
လွတ်လပ်ရေးရပြီးခါစ ၁၉၅၂ ခုနှစ် ဩဂုတ်လ ၄-၁၇ ရက်အတွင်း တိုင်းပြုပြည်ပြုလွှတ်တော် ပြည်တော်သာညီလာခံကျင်းပရာမှာ ဘဝသစ် ဖန်တီးမှု ပညာရေးစီမံကိန်းတစ်ရပ် တင်သွင်းခဲ့ တယ်လို့ မှတ်တမ်းတစ်ခုအရသိရပါတယ်။ အဓိက ရည်ရွယ်ချက် (၃) ရပ်ကို အောက်ပါအတိုင်း ဖတ်ရှု ရပါတယ်-
(က) ပြည်ထောင်စုသားမှန်သမျှ အရေး အဖတ်အတွက် နားလည်သူဖြစ်စေရန်၊
(ခ) လိုအပ်သော စက်မှုလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်လာစေရန်၊
(ဂ) ပြည်ထောင်စုအတွင်း စာမတတ်သူဦးရေ နည်းသွား၍ ဗလငါးတန်နှင့် ပြည့်စုံသူ ပြည်ထောင်စုသားများ ပေါများလာစေ ရန်တို့ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ ရိုးရိုးနဲ့ရှင်းရှင်း ဖြစ်သော်လည်း ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးဒီပအထိ သက်ရောက်ခဲ့ပါတယ်။ ဆရာတော်နဲ့ ဆရာဦးညီပု တို့က “ကိုရင်ကျော်” လို့ အမည်ရတဲ့ကျွန်တော့်ကို ဒေါင်းဖတ်စာအုပ်ထဲက မြန်မာစာကို ရေးတတ် ဖတ်တတ် နားလည်သဘောပေါက်သည်ထိ အရှိန် မြှင့်သင်ပေးခဲ့ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကို မလှိုင်မြို့စာစစ်ဌာနမှ အောင်မြင်ခဲ့ပါတယ်။
၁၉၆၀ ပြည့်နှစ်မှာ မန္တလေးတက္ကသိုလ်မှာ ဓာတုဗေဒကို အင်္ဂလိပ်လိုသင်ပေးတဲ့ ဆရာ ဒေါက်တာခင်မောင်၊ တစ်နေရာရောက်တော့ ‘Alum’ လို့ ပြောလိုက်ပြီး မြန်မာလို ‘ကျောက်ချဉ်’ လို့ထည့်ပြောလိုက်ပါတယ်။ ကျောက်ချဉ်ကို ဘယ်လိုဒြပ်ပစ္စည်းတွေနဲ့ ဖွဲ့စည်းတာပါလိမ့်ဆိုတာ သိချင်လာပါတယ်။ ဆရာရဲ့ Carbohydrate Chemistry လက်ချာတွေမှာ Amylose, Amylopectin ပါဝင်မှုတွေ ပြောင်းလဲတာနဲ့အမျှ ဆန်၊ ဂျုံ၊ ပြောင်းတို့ရဲ့အရည်အသွေးတွေ ပြောင်းလဲ ပုံတွေဟာ နောင်သောအခါမှ ပို၍အရေးကြီးလာမှန်း သိရပါတယ်။
ရောင်စဉ်ခုနစ်မျိုး
“ To every action, there is always equal and opposite reaction” အစချီတဲ့ Newton’s Law ကို ရူပဗေဒဆရာ ကထိက ဦးကျော်မြင့်ရဲ့ သင်ကြားပုံတွေဟာ စွဲမက်စေခဲ့ပါ တယ်။ နေရောင်ခြည်ဟာ လျှပ်စစ်သံလိုက် ရောင်ခြည်၊ စွမ်းအင်ထုပ် (Energy Packets) လေးတွေနဲ့ဖွဲ့စည်းထားကြောင်း၊ စွမ်းအင်ထုပ်များ ရဲ့ လိုင်းအလျားမတူတာနဲ့အမျှ ရောင်စဉ်ခုနစ်မျိုး ဖြစ်လာကြောင်း၊ အရောင်မတူညီတာတွေ ပေါင်းစပ်သွားတဲ့ နေရဲ့ရောင်ခြည်ဟာ အရောင် ကင်းစင်သွားတာဟာ ထူးဆန်းခဲ့ရပါတယ်။ ဒီတွေ့ရှိချက်တွေဟာ ဆန်းကြယ်မှုတစ်ခုအဖြစ် သိရုံသက်သက်မဟုတ်၊ WWW ဆိုတဲ့သင်္ကေတကြီး နဲ့ ကမ္ဘာ့ဆက်သွယ်ရေးကွန်ရက်ကြီး ပေါ်ပေါက် လာတာ၊ ကမ္ဘာကြီးဟာ ရွာကြီးဖြစ်လာတာ၊ တစ်ဦးနဲ့တစ်ဦး အနေဝေးပေမယ့် ခရီးနီးတာဟာ ဒီလိုလောကဓာတ်ပညာရပ်တွေကြောင့်ပဲ ဖြစ်ပါ တယ်။
