် ဟက်တာ ၃၃၁၀၀ အထိ နှစ်အလိုက် ဘိန်းစိုက်ပျိုးမှုများ ကျဆင်းလာ ခဲ့ပါကြောင်း၊၂၀၁၈ ခုနှစ် ဘိန်းစိုက်ပျိုးမှုနှင့် ၂၀၁၉ ခုနှစ် ဘိန်းစိုက်ပျိုးမှုကို နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါကြောင်း၊ ဘိန်းစိုက်ပျိုးမှုလျော့ကျသကဲ့သို့ ဘိန်းထုတ်လုပ်မှုလည်း ဆက်လက်လျော့ကျခဲ့ပြီး၂၀၁၇ ခုနှစ် တွင် ၅၅၀ မက်ထရစ်တန်၊ ၂၀၁၈ ခုနှစ်တွင် ၅၂၀ မက်ထရစ် တန်နှင့်၂၀၁၉ ခုနှစ်တွင် ၅၀၈ မက်ထရစ်တန်အထိ ထုတ်လုပ်မှု ကျဆင်းခဲ့ပါကြောင်း၊ အထူးသဖြင့် ယခင်က မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် ကမ္ဘာပေါ်တွင် ဒုတိယအဆင့်ရှိခဲ့ရာမှ ယခုကာလတွင် တတိယအဆင့်သို့ လျော့ကျ ရောက်ရှိသွားပြီဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ကမ္ဘာ့ မူးယစ်ဆေးဝါး အစီရင်ခံစာအရ မြန်မာပြည်သူများသို့ အသိပေးလိုပါကြောင်း။
အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
ဘိန်းစိုက်ပျိုးမှုကို လမ်းပန်းဆက်သွယ်မှုခက်ခဲသောတောင်တန်းဒေသများဖြစ်သည့် ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးသည်ကို တွေ့ရှိရပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဘိန်းစိုက်ပျိုးသည့် ဒေသများတွင် ဘိန်းစိုက်ပျိုးမှုများ လျော့နည်းပပျောက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် ကွပ်ကဲမှုအောက်ရှိ အစားထိုး ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့က ဘိန်း စိုက်ပျိုးရာဒေသများအတွင်း လမ်းတံတားတည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ရေနှင့်စွမ်းအင်ရရှိရေးနှင့် ဘာသာရေးဆိုင်ရာ အဆောက် အဦများ တည်ဆောက်ပေးခြင်းလုပ်ငန်းများကို နှစ်အလိုက် ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံ၍ ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့ နယ် နောင်တရားဒေသတွင်လည်း အစားထိုးဖွံ့ဖြိုးရေး အထူး စီမံကိန်း Pilot Project အဖြစ်သတ်မှတ်၍ နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့်ပူးပေါင်းပြီး ရေရှည်တည်တံ့သည့် အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင် များကို ဖိတ်ခေါ်၍ ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘိန်းစိုက်ပျိုးရာ ဒေသများရှိ ဒေသခံတောင်သူများ အမှန်တကယ်အကျိုး ဖြစ်ထွန်းစေမည့် အစားထိုးသီးနှံစိုက်ပျိုးခြင်းနှင့် မွေးမြူရေး လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ပေးခြင်းအပြင်ဈေးကွက်ရရှိရေးနှင့် အခြားဝင်ငွေရလုပ်ငန်းများ ဖော်ဆောင် ပေးခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Troels Vester က အမှာစကားပြောကြားပြီး အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာရုံး ဌာနေကိုယ်စားလှယ် Mr. Jeremy Douglas က အစီရင်ခံစာပါ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟို အဖွဲ့မှ တာဝန်ရှိသူများနှင့် UNODC ရုံးမှ ကိုယ်စားလှယ်တို့က တက်ရောက်လာကြသည့် သတင်းမီဒီယာများ၏ မေးမြန်း ချက်များကို ရှင်းလင်းဖြေကြားကြသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးစိုးအောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံး တာဝန်ရှိသူများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ အရာရှိကြီးများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာရုံး (United Nations Office on Drugs and Crime)နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
သတင်းစဉ်