ကိုဗစ် - ၁၉  နဲ့  တိုကျိုအိုလံပစ်

Type
ooo

 

 

တက္ကသိုလ် မောင်ရူပ

 

ဂျပန်နိုင်ငံမှာ တိုကျိုမြို့အပါအဝင် မြို့ကြီးအချို့မှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ်အခြေအနေ (State of Emergency) ကို စတုတ္ထအကြိမ်မြောက် ထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်း ဂျပန်အစိုးရက ဇူလိုင်လ ၈ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီထုတ်ပြန်ကြေညာချက်ဟာ တတိယအကြိမ် အရေးပေါ်အခြေအနေကြေညာထားရှိမှုကို ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး ၁၈ ရက်ပြည့်မြောက်တဲ့နေ့မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တိုကျိုမြို့တော်မှာ ပြန်လည်မြင့်တက်လာခဲ့တဲ့အတွက် တိုကျိုမြို့ကို စတုတ္ထအကြိမ်မြောက် အရေးပေါ်အခြေအနေ ပြန်လည်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အခုသတ်မှတ်လိုက်တဲ့ အရေးပေါ်အခြေအနေဟာ ဇူလိုင်လ ၁၂ ရက်နေ့က စတင်အသက်ဝင်မှာဖြစ်ပြီး ဩဂုတ်လ ၂၂ ရက်နေ့အထိ အကျုံးဝင်မှာဖြစ်ကြောင်း ဖော်ပြထားတဲ့အတွက် ဇူလိုင်လ ၂၃ ရက်နေ့ကနေ ဩဂုတ်လ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် တိုကျိုအိုလံပစ်အားကစားပွဲတော်ဟာ အရေးပေါ်အခြေ အနေအောက်မှာသာ ကျင်းပရတော့မှာ ဖြစ်ပါတယ်။ 
ဇူလိုင်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဂျပန်အစိုးရ အဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုဗစ်-၁၉ ထိန်းချုပ် ရေးနဲ့ စီးပွားရေးပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ကြီး Yasutoshi Nishimura က  တိုကျိုမြို့တော်နဲ့ အခြားမြို့အချို့မှာ ကိုဗစ်-၁၉  ကူးစက်မှုနှုန်းထား ပြန်လည်မြင့်တက်လာခဲ့ရာမှာ  တိုကျိုမြို့တွင် တစ်ရက်တည်းကူးစက်မှုမှာ   ၉၂၀ ကျော်အထိ ရှိလာခဲ့ကြောင်း၊   ဒါကြောင့်  တိုကျိုမြို့တော်ကို အရေးပေါ်အခြေအနေ ပြန်လည်ကြေညာရခြင်း ဖြစ်ကြောင်း၊ ယခင်အရေးပေါ်အခြေအနေကြေညာ ထားပြီး ပြန်လည်မရုပ်သိမ်းသေးတဲ့ အိုဆာကာမြို့၊ အိုကီနာဝါပြည်နယ်၊ တိုကျိုမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့   ချိဘား၊ ကာနာဂါဝါနှင့်   ဆိုက်တမ ခရိုင်တွေမှာလည်း  အရေးပေါ်အခြေအနေတွေကို ဆက်လက်သက်တမ်းတိုးသွားမှာ    ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။    ဒါပေမယ့်      ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်ရေး အခြေအနေတွေ သိသိ သာသာ တိုးတက်ကောင်းမွန်လာတဲ့    အိုင်အိချိ၊   