ဓာတုဗေဒကိုစတင်ပို့ချ၊ ပျိုးထောင်သူကတော့ ဆရာဒေါက်တာမောင်ဒီဖြစ်ပါတယ်။ သိပ္ပံအရာမှာ ကြိုးပမ်းအားထုတ်လေ့လာဆည်းပူးခဲ့တဲ့ John Dalton, Periodic Table of Elements ကို ရေးဆွဲခဲ့တဲ့ ရုရှားလူမျိုး D. Mendeleev နဲ့ အဏုမြူဒြပ်စင်များကို ထူးထူးခြားခြားလေ့လာ ဆည်းပူးတွေ့ရှိခဲ့သူ ပိုလန်လူမျိုး အမျိုးသမီး Madam Curie တို့အကြောင်းကို ဆရာဟာ ထည့်သွင်း သင်ကြားပေးတော့ ကျွန်တော်တို့လူငယ်ကျောင်းသား တွေဟာ ဒို့ကြိုးပမ်းအားထုတ်ကြရမယ်ဆိုတဲ့ အသိ စိတ်တွေ ကိန်းအောင်းခဲ့ပါတယ်။ ဆရာဟာ အခြေခံ ဒြပ် (Element) တို့အကြောင်း သင်ကြားပို့ချရင်း၊ အက်တန်သီအိုရီကို ဖော်ထုတ်နိုင်ဖို့ သုံးနှစ်တာ ကျားကုတ်ကျားခဲ လေ့လာခဲ့တဲ့ “John Delton”၊ သူဟာ သင်္ချာဆရာတစ်ဦးဖြစ်ကြောင်း မန်ချက်စတာ တစ်ဝိုက်က မိုးရေချိန်တိုင်းတာမှုကိုနှစ်ပေါက်၊ နှစ်ပေါင်းများစွာတိုင်းတာခဲ့ကြောင်း၊ သင်ကြားမှုမှာ ထည့်ပြီး ပြောခဲ့ပါတယ်၊၊ ၁၈၀၃-၁၈၀၆ ခုနှစ်အတွင်း က တွေ့ရှိချက်ဟာ ဥရောပတစ်ခွင်ကို တုန်လှုပ်ခဲ့ပါ တယ်။ John Dalton ဟာလည်း မန်ချက်စတာ (Manchester) တက္ကသိုလ်မှာ ပါမောက္ခဖြစ်သွားပါ တယ်။
စကြဝဠာတစ်ခုနဲ့တစ်ခုဟာ ဝေးကွာဖို့
ဆရာရဲ့လက်ချာတစ်ခုမှာ “Entropy is increasing the Universe is expanding” Entropy ဟာ မြင့်တက်တဲ့သဘောရှိကြောင်း၊ စကြဝဠာကြီးဟာ ကျယ်ပြန့်နေတယ်၊ စကြဝဠာ ကြီးဟာ ကျုံ့လာစရာအကြောင်းမရှိ စကြဝဠာ တစ်ခုနဲ့တစ်ခုဟာ ဝေးကွာဖို့ပဲရှိတယ်။
ရေမွှေးပုလင်းကို အလှပြင်ခန်းထဲမှာ ဖွင့်ထား ရင် ရနံ့သင်းတဲ့ ရေမွှေးမော်လီကျုတွေဟာ အလို အလျောက် ထွက်လာပါတယ်။ အလှပြင်ခန်းအတွင်း ကို ပျံ့လွင့်သွားတဲ့ ရေမွှေးမော်လီကျုတွေဟာ ရေမွှေး ပုလင်းထဲသို့ ပြန်လည်လာရိုးထုံးစံမရှိဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒြပ်ပစ္စည်းတို့သည် ဓာတ်ပြောင်းလဲ ကြရာတွင် ပုံမှန်နေသားတကျ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းထားတဲ့အနေအထားမှ အပြောကျယ်စွာ ဖြန့်ကြက်ပြောင်းလဲလေ့ရှိတယ် ဆိုတဲ့သဘောပဲ။ ဆရာဒေါက်တာမောင်ဒီရဲ့ သင်ကြားပုံတွေဟာလည်း စွဲမက်စေခဲ့ပါတယ်။ ဆရာဟာ မန္တလေးတက္ကသိုလ်မှာ ကထိကတာဝန်တွေနဲ့ ၁၉၇၁ ခုနှစ်ထိရှိနေတဲ့ကာလ အတွင်းမှာ ကျွန်တော်ဟာ ၁၉၆၅ ခုနှစ်မှာ BSc (Hons) ဂုဏ်ထူးတန်းဘွဲ့၊ ၁၉၇၁ ခုနှစ်မှာ MSc ဘွဲ့နှစ်ခုကို မန္တလေးတက္ကသိုလ်က ရရှိခဲ့ပါတယ်။
ကျွန်တော်တို့ဟာ တက္ကသိုလ်ပညာရေးကို ၁၈၇၈ ခုနှစ်မှာ စနိုင်ခဲ့ပါတယ်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ရယ်လို့ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၆၃၆ ခုနှစ်က ဖွင့်လှစ် တည်ထောင်ခဲ့တဲ့ ဟားဗတ်တက္ကသိုလ်နဲ့ ယှဉ်ကြည့် ရင် ရန်ကုန်တက္ကသိုလ်ဟာ နှစ်ပေါင်းသုံးရာနီးပါး တာထွက်နောက်ကျခဲ့ပါတယ်။ တက္ကသိုလ်ဆိုတာ အမြင့်ဆုံးပညာဗိမာန်၊ နိုင်ငံရဲ့တစ်နံတစ်လျားက မြန်မာ့တက္ကသိုလ်တွေဟာ ပြည်သူတို့ရဲ့လိုအင်တွေ ကို ဖြည့်ဆည်းနိုင်ဖို့ ရှေးရှုနေပါတယ်။
ဘဝသစ်ဖန်တီးနိုင်ဖို့ ကျွန်တော့်ကို ဆွဲတင်သူ ဆရာကြီးတစ်ဦးကတော့ ရန်ကုန်တက္ကသိုလ် ဓာတု ဗေဒပါမောက္ခဆရာကြီး ဦးအောင်ခင်ဖြစ်ပါတယ်။ ဓာတုဗေဒဌာနမှာ အသေးစားအဏုမြူဓာတ်ခွဲခန်း တည်ဆောက်ရာမှာ အမျိုးသားလူငယ်တစ်ဦး လိုအပ် တာကြောင့် ၁၉၆၈ ခုနှစ် နိုဝင်ဘာလကုန်မှာ ရန်ကုန် တက္ကသိုလ် ဓာတုဗေဒဌာနသို့ ရောက်ရှိခဲ့ပါတယ်။ ၁၉၆၉ - ၇၂ ခုနှစ်ထိ International Atomic Energy Agency (IAEA) အကူအညီနဲ့ရောက်လာတဲ့ Dr S S Krishnan, Dr R W Thiele တို့ရဲ့ ကြီးကြပ်မှုနဲ့ ရေဒီယိုဆိုက်ဆိုတုပ်တချို့ကို သုံးပြီး အဏုမြူ ဓာတ်ခွဲခန်းကို တည်ထောင်ခဲ့ပါတယ်။ IAEA အကူ အညီနဲ့ အိန္ဒိယနိုင်ငံ ဘဟာဘာ အက်တမ်မစ်အင်တာ (Bahaba Atomic Research Centre) နဲ့ ပူးပေါင်းပြီး သုတေသနဆောင်ရွက်ခဲ့ပါတယ်။ ဓာတု ဗေဒနဲ့ပတ်သက်လို့ ခဲရာခဲဆစ်ဓာတ်ခွဲဖို့ဖြစ်တဲ့ ဆံပင်၊ လက်သည်း၊ ဆီးကဲ့သို့ နမူနာတွေထဲမှာ အာဆစ်နစ်ဆိုတဲ့ အဆိပ်ဓာတ်တစ်မျိုးကို ဓာတ်ခွဲ နိုင်တဲ့ Neutron Activation Analysis (NAA) နည်း၊ ဓာတ်ခွဲနည်းမျိုးစေ့ကို ချပေးခဲ့ပါတယ်။ နမ္မတူ ဘော်တွင်းက လုပ်သားကြီးတွေမှာ စက်ရုံနဲ့ဝန်းကျင် မှာ လွင့်နေတဲ့ အာဆစ်နစ်အဆိပ်ဓာတ်ငွေ့ သင့်နေ သည်လောဆိုတာကို သုတေသနပြုခဲ့ပါတယ်။ ဒီသုတေသနဟာ မဟာဘွဲ့အတွက် ကျမ်းဖြစ်ခဲ့ပါ တယ်။ တက္ကသိုလ်နှစ်ခုက ဆီးနိတ်တာပါမောက္ခ ဦးအောင်ခင်၊ ဒေါက်တာမောင်ဒီတို့ရဲ့ အဆုံးအဖြတ် ပေးနိုင်တာကြောင့် ဆရာ ကျောင်းသားတပည့် တွေက လေးစားခံရတဲ့ ဆီးနိတ်တာကြီးတွေဖြစ်ခဲ့ကြ ပါတယ်။
