
မောင်ခင်မင်(ဓနုဖြူ)
“ဘဘ၊ သမီးသူငယ်ချင်းတွေက ဘဘဆီ လိုက်ပို့ပါပြောလို့ ခေါ်လာတာပါ”
“ဪ၊ လာကြ လာကြ။ သမီးသူငယ်ချင်း တွေဆိုတော့ ဘဘက ကြိုဆိုပါတယ်ကွယ်။ သားနဲ့ သမီးက ဘယ်မှာ အလုပ်လုပ်နေကြတာလဲ”
“ကျွန်တော်က ဂျာနယ်တိုက်မှာ လုပ်ပါတယ်။ စာကလေး ပေကလေး မတောက်တခေါက် ရေးပါ တယ် ဆရာကြီး”
“သမီးက မြန်မာစာဆရာမပါ။ စာရေးတာလဲ ဝါသနာပါပါတယ် ဆရာကြီး။ အခုတော့ သူ့လို မတောက်တခေါက်ပါပဲ”
“ကဲ... ဟုတ်ပါပြီ။ ဒီတော့ သမီးတို့ နှစ်ယောက် စလုံးမြန်မာစာပေသမားတွေပေါ့။ ဝမ်းသာပါတယ် ကွယ်။ သမီးတို့ ဘဘနဲ့ ဘာဆွေးနွေးချင်ကြတာ ပါလိမ့်”
“ ဒီလိုပါ ဆရာကြီး။ ကျွန်တော်တို့ စာပေတွေ ဖတ်တဲ့အခါ စာပေမှာသုံးတဲ့ ပညာရပ်ဝေါဟာရ အမျိုးမျိုးတွေ့ရပါတယ်။ ကဗျာတို့၊ ဝတ္ထုတို့လေ့လာ ရင် ကာရန်တို့၊ ဇာတ်ဆောင်တို့ဆိုတဲ့ ဝေါဟာရမျိုး တွေ တွေ့ရတာမျိုးပါ”
“ ဟုတ်ပါပြီ။ ဆက်ပြောပါအုံး”
“အဲဒီ ဝေါဟာရတွေကို ဖွင့်ဆိုတဲ့ စာပေ ဝေါဟာရအဘိဓာန်တွေ အင်္ဂလိပ်လိုတော့ အများ ကြီးတွေ့ပါတယ်။ မြန်မာလိုရေးထားတာ သိပ်မရှိ ဘူးထင်ပါတယ်။ အဲဒီလို ဝေါဟာရတွေကို ခြေခြေ မြစ်မြစ်သိချင်ပါတယ် ဆရာကြီး။ ဘယ်စာအုပ် တွေ လေ့လာရမယ်ဆိုတာ ကျွန်တော်တို့ကို လမ်းညွှန်ပေးဖို့ ဆရာကြီးကို တောင်းပန်ပါရစေ။ သူနဲ့ စကားစပ်မိရင်း အဲဒီအကြောင်းပြောမိကြ လို့ အခုဆရာကြီးဆီ ရောက်လာကြတာပါ”
“ဟုတ်ပါတယ် ဘဘ။ သူတို့က သမီးနဲ့ဘဘနဲ့ ရင်းနှီးတာသိလို့ သမီးကို အကူအညီတောင်းတာနဲ့ ခေါ်လာတာပါ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ သမီးက အကျိုးဆောင် ပုဂ္ဂိုလ်ပေါ့။ ခုနသားပြောသလို စာပေသုံးဝေါဟာရ တွေက ခြေခြေမြစ်မြစ်သိဖို့ လိုအပ်ပါတယ်။ ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ကို ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း သိလေလေ၊ စာပေလေ့လာရာ မှာ အထောက်အကူပြုလေပေါ့ကွယ်”