ဖူကူအိုကာ၊  ဟော့ကိုင်းဒိုး၊  ဟယိုဂိုနှင့်  ကျိုတိုခရိုင် တွေမှာတော့    အရေးပေါ်အခြေအနေကြေညာ ထားရှိမှုကို ရုပ်သိမ်းသွားမှာဖြစ်ပါတယ်။ အခုထပ်မံ ကြေညာလိုက်တဲ့ အရေးပေါ်အခြေအနေကို ရိုးရာ ဘွန်ပွဲတော် (Bon Festival) ကာလနဲ့  လာမယ့် နွေရာသီ အားလပ်ရက်တွေပါ အကျုံးဝင်သွားစေဖို့ ဩဂုတ်လ ၂၂  ရက်နေ့အထိ   သတ်မှတ်ခဲ့တာဖြစ် ကြောင်း၊ ဒီလိုမဆောင်ရွက်ခဲ့ရင် မြို့ကြီးတွေကနေ ကျေးလက်ခရိုင်တွေအထိ ကိုဗစ်-၁၉ ကူးစက်မှုတွေ ပျံ့နှံ့သွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ 
 အိုလံပစ်ပွဲတော်  မကျင်းပဖို့ကန့်ကွက်
ဒါကြောင့်    အရေးပေါ်အခြေအနေသတ်မှတ် ထားရှိတဲ့ အခြေအနေအောက်ကနေ အိုလံပစ်ပြိုင်ပွဲ ကြီးကို ကျင်းပရတာဟာ ဂျပန်အစိုးရအဖွဲ့အတွက် စိတ်ရှုပ်ထွေး ခေါင်းခဲစရာ ကိစ္စကြီးတစ်ရပ် ဖြစ်ပါ တယ်။ ဂျပန်ပြည်သူအချို့ကလည်း အိုလံပစ်ပြိုင်ပွဲ ကျင်းပရင် နိုင်ငံတကာက အရေအတွက် သိန်းနဲ့ချီ တဲ့   အားကစားသမားတွေ၊   ကိုယ်စားလှယ်တွေ ဂျပန်နိုင်ငံကို   လာရောက်တဲ့အခါ   ကိုဗစ်-၁၉ ကူးစက်မှုတွေ ပိုမိုများပြားလာနိုင်သလို အားကစား စခန်းတွေ၊ ပြိုင်ပွဲတွေကနေတစ်ဆင့် ကူးစက်မှုတွေ လည်း   ပြန့်ပွားနိုင်တာကြောင့် စိတ်ပူပန်မှုတွေ ရှိနေပြီး အိုလံပစ်ပွဲတော်ဟာ ကိုဗစ်-၁၉ ပိုး အကြီး အကျယ် ပြန့်ပွားရာဖြစ်စဉ်ကြီး (super spreader events) ဖြစ်သွားနိုင်ကြောင်းလည်း  ထောက်ပြ ကြပါတယ်။ ဒါကြောင့် အိုလံပစ်ပွဲတော်ကို  ထပ်မံ ရွှေ့ဆိုင်းဖို့   ဒါမှမဟုတ်ရင်   လုံးဝမကျင်းပတော့ဖို့ အထိ     ကန့်ကွက်မှုတွေလည်း    ရှိနေပါတယ်။  အဆာဟိရှင်ဘွန်း သတင်းဌာနက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဂျပန်ပြည်သူလူထု ၈၃ ရာခိုင်နှုန်းက အိုလံပစ်ပွဲတော် ကျင်းပရေးကို မနှစ်မြို့ကြောင်း ပြသခဲ့ပါတယ်။ ဆန္ဒပြုသူ ၄၀ ရာခိုင်နှုန်းက အိုလံပစ် ပွဲတော်ကို ရွှေ့ဆိုင်းစေလိုပြီး ၄၃ ရာခိုင်နှုန်းကတော့ လုံးဝမကျင်းပဖို့  လိုလားကြောင်း   ဖြေကြားခဲ့ကြ ပါတယ်။
တိုကျိုအိုလံပစ်ပွဲတော်ကို မူလက ၂၀၂၀ ပြည့်နှစ် အတွင်းမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့်  ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့်ပဲ ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်း ထားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် တိုကျိုမြို့တော် ဟာ အရေးပေါ်အခြေအနေအောက်မှာ ရှိနေပေမယ့် တိုကျိုအိုလံပစ်အားကစားပွဲတော်ဟာ နောက်ထပ် ရွှေ့ဆိုင်းဖို့ အခြေအနေမရှိတော့ဘူးလို့  