၁၉၇၃ ခုနှစ်မှာ ကျွန်တော်ဟာ နိုင်ငံခြားပညာသင်ဆုကိုရရှိခဲ့ပါတယ်။ သုံးနှစ်ကြာ အင်္ဂလန် ဆဲလ်ဖို့ဒ်တက္ကသိုလ်မှာ (Salford University) ပါရဂူဘွဲ့အတွက် ကျမ်းပြုစုခဲ့ပါတယ်။ အင်္ဂလန်၊ ဂျာမနီ တက္ကသိုလ်နှစ်ခုမှာ သုတေသနတွေ လုပ်ခဲ့ ပါတယ်။ သူတို့တစ်တွေဟာ သိပ္ပံနည်းကျဆောင်ရွက် တတ်၊ စဉ်းစားချင့်ချိန်တတ်သူတွေ အမြော်အမြင်ရှိသူ တွေ များပါတယ်။
ဟာဗာရဲ့နည်းစဉ်ဟာ အအောင်မြင်ဆုံး
၁၈၉၈ ခုနှစ် ဗရစ်စတိုမှာကျင်းပတဲ့ သိပ္ပံပညာ ရပ် တိုးတက်ရေး ဗြိတိသျှအသင်းနှစ်ပတ်လည် အစည်းအဝေးမှာ ဆာစီလီယံခရွတ်က “ဂျုံပြဿနာ” ခေါင်းစဉ်နဲ့ နိုက်ထရိတ်၊ နိုက်ထရိုဂျင် (Nitrate–Nitrogen) ရရှိရေးကိစ္စကို တက္ကသိုလ်က ပညာရှင် တွေ၊ အငြိမ်းစားပါမောက္ခတွေကို တင်ပြခဲ့ပါတယ်။ ဂျုံနဲ့ ဆန်ရေစပါး အထွက်တိုးဖို့ဆိုရင် ဆိုဒီယမ် နိုက်ထရိတ်တန်ချိန် ၁၂ သန်း ထုတ်ရမယ်လို့ တွက်ပြခဲ့ပါတယ်။ ဒီပမာဏရဖို့ ချီလီနိုင်ငံက ထွက်တဲ့ နိုက်ထရိတ်နဲ့ မလုံလောက်နိုင်တာ ကြောင့် ၁၉၀၀ ပြည့်နှစ်မှာ ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်နှင့် ကနေဒါနိုင်ငံတွေက ဓာတုပညာရှင်တွေ ဖြေရှင်းခဲ့ကြရပါတယ်။ အဲ့ဒီပညာရှင်တွေထဲက ဂျာမန်လူမျိုး ဟာဗာရဲ့ နည်းစဉ်ဟာ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ ဒီနည်းစဉ်ကိုသုံးပြီး မြန်မာနိုင်ငံ စလေမှာ ယူရီးယား ဓာတ်မြေဩဇာစက်ရုံ တည်ထောင်ခဲ့ပါတယ်။ ချောက်၊ စလေရေနံမြေက သဘာဝဓာတ်ငွေ့ကို သုံးပြီး ထုတ်ယူတာဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က တက္ကသိုလ်၊ ကောလိပ်တို့သည် တစ်ထီးတစ်နန်း မဟုတ် ပြည်သူလူထုလိုအပ်ချက်၊ နိုင်ငံရဲ့လိုအပ် ချက်တွေကို ဖြည့်ဆည်းအားထားရာ အရင်းအမြစ် ဘဝသစ်ဖန်တီးနိုင်ဖို့ဆိုတာ တွေ့ရပါတယ်။ ရေနံ နဲ့ သဘာဝဓာတ်ငွေ့တွေကို ရှာဖွေနိုင်ဖို့ Petrochemical ထုတ်ယူနိုင်ဖို့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဥပမာတစ်ခုအနေနဲ့တင်ပြရရင် မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်တို့ကို အားထားရမှာဖြစ်ပါတယ်။