“ဟုတ်ကဲ့ပါ ဆရာကြီး”
“ဒီတော့ သားတို့သမီးတို့လဲ လေ့လာထားတာ တွေရှိမှာပါ။ အဲဒီအပေါ်မူတည်ပြီး နဂိုသိထားတာ ထက် ပိုပြီး သိစရာတွေရှိရင် ရှင်းရှင်းလင်းလင်း သိရအောင် ပြောကြဆိုကြတာပေါ့ကွယ်”
“သိပ်ကောင်းပါတယ် ဆရာကြီး”
“ဟုတ်ကဲ့ပါ ဘဘ”
“ကဲ... ဒီတော့ ခုသားတို့ သမီးတို့ ပြောတဲ့ကိစ္စ ကို လွှမ်းခြုံထားတဲ့ ဝေါဟာရတစ်ခုက စပြီးပြောကြ ရအောင်။ ‘စာပေ’ဆိုတဲ့ ဝေါဟာရလေ”
“ဟုတ်ကဲ့ပါ”
“ကဲ ... ပြောကြည့်ရအောင်။ ‘စာပေ’ ဆိုတဲ့ ဝေါဟာရကို ဘယ်လိုနားလည်ကြသလဲ”
“ဆရာကြီး၊ စာပေဆိုတာ ‘စာ’နဲ့‘ပေ’နဲ့ ပေါင်းစပ် ထားတဲ့ဝေါဟာရပါ။ ပေရွက်ပေါ်မှာရေးရလို့ ‘စာပေ’ လို့ ခေါ်တယ်လို့ မှတ်သားဖူးပါတယ်”
“စာပေဆိုတဲ့ ဝေါဟာရဖြစ်ပေါ်လာပုံက သမီး ပြောသလို ‘စာ’နဲ့‘ပေ’နဲ့ ပေါင်းပြီး ဖြစ်လာတာပဲ။ ရှေးက မြန်မာနိုင်ငံမှာ စက္ကူမပေါ်သေးတော့ ပေရွက် ပေါ်မှာကညစ်နဲ့ စာရေးရတယ်မဟုတ်လား။ ဒါကြောင့် ‘စာ’နဲ့‘ပေ’ က ဆက်စပ်နေတာပေါ့ကွယ်”
“ဆရာကြီး စာနဲ့ ပေတွဲပြီး ‘စာကြီးပေကြီး’၊ ‘စာကောင်းပေကောင်း’ဆိုတဲ့ အသုံးတွေလဲ ရှိတာ သမီးတို့ မှတ်သားဖူးပါတယ်”
“ဟုတ်တယ်။ ‘စာကောင်းပေမွန်’တို့၊ ‘စာတိုပေစ’ တို့ ဆိုတဲ့ အသုံးတွေလဲရှိတာပေါ့။ အဲဒီလို နီးစပ်တဲ့စကားချင်းတွဲသုံးတာမျိုး ရှိတယ်လေ။ ‘ဆေးဝါး’ ဆိုတာမျိုးပေါ့”
“ဘာဖြစ်လို့ ‘ဆေးဝါး’လို့ ခေါ်တာပါလဲ ဆရာကြီး”
“စဉ်းစားကြည့်ကြလေ”
“ဝါးစားရတဲ့ ဆေးမို့ ဆေးဝါးခေါ်တာထင်တယ်”
“ဟယ်၊ နင်ကလဲ- အဲဒီလို ဟုတ်မယ်မထင်ပါဘူး။ ဆေးရည်ဆိုရင် ဝါးစားလို့ ဘယ်ရမလဲ”
“ဒါဆိုရင်တော့ မစဉ်းစားတတ်တော့ပါဘူးဟယ်”
“ ‘စာပေ’လိုပဲပေါ့ သမီးတို့ရဲ့။ ရှေးက ဆေးဆရာ တွေက ဆေးတွေကို ဝါးဘူးထဲမှာ ထည့်လေ့ရှိကြ တယ်။ ဖန်ပုလင်းတွေ ဘာတွေ မပေါ်သေးဘူးလေ။ ဆေးနဲ့ဝါးဟာ နီးစပ်တာမို့ ‘ဆေးဝါး’ လို့ခေါ်တာ။ ‘စာပေ’ လဲ အဲဒီလိုပေါ့”