ပြောနိုင် ပါတယ်။   ၂၀၂၂ ခုနှစ်၊   ဖေဖော်ဝါရီလမှာဆိုရင်  ဆောင်းရာသီ  အိုလံပစ်အားကစားပြိုင်ပွဲတွေကို တရုတ်နိုင်ငံက လက်ခံကျင်းပသွားဖို့လည်း ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အိုလံပစ်ပြိုင်ပွဲတွေကျင်းပ ရေးဟာ အိမ်ရှင်နိုင်ငံအစိုးရတစ်ခုတည်းရဲ့ ဆုံးဖြတ် ချက်နဲ့လည်း မပြီးစီးနိုင်ဘဲ   နိုင်ငံတကာအိုလံပစ် ကော်မတီ (International Olympic Committee) လို   ပြင်ပနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့   အခန်း ကဏ္ဍတွေလည်း ပါဝင်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဂျပန်အစိုးရအနေနဲ့ကတော့ အိုလံပစ်ပွဲတော်တွေ အောင်မြင်စွာ ကျင်းပပြီးစီးသွားနိုင်ဖို့  မျှော်မှန်း ထားရှိတာကြောင့် အိုလံပစ်အားကစားပြိုင်ပွဲတွေကို အရေးပေါ်အခြေအနေ ကာလအောက်ကပဲ ကျင်းပ သွားရတော့မှာ ဖြစ်ပါတယ်။ ဒီလို ကျင်းပရတာ ကြောင့်      အိုလံပစ်အားကစားပြိုင်ပွဲအချို့ဟာ ပွဲကြည့်ပရိသတ်မရှိဘဲ တံခါးပိတ်ကျင်းပတဲ့ပွဲစဉ် (closed door events) တွေ   ရှိလာမှာဖြစ်သလို တချို့အားကစားပြိုင်ပွဲတွေအတွက် တက်ရောက် နိုင်မယ့် ပွဲကြည့်ပရိသတ်ရဲ့ ၅၀ ရာခိုင်နှုန်း အထိသာ လက်ခံနိုင်မယ့်အနေအထားမှာ     ရှိလာမှာဖြစ် ပါတယ်။   
တကယ်ဆိုရင်   ဂျပန်နိုင်ငံက   ၂၀၂၀ တိုကျို အိုလံပစ်ပွဲတော်ကြီးကို  လက်ခံကျင်းပဖို့    စတင် ကြိုးစားခဲ့စဉ်က   အားကစားပြိုင်ပွဲတွေ   လက်ခံ ကျင်းပရုံသက်သက် ရည်မှန်းချက်ထက် အများကြီး ပိုပါတယ်။     အဲဒီအချိန်တုန်းက    ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အိုလံပစ်ကနေ ကမ္ဘာကိုချပြချင်တဲ့ အဓိကသတင်းစကားတွေကတော့   ဂျပန်နိုင်ငံရဲ့ ဧည့်ဝတ်ကျေပွန်မှု (hospitality) ကို ပြသဖို့နဲ့ ဂျပန် နိုင်ငံဟာ အခက်အခဲတွေကြားကနေ   ပြန်လည် နိုးထလာပြီ (Japan is back) ဆိုတာတွေပဲ ဖြစ်ပါ တယ်။  ဒါကြောင့် ၂၀၂၀ ပြည့်နှစ်က   ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးကနေ နုတ်ထွက်သွားပေမယ့် လက်ရှိဝန်ကြီးချုပ်   ယိုရှီဟီဒေ ဆူဂဟာ   တိုကျို အိုလံပစ်ပွဲတော်ကြီး   အောင်မြင်စွာကျင်းပနိုင်ဖို့ ဆက်လက်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်အစိုးရဟာ    တိုကျိုအိုလံပစ်နဲ့    မသန်စွမ်း အားကစားပြိုင်ပွဲတွေ  ကျင်းပဖို့အတွက် ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံလောက်ကို ကျခံသုံးစွဲထားပြီး ဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍက ရင်းနှီးမြှုပ်နှံထားမှု ကလည်း ဒေါ်လာ ၃ ဘီလီယံ လောက်ရှိပါတယ်။ ဂျပန်နိုင်ငံဟာ အိုလံပစ်အားကစားပြိုင်ပွဲကြီးကို ၁၉၆၄ ခုနှစ်ကလို အောင်မြင်စွာကျင်းပသွားနိုင်ဖို့အတွက် အစိုးရအပိုင်းမှာရော၊ ပုဂ္ဂလိကကဏ္ဍကပါ အရင်းအမြစ်    ကြွယ်ဝတဲ့နိုင်ငံ     ဖြစ်ပါတယ်။ သို့သော်လည်း ဂျပန်နိုင်ငံ လက်ရှိရင်ဆိုင်ကြုံတွေ့ နေရတဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေတွေဟာ အိုလံပစ်ပြိုင်ပွဲ ကျင်းပရေး/ မကျင်းပရေးကိစ္စတွေ အတွက် အခြေခံအကျဆုံးပြဿနာ ဖြစ်နေပါတယ်။
နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန်ကြိုးပမ်း
ဒါ့အပြင် ဂျပန်အစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရေး ကြိုးပမ်းမှုဟာလည်း နှောင့်နှေးမှုတွေ ရှိနေတယ်လို့  ဝေဖန်ခံနေရပါတယ်။  ဒါဟာလည်း ဂျပန်အစိုးရရဲ့  တင်းကျပ်တဲ့ ပြည်တွင်းလုပ်ထုံး လုပ်နည်းတွေကြောင့်ရယ်၊ နိုင်ငံတကာမှာစမ်းသပ် ပြီး အတည်ပြုထားတဲ့ Pfizer လို ဆေးမျိုးကိုတောင် ပြည်တွင်းမှာ စမ်းသပ်မှုတွေ ထပ်မံပြုလုပ်ပြီးမှ အတည်ပြုတဲ့  လုပ်ငန်းစဉ်တွေ၊   ကာကွယ်ဆေး ထုတ်လုပ်ရောင်းချတဲ့   ကုမ္ပဏီတွေနဲ့   ညှိနှိုင်း ဆွေးနွေးမှုတွေမှာ   မပြီးပြတ်နိုင်တဲ့  အချက်တွေ ကြောင့် ဖြစ်ပါတယ်။   အခုဆိုရင်   ဖေဖော်ဝါရီလ လလယ်ပိုင်းလောက်ကစပြီး    နိုင်ငံတစ်ဝန်းမှာ ကာကွယ်ဆေးထိုးနှံပေးမှုတွေ    ချမှတ်ထားတဲ့ လုပ်ငန်းစဉ်နဲ့အညီ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဇူလိုင်လ ၇ ရက်နေ့အထိ စာရင်းအရ ဂျပန်နိုင်ငံမှာ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူ အရေအတွက် က ၃၆ သန်းရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးသူအရေအတွက်က   ၂၁ သန်းရှိနေပြီ ဖြစ်ပါတယ်။ ဂျပန်အစိုးရအနေနဲ့ ဒီနှစ်ကုန်ပိုင်းခန့် မှာ ၁၂၆ သန်းအရေအတွက်ရှိတဲ့   ပြည်သူတွေ အကုန်လုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးဖို့ ဆောင်ရွက်သွားမယ်လို့     ပြောကြားထားသလို အိုလံပစ်အားကစားပွဲကြီးကိုလည်း လုံခြုံစိတ်ချစွာ ကျင်းပသွားနိုင်ရေးအတွက် ပြည်ဝင်ခွင့်စည်းမျဉ်းစည်းကမ်းများ      ပိုမိုတင်းကျပ်ခြင်းအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒေ ဆူဂက ကတိပြုခဲ့ပါတယ်။