မြန်မာ့တက္ကသိုလ်တွေကိုကြည့်ရင် နိုင်ငံရဲ့ အနောက်ဘက်ပိုင်း၊ တောင်ဘက်ပိုင်းမှာရှိတဲ့ တက္ကသိုလ်တွေဟာ ပင်လယ်ကမ်းရိုးတန်းနဲ့ ရေ၊ မြေ၊ သားငါးပေါကြွယ်ဝတဲ့ဒေသ၊ မိုးများတဲ့ ဒေသတွေမှာရှိကြပါတယ်။ ဒီတက္ကသိုလ်တွေက ကမ်းလွန်ဒေသ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ပင်လယ် ကမ်းရိုးတန်းရဲ့ကြွယ်ဝမှုတွေကို နားလည်အောင် သုတေသနပြုကြရမယ်။ တချို့ဒေသတွေမှာဆိုရင် တီထွင်ဆန်းသစ်မှု၊ ထပ်ဆင့်တန်ဖိုးမြင့် သုတေ သနတွေကိုလုပ်ကြရင်း အဲဒီဒေသမှာပဲ အလုပ်လုပ် မယ့်ဘွဲ့ရတွေ၊ သုတေသီတွေ မွေးထုတ်ပေးရမှာ ဖြစ်ပါတယ်။
နောက်တစ်မျိုးတစ်စားကတော့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ်တစ်ဝိုက်ကလို့ ပြောရမယ့် တက္ကသိုလ်တွေပဲ၊ ဆန်ရေစပါး ရေမြေနဲ့သစ်တောတွေက သဘာဝသယံဇာတ အရင်းအမြစ်တွေပဲ။ ဒါတွေကို တန်ဖိုးမြင့်စေမယ့် သုတေသနတွေကို လုပ်ကြရမယ်။ စာပေ၊ ယဉ်ကျေးမှုနဲ့ ကိုယ်ကျင့်တရားတွေကိုလည်း မြင့်သထက်မြင့်မားအောင် ဒီတက္ကသိုလ်တွေက ဆက်လက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ရိုးရာနည်းပညာမှသည် စက်မှုဆီသို့
ကချင်၊ ကရင်၊ ကယား၊ ချင်းနဲ့ ရှမ်းကုန်းပြင် မြင့်ဒေသတွေမှာရှိတဲ့ တက္ကသိုလ်တွေကလည်း တိုင်းရင်းသားစာပေ၊ ဂီတယဉ်ကျေးမှုနဲ့ ကျောက်သံပတ္တမြားနဲ့ ဒေသအလိုက်ရှိနေတဲ့ ရေမြေတောတောင်က ထွက်ရှိတဲ့ စိုက်ပျိုးသီးနှံ အထိ ရိုးရာနည်းပညာမှသည် စက်မှုဆီသို့ တွန်းပို့ပေးနိုင်သော တက္ကသိုလ်တွေအဖြစ် ပြောင်းလဲကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံတက္ကသိုလ်တွေဟာ ပညာရေးလက်လှမ်းမီဖို့ ဖွင့်လှစ်ပေးထားသည် ထက် နေရာဒေသကို အကြောင်းပြုရင်း အလား အလာအကောင်းဆုံး လက်ငင်းအကျိုးဖြစ်ထွန်း မယ့် အရင်းအမြစ်သုတေသနတွေနဲ့ တာထွက်ကြ ရမှာ ဖြစ်ပါတယ်။ တီထွင်ဖန်တီးဆန်းသစ်နိုင်တဲ့ ပညာရပ်တွေကို တက္ကသိုလ်မှာ ရှာဖွေကြပြီး ကိုယ့်ဒေသလိုအပ်ချက်ကို ဦးစွာဖြည့်ဆည်းပေး နိုင်ခြင်းဟာ University Ranking ကို မြင့်မား လာစေနိုင်ပါတယ်။ တကယ့်ကို မြင့်မြင့်မားမား ပညာတတ်မှ၊ တကယ့်ကိုကျွမ်းကျင်မှု၊ ဖန်တီး မှုရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်များကသာဆက်လက်ရှင်သန်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွား ဖြစ်ထွန်းမှု၊ လူ့ဘောင်ရဲ့ညီညွတ်မှုနဲ့ တည်ငြိမ် အေးချမ်းမှုကို ရှေးရှုနိုင်မှာဖြစ်ပါတယ်။