“ဟုတ်ကဲ့ပါ”
“ဝေါဟာရအနေနဲ့ကတော့ ဟုတ်ပါပြီ။ ‘စာပေ’ ဆိုတဲ့ အဲဒီဝေါဟာရရဲ့ အဓိပ္ပာယ်ကို ဘယ်လိုနားလည် ကြသလဲ”
“စာပေဆိုတာ ဖတ်ချင်စဖွယ်ကောင်းအောင် ရေးတဲ့စာမျိုးလို့ ထင်ပါတယ် ဆရာကြီး”
“စိတ်ကူးနဲ့ ဖန်တီးပြီးရေးတဲ့စာကို စာပေလို့ ခေါ်တယ်လို့ မှတ်ဖူးပါတယ် ဆရာကြီး”
“ဘဘ၊ စာဖတ်တဲ့သူရဲ့ စိတ်ထဲမှာ အရသာရှိ အောင် ရေးထားတဲ့စာကို စာပေလို့ ခေါ်တယ်လို့ မှတ်ဖူးပါတယ်”
“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ အခုပြောတာတွေဟာ မမှားပါဘူး။ စာပေဆိုတာ စာရေးသူက စိတ်ကူးနဲ့ ဖန်တီးပြီး ဖတ်ချင်စဖွယ်ဖြစ်အောင်၊ အရသာပေါ် အောင် ရေးထားတဲ့စာမျိုးပဲလို့ ဖွင့်ဆိုနိုင်တာပေါ့”
“ဟုတ်ကဲ့ပါ”
“ဒီနေရာမှာ စိတ်ကူးနဲ့ ဖန်တီးတယ်ဆိုတာကို ကွဲကွဲပြားပြား ရှိဖို့လိုတယ်။ အမှန်တကယ်ဖြစ်တဲ့ အဖြစ်အပျက်တစ်ခုကို ပြန်ရေးပြတာဟာ စိတ်ကူးနဲ့ ဖန်တီးတာမဟုတ်ဘူးနော်။ သတင်းစာဂျာနယ်တွေ ထဲက သတင်းတွေဟာ အဖြစ်မှန်တွေကို ရေးပြတာ ဆိုတော့ စိတ်ကူးနဲ့ ဖန်တီးတာမဟုတ်လို့ စာပေ မဟုတ်ဘူးပေါ့။ အဲ-ဝတ္ထုတစ်ပုဒ်ကိုရေးရင် စိတ်ကူး နဲ့ ဖန်တီးရေးရတယ် မဟုတ်လား။ အဲဒီမှာ ဘာပါ သလဲဆိုတော့ စာရေးသူတစ်ယောက်ဟာ ပတ်ဝန်း ကျင်မှာ သူမြင်ရ ကြားရကြုံတွေ့ရတဲ့ အတွေ့အကြုံ ကိုမူတည်ပြီး သူ့စိတ်ထဲမှာ ပေါ်ပေါက်လာတဲ့ ခံစားမှုတွေကြောင့် စိတ်ကူးဉာဏ်တွေ နိုးကြား လာပြီးတော့ ဝတ္ထုတစ်ပုဒ်၊ ကဗျာတစ်ပုဒ် ရေးလိုက် တယ်။ အဲဒီစာကို ဖတ်ရတဲ့အခါ စာဖတ်သူရဲ့ စိတ်ထဲမှာ နှစ်သက်စရာ အရသာပေါ်လာတယ်။ အဲဒီလို စာမျိုးကို စာပေလို့ခေါ်တယ်လို့ ဖွင့်ဆို ကြတယ်”
“ဆရာကြီး ဒါဆိုရင် စာပေမှာ ခံစားမှုတို့၊ စိတ်ကူးဉာဏ်တို့ အရေးကြီးတာပေါ့နော်”