ဝန်ကြီးချုပ်ရဲ့ ကတိကဝတ်ပြုမှုအပေါ် အချို့ သော ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းရှင်ကြီးတွေက သံသယရှိနေတာကိုလည်း         တွေ့ရပါတယ်။ SoftBank ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Masayoshi Son က သူ့ရဲ့ Twitter မှာ အိုလံပစ်အားကစားပြိုင်ပွဲ ကြီးကို မကျင်းပဖြစ်ရင် ဂျပန်အစိုးရအပေါ် ကြီးလေး တဲ့ ဒဏ်ကြေးတွေချမှတ်ဖို့   နိုင်ငံတကာ  အိုလံပစ် ကော်မတီ   (International Olympic Committee)   ရဲ့   ခြိမ်းခြောက်မှုအပေါ်   ဝေဖန် ရေးသားခဲ့ပါတယ်။  အိုလံပစ်အားကစားပြိုင်ပွဲ        ကျင်းပပြုလုပ်လို့ နိုင်ငံပေါင်း ၂၀၀ ကျော်က   အားကစားသမားနဲ့ ကိုယ်စားလှယ်တွေ   စုစုပေါင်း  လူ ၁  သိန်းကျော်

ဂျပန်နိုင်ငံကို   ဝင်ရောက်လာပြီး  ကူးစက်မှုနှုန်း မြန်ဆန်တဲ့    ကိုဗစ်-၁၉   မျိုးကွဲဗိုင်းရပ်စ်တွေသာ ပျံ့နှံ့ခဲ့မယ်ဆိုရင်   ဂျပန်နိုင်ငံဟာ   အကြီးအကျယ် ဆုံးရှုံးမှုတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ရေးသား ခဲ့ပါတယ်။ ဒီပြောဆိုမှုကို ဂျပန်နိုင်ငံရဲ့ အွန်လိုင်း ကနေ ကုန်ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Rakuten ရဲ့ ဥက္ကဋ္ဌ Hiroshi Mikitani ကလည်း ထောက်ခံခဲ့ပြီး  အိုလံပစ်ပွဲတွေ ကျင်းပသွားဖို့ ဂျပန် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။ ဒီအချက် တွေကိုကြည့်ရင် အိုလံပစ်ပွဲတော်ကျင်းပဖို့ ငွေကြေး အရ   ပါဝင်အထောက်အကူပေးခဲ့ကြတဲ့  ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတွေကတောင်   အိုလံပစ်ပွဲတွေ ရွှေ့ဆိုင်းရေးကို လိုလားကြတာ တွေ့မြင်နိုင်ပါတယ်။
နိုင်ငံအတွင်း ဝင်ရောက်ခွင့်တင်းကျပ်
ဘယ်လိုပဲဖြစ်ဖြစ်         ဂျပန်အစိုးရအနေနဲ့ အားကစားပွဲတွေ ဆက်လက်ကျင်းပသွားဖို့ ဆုံးဖြတ် ပြီးဖြစ်တဲ့အတွက် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ကြိုတင်ခန့်မှန်းမှုတွေလည်း ထွက်ပေါ်လာပါတယ်။ အားကစားပြိုင်ပွဲတွေ ကျင်းပပြုလုပ်မယ့် မြို့တွေ အနက်   တိုကျိုနဲ့  အိုဆာကာလိုမြို့ကြီးတွေမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေဟာ လက်ရှိအချိန်မှာကို ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့တစ်ရက်တည်းမှာ တိုကျို မြို့တော်မှာ ကိုဗစ်-၁၉   ကူးစက်ခံရသူဦးရေ    ၉၅၀ ရှိခဲ့ပြီး ဂျပန်တစ်နိုင်ငံလုံးမှာ   ၂၂၇၈ ဦး   ရှိခဲ့ပါတယ်။ မြို့ကြီးတွေမှာ   ကိုဗစ်-၁၉   ကူးစက်သူတွေကို ကုသပေးဖို့   ကျန်းမာရေးစောင့်ရှောက်မှုစင်တာ၊ ခုတင်အရေအတွက် စတဲ့အပိုင်းတွေမှာ ကန့်သတ် ချက်အချို့ရှိနေသလို အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိ ခဲ့ပြီး ကူးစက်ပြန့်ပွားမှုနှုန်း မြန်ဆန်တဲ့ ဒယ်လ်တာ အမျိုးအစား   မျိုးကွဲဗိုင်းရပ်စ်   (delta variant) ပိုမိုပြန့်ပွားလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါ တယ်။ အခုဆိုရင် ဂျပန်နိုင်ငံဟာ ဒယ်လ်တာအမျိုး အစား မျိုးကွဲဗိုင်းရပ်စ် ကူးစက်မှုရှိနေတဲ့နိုင်ငံတွေက ဝင်ရောက်လာမယ့်သူတွေကို         နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို အလွန်အမင်း   တင်းကျပ်ထားရှိ ပါတယ်။ 
တစ်ဖက်မှာလည်း   အားကစားပြိုင်ပွဲတွေကို ကျင်းပမယ့်နေရာမှာ ဗိုင်းရပ်စ်ကူးစက်မှု အခြေ အနေအလိုက် ပွဲကြည့်ပရိသတ်တွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်သွားဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။  တိုကျို အိုလံပစ်အားကစားပြိုင်ပွဲမှာ အားကစားအမျိုး အစားပေါင်း ၃၃ မျိုးနဲ့   ပွဲစဉ်ပေါင်း  ၃၀၀ ကျော် ကျင်းပသွားဖို့ ရှိပါတယ်။  အိုလံပစ်အားကစားပွဲ တွေကို ပြည်ပနိုင်ငံတွေကနေ လာရောက်ကြည့်ရှု ကြမယ့်   နိုင်ငံခြားသားပရိသတ်တွေကို   ဂျပန် အစိုးရက ပိတ်ပင်ထားရှိပြီး ဖြစ်ပါတယ်။ ပြည်တွင်း က ပွဲကြည့်ပရိသတ်တွေကိုသာ အကန့်အသတ်နဲ့ ခွင့်ပြုသွားမှာ  ဖြစ်ပါတယ်။   ဂျပန်တစ်နိုင်ငံလုံးမှာ အိုလံပစ်အားကစားပြိုင်ပွဲ      ကျင်းပမယ့်နေရာ ၄၂ နေရာအနက် ၃၃ နေရာမှာ ပွဲကြည့်ပရိသတ်တွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ ပွဲကြည့်ပရိသတ်  ခွင့်ပြုမယ့်နေရာတွေမှာတောင် ပရိသတ်ဝင်ဆံ့ နိုင်မှုပမာဏရဲ့ ထက်ဝက် သို့မဟုတ် ပရိသတ်ဦးရေ ၅၀၀၀ အထိ   ကန့်သတ်သွားမှာ   ဖြစ်ပါတယ်။ ဒီအချက်တွေကိုကြည့်ရင်       ဂျပန်အစိုးရဟာ အိုလံပစ်ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပသွားနိုင်ဖို့  ကြိုးပမ်းစီစဉ်ဆောင်ရွက်နေတဲ့ အနေအထားကို တွေ့မြင်နိုင်ပါတယ်။ 
ကာကွယ်ဆေးထိုးမှုလုပ်ငန်းစဉ်  အရှိန်မြှင့်
အိုလံပစ်ပွဲတော်   အောင်မြင်စွာ  ကျင်းပနိုင် ခြင်းဟာ နိုင်ငံရေးနဲ့လည်း ဆက်နွှယ်နေပါတယ်။ လာမယ့်အောက်တိုဘာလမှာ       ဂျပန်နိုင်ငံရဲ့    အောက်လွှတ်တော်  ရွေးကောက်ပွဲတွေ   ကျင်းပ ပြုလုပ်ဖို့    ရှိနေပါတယ်။    ဒီရွေးကောက်ပွဲမှာ လက်ရှိအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (Liberal Democratic Party-LDP) နဲ့ မဟာမိတ် ကိုမေတိုပါတီ (Komeito Party) တို့အနေနဲ့ အခက်အခဲတွေအများကြီး ရင်ဆိုင်ရဖို့ရှိပါတယ်။ လက်ရှိ  ဝန်ကြီးချုပ်   ယိုရှီဟီဒေ ဆူဂ အနေနဲ့ လူထုထောက်ခံမှုနှုန်းထား ၃၃ ရာခိုင်နှုန်းပဲ ရှိနေတဲ့ အတွက် အတိုက်အခံ Constitutional Democratic Party of Japan အနေနဲ့ LDP ပါတီ လွှတ်တော် အတွင်းမှာ   အမတ်နေရာအများစု  မရရှိအောင် ဆောင်ရွက်သွားနိုင်မယ့် အနေအထားမှာ ရှိလာနိုင် ပါတယ်။ ဒါကြောင့် အိုလံပစ်အားကစားပြိုင်ပွဲကြီး အောင်မြင်စွာ   ကျင်းပသွားနိုင်ရေးနဲ့  ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေးအတွက်   ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်တွေ အရှိန်မြှင့်နိုင်ရေးဟာ ဝန်ကြီးချုပ် ဆူဂ ရဲ့ပုံရိပ်ကို မြှင့်တင်နိုင်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။
၄-နှစ် တစ်ကြိမ်      ကျင်းပပြုလုပ်လေ့ရှိတဲ့ အိုလံပစ်အားကစားပြိုင်ပွဲကြီးတွေဟာ များပြားလှ တဲ့   အဓိပ္ပာယ်တွေကို   ဖော်ဆောင်နေပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက  အားကစားသမားတွေဟာ ကဏ္ဍအမျိုးမျိုးသော   အားကစားပြိုင်ပွဲတွေမှာ အားကစားဆိုင်ရာ တန်ဖိုးတွေ၊ စံနှုန်းစံထားတွေ အပေါ် အခြေခံဝင်ရောက်ယှဉ်ပြိုင်ကြရင်း အခက် အခဲတွေကို   ကျော်လွှားနိုင်မှု၊   တစ်ဦးနဲ့တစ်ဦး နားလည်မှု၊ သည်းခံခွင့်လွှတ်မှု၊ ချစ်ကြည်ရင်းနှီးမှု တွေကို ဖော်ဆောင်မှုကနေတစ်ဆင့် ကမ္ဘာကြီးရဲ့ တည်ငြိမ်အေးချမ်းမှု       ထိန်းသိမ်းနိုင်ရေးကို အထောက်အကူပြုနေတာ   ဖြစ်ပါတယ်။   အခု ကျင်းပမယ့် တိုကျိုအိုလံပစ်ဟာဆိုရင် သမိုင်းမှာ မကြုံစဖူး ကြီးမားတဲ့ ကိုဗစ်-၁၉ ကူးစက်မှု အခက် အခဲကြားကနေ ကျင်းပပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို ကြံ့ကြံ့ခံပြီး အောင်မြင်စွာကျင်းပသွားမယ် လို့   ဆုံးဖြတ်ခဲ့တဲ့   ဂျပန်အစိုးရရဲ့   ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားရမှာ ဖြစ်ပါတယ်။          ဂျပန်အစိုးရအနေနဲ့ အိုလံပစ်အားကစားပြိုင်ပွဲတွေ အောင်မြင်စွာ  ကျင်းပနိုင်မယ်ဆိုရင်  သူ့ရဲ့မူလ ရည်မှန်းချက်တွေဖြစ်တဲ့  ဂျပန်နိုင်ငံရဲ့  ဧည့်ဝတ် ကျေပွန်မှု၊         နိုင်ငံပြန်လည်     နိုးထလာမှုအပြင်  ဗိုင်းရပ်စ်ပိုးအပေါ်   လူသားများရဲ့  အောင်မြင်မှု (Humanity’s triumph over the virus) တစ်ရပ် အဖြစ် နိုင်ငံတကာကို ပြသနိုင်မှာဖြစ်တာကြောင့် မိတ်ဆွေ ဂျပန်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်မှု ရရှိပါစေကြောင်း    အထူးဆုခြွေတောင်းလိုက်ပါ တယ်။
 ရည်ညွှန်း
    -    Here is why Tokyo is hosting the Summer Olympics despite Covid-19
        by Sheila A. Smith (Council on Foreign Relations)
    -    Japan’s news resources (Japan Times, Japan News, Kyodo News)