ဒေါက်တာမောင်ဒီဟာ တက္ကသိုလ်ကောလိပ် တွေရဲ့ ဖွဲ့စည်းပုံကို ပါမောက္ခချုပ်ဘဝမှာ ရေးဆွဲ ခဲ့ပြီး ပညာရေးဒုတိယဝန်ကြီးဖြစ်လာတဲ့အခါ အကောင်အထည်ဖော်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ ကျွန်တော်ဟာ ကထိက ဖြစ်လာပါတယ်။ ဆရာတည်ထောင်ခဲ့တဲ့ တက္က သိုလ်များသိပ္ပံသုတေသနဌာနမှာ သိပ္ပံပညာရပ် ပေါင်းစုံပါဝင်တဲ့ သုတေသနတွေကို ပါဝင် ဆောင်ရွက်ခွင့်ရခဲ့ပါတယ်။ ဖွဲ့စည်းပုံသစ်အရ ဆရာ ဆရာမတွေဟာ ရာထူးတွေတိုးပြီး နိုင်ငံ တစ်နံတစ်လျားက ကျောင်းသားလူငယ်တို့ ဘဝသစ် ထူထောင်နိုင်ဖို့ သမိုင်းပေးတာဝန်ကို ထမ်းရွက် ခဲ့ကြပါတယ်။ ၁၉၆၈ ခုနှစ် နှောင်းပိုင်းကစပြီး ၁၉၉၁ ခုနှစ် ဇူလိုင်လအထိ ၂၃ နှစ်တာကာလ အတွင်းမှာ ဓာတုဗေဒပညာဆည်းပူးတဲ့ တပည့် ပေါင်း တစ်သောင်းနီးပါးနဲ့ ဘဝမှာရေစက်ဆုံခဲ့ပါ တယ်။
ပါမောက္ခချုပ် ဆရာဦးတင်ဦးလှိုင်၊ ပါမောက္ခ ဆရာဦးညွန့်ဝင်းတို့လက်ထက်မှာ တွဲဖက် ပါမောက္ခရာထူးတိုးဖို့ကြုံလာတဲ့အခါ နိုင်ငံရပ်ခြား ကို ပညာသင်ခွင့်ရခဲ့တဲ့ ကျွန်တော်ဟာ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့ဆိုသည် ဝေးလံခေါင်ဖျား ဟုယူဆရန်အကြောင်းမရှိ၊ အဲဒီဒေသမှာရှိတဲ့ ဒီဂရီ ကောလိပ်တွေမှာ လစ်လပ်တဲ့ တွဲဖက်ပါမောက္ခ ရာထူးအတွက် ဆန္ဒပြုခဲ့ပါတယ်။ ဒီအကျိုးဆက် ဟာ ရာထူးတိုး နောက်ဆုံးရထားတွဲက လိုက်ပါခွင့် ရပြီး မြစ်ကြီးနားဒီဂရီကောလိပ်သို့ ရောက်သွားခဲ့ ပါတယ်။ မန္တလေးဘူတာကြီးမှာ ကျွန်တော့်ဇနီးနဲ့ သမီးက ရန်ကုန်ပြန်၊ ကျွန်တော်က မြစ်ကြီးနားတက်၊ ဘဝသစ်ဖန်တီးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သုံးနှစ် ကျော်ကြာ မိသားစုနဲ့ ခွဲနေခဲ့ပါတယ်။ အဲဒီမှာပဲ ကျောင်းအုပ်ကြီးတာဝန်နဲ့ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလထိ၊ ကျောင်းအုပ်ကြီးတာဝန်နဲ့ပဲ ပဲခူးဒီဂရီကောလိပ်မှာ ၁၉၉၉ ခုနှစ်ထိ၊ တစ်ဆက်တည်းမှာပဲ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။
အပြင်မှာဘာတွေဖြစ်နေသလဲလို့ မြန်မာ့ တံခါးကို ဖွင့်ကြည့်တဲ့အခါ သိပ္ပံနဲ့နည်းပညာဟာ ပို၍အခရာကျတာ တွေ့ရမှာဖြစ်ပါတယ်၊၊