“ဟုတ်တာပေါ့။ အဖြစ်အပျက်တစ်ခုကို သတင်းစာဆရာက တွေ့မြင်မှတ်သားပြီး ပြန်ရေး တာမျိုးကျတော့ စာရေးသူရဲ့ စိတ်ကူးဉာဏ်မပါဘူး လေ။ အဲဒီလိုစာမျိုးကတော့ သတင်းတို့ အသိပေး တဲ့ ဆောင်းပါးတို့ ဖြစ်မှာပေါ့။ အဲဒီစာမျိုးကို ဖတ်ရင်စာဖတ်သူက သိစရာမှတ်စရာ ဗဟုသုတ အချက်အလက်တွေရတာပေါ့။ ဝတ္ထုတို့၊ ကဗျာတို့ ဖတ်လို့စိတ်ထဲမှာဖြစ်လာတဲ့ နှစ်သက်စရာ ခံစားမှု မျိုးတော့မဟုတ်ဘူးပေါ့ကွယ်။ ဒီတော့ အဲဒီစာမျိုး ကို စာပေလို့ မခေါ်နိုင်ဘူးပေါ့”
“ဟုတ်ကဲ့ပါ”
“စိတ်ကူးဉာဏ်နဲ့ ခံစားမှုပါတဲ့ စာမျိုးကို ‘စာပေ’ လို့ သတ်မှတ်ကြတယ်။ အင်္ဂလိပ်ဝေါဟာရ နဲ့ဆိုရင် imaginative Literature လို့ခေါ်တယ်။ creative Literature လို့လဲ ခေါ်တယ်”
“သမီးတို့ သင်ဖူးပါတယ် ဆရာကြီး”
“တစ်ချိန်က အဲဒီဝေါဟာရတွေကို အမျိုးမျိုး ဘာသာပြန်ဖူးကြတယ်။ ‘စိတ်ကူးစာပေ’ တဲ့၊ ‘ဖန်တီးမှု စာပေ’တဲ့၊ ‘ဖန်တီးဆန်းသစ်မှုစာပေ’တဲ့။ ‘အနုစာပေ’ဆိုတဲ့ ဝေါဟာရပဲ တော်တော်တွင်ကျယ် ခဲ့တယ်”
“ပါမောက္ခ ဦးဧမောင်ပြုစုတဲ့ ‘အနုစာပေ ကောက်နုတ်ချက်’ ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးပါတယ် ဘဘ”
“ဟုတ်တယ်။ ဆရာကြီးက ‘အနုပညာ’ဆိုတဲ့ ဝေါဟာရမှာ သုံးတဲ့ ‘အနု’ ကိုယူပြီး ‘အနုစာပေ’ လို့ ခေါ်တာပေါ့ကွယ်။ နူးညံ့သိမ်မွေ့တဲ့သဘော၊ အနုအယဉ်သဘောကို ဆိုလိုတာပေါ့”
“ဟုတ်ကဲ့ပါ”
“အခုအသုံးတွင်နေတဲ့ ဝေါဟာရကတော့ ‘ရသ စာပေ’ဆိုတဲ့ ဝေါဟာရပဲလေ။ သားတို့သမီးတို့နဲ့ ရင်းနှီးပြီးသားပါ။ စာဖတ်သူရဲ့စိတ်ထဲမှာ ရသလို့ ပါဠိလိုခေါ်တဲ့ နှစ်သက်စရာအရသာကို ခံစားရစေ တဲ့ စာမျိုးဖြစ်လို့ ရသစာပေလို့ ခေါ်တာပါ။ အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာဇော်ဂျီက စသုံးပြီး အသုံးတွင်ကျယ်လာတဲ့ ဝေါဟာရပေါ့ကွယ်။ ဒီတော့ ချုပ်လိုက်ရင် ‘စာပေ’ဆိုတာ ‘ရသစာပေ’ ကို ခေါ်တာလို့ နားလည်နိုင်တာပေါ့။ ကဲ... ဆက်ကြသေးတာပေါ့”။ ။
- Log in to post comments