o ၁၉၈၃ ခုနှစ်ကာလက ဂျပန်နိုင်ငံရဲ့ စီးပွားရေး တစ်ရှိန်ထိုးတိုးတက်လာမှုကို အကြောင်းပြုပြီး ဂျပန်နိုင်ငံရဲ့ပညာရေး အခြေအနေကို အမေရိကန်တို့ ဆန်းစစ် ချက်ပြုခဲ့ပါတယ်။ ဂျပန်ဟာ ၂၀ ရာစု နှောင်းပိုင်းမှာ အမေရိကန်စီးပွားရေးကို တုန်လှုပ်စေခဲ့ပါတယ်။ ဂျပန်ကို အမေရိကန် ဟာ အီလက်ထရွန်နစ်ပစ္စည်းတွေ ရောင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ အီလက်ထရွန်နစ် ပစ္စည်းတွေကို ကိုယ်တိုင်ထုတ်နိုင်အောင် ဂျပန်ပုဂ္ဂလိက သုတေသနအဖွဲ့အစည်းတွေ နဲ့ တက္ကသိုလ်တွေကို အားထားခဲ့ပါတယ်။
o အမေရိကန်တက္ကသိုလ်များရဲ့ သင်ကြားမှု တွေဟာ ဒုတိယတန်းစားဖြစ်နေလို့ အမေရိကန်စီးပွားရေးကို ဒုတိယတန်းစား ကျွမ်းကျင်မှုတွေနဲ့မောင်းမှာကို အမေရိကန် တို့ စိုးရိမ်ခဲ့ပါတယ်။
o အမေရိကန်လူဦးရေရဲ့ ခြောက်ပုံ တစ်ပုံသာ ရှိတဲ့တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန် အင်ဂျင်နီယာတွေ မွေးထုတ်ပေးသလောက် မွေးထုတ်ပေးနေခြင်း၊ တရုတ်က လေးဆ၊ အိန္ဒိယက ငါးဆ မွေးထုတ်နေခြင်းတွေဟာ အမေရိကန်စီးပွားရေးကို ချောက်ချားစေ ပါတယ်။
o တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း သူ့ရဲ့ တက္ကသိုလ်တစ်ရာကို ကမ္ဘာ့အဆင့်မီ အောင် ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ၂၀ ရာစုနှောင်းပိုင်းမှာ တရုတ် သိပ္ပံနဲ့နည်းပညာရှင်ပေါင်းဟာ သန်းနှစ်ဆယ်ကျော်အထိ ရှိလာတော့ အရှေ့တောင်အာရှကို လွှမ်းလာတာ တွေ့ရပါတယ်။
o ၂၁ ရာစုရဲ့အနာဂတ် ဂျပန်ဟာ ဘယ်အခြေ အနေမှာရှိလဲဆိုတာ ဆန်းစစ်တော့ ၂၀၂၅ ခုနှစ်မှာ တတ်သိနည်းပညာရှင် သန်း ၆၀ သာရှိတော့မှာမို့ လွန်စွာပူပင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ကကဲ့သို့ ၆၇ သန်းအထိ မြင့်မားနေဖို့ အသည်းအသန်ကြိုးပမ်းနေပါ တယ်။ ဂျပန်ရဲ့တတ်သိပညာရှင်ဟာ မြန်မာ့လူဦးရေ ၅၄ သန်းထက် ကျော်လွန် နေတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၄ သန်းကျော် သုည ဒသမ ၈၉ ရာခိုင်နှုန်းနဲ့ နှစ်စဉ်တိုးတက်နေပါ တယ်။ တစ်နိုင်ငံလုံး လုပ်သားအင်အားစုနဲ့ ၅၂ ရာခိုင် နှုန်းသော လယ်ယာလုပ်သားက တိုင်းပြည်ရဲ့ဂျီဒီပီ ၃၆ ရာခိုင်နှုန်းကို ထုတ်ပေးနေပါတယ်။ သယံဇာတ မျိုးစုံကို ထုခွဲရောင်းချရတဲ့အပေါ် နိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက် မှုဟာ ဒီနေ့အထိ မူတည်နေဆဲဖြစ်ပါတယ်၊၊ မြန်မာ့လယ်သမားအင်အားစုကို ခေတ်မီအင်အားစု ဖြစ်ဖို့ စိုက်ပျိုးရေးတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်ပြီး အောင် ဆောင်ရွက်ပေးခြင်းအားဖြင့် ထိုင်းနဲ့ ဗီယက် နမ်နိုင်ငံတို့ရဲ့ ဆန်တင်ပို့မှုကို ပြန်လည်ယှဉ်ပြိုင်နိုင် မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ပန်းတိုင်ကတော့ ၂၀၃၀ ပြည့်နှစ်မှာ ဝင်ငွေအလယ်အလတ်မြင့်တဲ့ နိုင်ငံဖြစ်ဖို့ တက္ကသိုလ်တွေက ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
သယံဇာတမျိုးစုံကို တန်ဖိုးမြှင့်ထုတ်ပေး ခြင်း၊ လူသားအရင်းအမြစ်ရဲ့ အရည်အချင်း၊ အရည်အသွေးကြံရည်ဖန်ရည်၊ စိတ်ကောင်း စေတနာကောင်းနဲ့ စွမ်းဆောင်ရည်၊ တရားမျှတ မှုနဲ့ ကိုယ်ချင်းစာတရားတွေကို တိုးတက်ပွားများ အောင် ဆောင်ကြဉ်းပေးခြင်းအားဖြင့် အေးချမ်း သာယာတဲ့လူမှုဘဝကို တည်ဆောက်နိုင်မှာဖြစ်ပါ တယ်၊၊
ကောင်းပါပြီ၊ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ် ချင်ပါတယ်။
o ၂၁ ရာစုရဲ့အနာဂတ်ကို ရင်ဆိုင်ဖို့ ခေတ်အဆက်ဆက်က ပြည်သူတွေ ထက် ကျွန်တော်တို့ရဲ့ပညာဉာဏ်၊ ဉာဏ်ရည်ဉာဏ်သွေး အမြော်အမြင် တွေ ပို၍လိုအပ်ပါလိမ့်မယ်။
o မြန်မာတို့ရဲ့ ပထဝီအနေအထားကို လည်း နက်နက်နဲနဲ သိရှိကြရမယ်။ ခါရာဘိုရာဇီ တောင်ထိပ်မှသည် မြေပြန့်လွင်ပြင် ကော့သောင်းအထိ တိဘက် ဧဝရတ်တောင်တန်းမှာ မြစ်ဖျားခံပြီး တသွင်သွင်စီးဆင်းနေတဲ့ ဧရာဝတီ၊ သံလွင်၊ မဲခေါင်မြစ်တို့ရဲ့ အလှအပကိုလည်း မြတ်နိုးထိန်းသိမ်း ရင်း တန်ဖိုးမြင့်အောင်လည်း ကြံစည် အားထုတ်ကြရပေလိမ့်မယ်။
o မြန်မာနိုင်ငံ မြောက်မှတောင်၊ အရှေ့ မှအနောက် အလွန်တရာလှပတဲ့ တိုင်းရင်းသားညီအစ်ကိုတွေရဲ့ ဒေသ၊ ယဉ်ကျေးမှုအမွေအနှစ်၊ စာပေနဲ့ ဂီတ ပါမကျန် နိုင်ငံရဲ့အလှအပမှန်သမျှကို တက္ကသိုလ်တွေက ဖော်ထုတ်ကျူးရင့် သီဆိုကာ ပို၍လှပသည်ထက် လှပ အောင်၊ ရနံ့သင်းပြီး ပန်းပေါင်းစုံ ဖူးပွင့် မယ့် ဧရာမဥယျာဉ်ကြီးဖြစ်အောင် ပညာရေးရဲ့ လိုအင်တွေနဲ့ ထင်ဟပ် မယ့်ခရီးကို ဆက်ကြရပေလိမ့်ဦးမယ်။
o နှလုံးသားအရည်အသွေးတွေ ပို၍ လိုအပ်ပါလိမ့်မယ်။ ယှဉ်ပြိုင်မှုတွေ ပြင်းထန်တဲ့ကမ္ဘာကြီးမှာ မည်သို့မည်ပုံ မည်သို့သောနည်းနဲ့ နေထိုင်သင့်သလဲ ဆိုတဲ့အဖြေကို ရှာဖွေကြရဦးမယ်။
ဒါကြောင့် ၂၁ ရာစု မြန်မာ့တက္ကသိုလ်များဟာ ပညာရေးခရီးကိုဆက်ကြရာမှာ မျိုးဆက်သစ် လူငယ်လူရွယ်တွေ တက္ကသိုလ်ကပညာရှင်တွေနဲ့ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွှင်ချမ်းမြေ့ သာယာစေကြောင်း ဆုမွန်ကောင်းတောင်း ရေးသားတင်ပြအပ်ပါတယ်။ ။
- Log in to post comments