
မောင်အောင်
“အေး မောင်အောင် ယောကျ်ားချင်းမို့ ပြောရဦးမယ်”
အမေ့ရွာသို့ ရောက်နေခိုက် ကျွန်တော့် အစ်ကို ကြီးက ကျွန်တော့်နားကပ်၍ တိုးတိုးကလေး ပြော လာခြင်း ဖြစ်သည်။
“ဟာ ရပါတယ် အစ်ကိုရ။ ဘာလဲ အစ်ကိုက တစ်ယောက်ထဲနေရတာကြာလို့ ပျင်းလို့ အိမ် ထောင်ပြုချင်လို့လား။ ဒီအရွယ်မှာ ဆေးပေး မီးယူ လေးရှိတော့ ကောင်းတာပေါ့ အစ်ကိုရ”
ကျွန်တော်က အသက်ရှစ်ဆယ်ကျော် ကျွန်တော့် အစ်ကိုကြီးကို သက်သက်စလိုက်ခြင်း ဖြစ်သည်။ ကျွန်တော့် အစ်ကိုကြီးက နှာတံပေါ်ပေါ်၊ မျက်ခုံး ကောင်းကောင်း၊ အသားလတ်လတ်။ အစ်ကိုကြီး တို့ခေတ်က ရုပ်ရှင်မင်းသားကြီး ထွန်းဝေနှင့် ခပ် ဆင်ဆင်။ သူတို့ခေတ် သူတို့အခါက မိန်းကလေးတွေ ဝိုင်းဝိုင်းလည်ခဲ့သည်ဟု ကြားဖူးသည်။ အစ်ကိုကြီး က ရတာတွေမလိုဘဲ လိုတာ မရလို့လားတော့ မသိ။ အိမ်ထောင်မပြုဘဲ ယခုထိ လူပျိုကြီးလုပ်နေသူပင်။
“မင်းကလဲ လုပ်ပြီ။ ငါ့ကို စဖို့ပဲ တတ်တယ်။ ဒီလိုကွ။ ငါအပေါ့သွားရတာ အားမရဘူး။ ဆီးက တစ်စက် တစ်စက်ပဲထွက်တယ်။ အဲ-ပြီးတော့ တစ်ခါသွားပြီးတော့လည်း ထပ်ပြီးသွားချင်တယ်”
အစ်ကိုကြီးက သူ့ညီနှင့် ညီမများကို တစ်ချက် စောင်းကြည့်ရင်း ပြောနေခြင်းဖြစ်သည်။ အစ်ကိုကြီး နှင့် ကျွန်တော်သည် တစ်ဝမ်းကွဲဖြစ်သော်လည်း ညီအစ်ကိုအရင်းတွေထက် ပို၍ရင်းနှီးသည်။ ကျွန်တော်ကလည်း ကိုယ့်ထက်အကြီးများကို စတတ်၊ နောက်တတ်သည်။ သို့ဖြစ်၍လည်း ပြော စရာ တိုင်ပင်စရာရှိလျှင် ကျွန်တော့်ကိုသာ ပြောခြင်း တိုင်ပင်ကြခြင်းဖြစ်သည်။
“ဆီးပူတာ ကျဉ်တာ စပ်တာရော ရှိသလား”
“အဲဒီလိုတော့ မဖြစ်ဘူးကွ”
“အစ်ကိုကြီး ရေရောများများ သောက်လား။ မြင်းခွာရွက်တွေ ဘာတွေ စားရဲ့လား”
“ရေတော့ သောက်တာပေါ့ကွာ။ အဲ-ဒါပေမယ့် မြင်းခွာရွက်ကတော့ သူတို့ကျွေးမှ စားရတာပေါ့။ သူတို့ကျွေးရင်တော့ စားပါတယ်။ မင်းကလည်း ငါ့ကိုပုလိပ်စစ် စစ်နေပါလား”
အစ်ကိုကြီးက စိတ်မရှည်သံဖြင့် ပြောလာသည်။
“ပုလိပ်စစ် စစ်တာမဟုတ်ဘူးလေ။ အစ်ကိုကြီး ကလည်း အကြောင်းစုံသိမှ ကျွန်တော်က ဘာရောဂါ လဲ မှန်းလို့ရမှာပေါ့။ အုရော အောင့်တာ နာတာရှိ သလား။ ပြီးတော့ အရွယ်ရော နည်းနည်းပိုကြီးလာ သလား”
“တစ်ခါတလေတော့ နည်းနည်းအောင့်ချင် တယ်။ အဲဒီလိုအောင့်တဲ့အခါ နည်းနည်းနာချင် တယ်။ ပြီးတော့ နည်းနည်းတင်းပြီးတော့ နေတယ်”
“အင်း အဲဒါဆိုရင် အစ်ကို ဆီးအကျိတ်ရောင် တာ ဖြစ်နိုင်တယ်။ ဆီးကျိတ်ရောင်တာကတော့ သိပ်ပြီးပြဿနာတော့ မရှိပါဘူး။ အသက် ၄ဝ ကျော်၊ ၅ဝ အရွယ် ယောကျ်ားတွေမှာ များသောအားဖြင့် ဖြစ်လေ့ဖြစ်ထရှိပါတယ်”
ကျွန်တော်က စဉ်းစားတွေးဆ၍ ပြောလိုက်ခြင်း ဖြစ်သည်။
“မင်းရော အဲဒီလိုဖြစ်သလား”
“ကျွန်တော်တော့ တစ်ခါမှ မဖြစ်ဖူးဘူး”
“အေး အဲဒါဆို ဆေးကောင်း ဝါးကောင်းလေးရှိ ရင်လည်း ငါ့ကိုပြောဦးလေကွာ။ မင်းတစ်ယောက် တည်း ကြိတ်ပြီး စားမနေနဲ့လေ”
အစ်ကိုကြီးက ကျွန်တော့်ကို ပြန်၍ နှက်လိုက် သည်။
“ဆေးကောင်းဝါးကောင်းရယ်လိုတော့ သီးသန့် မဟုတ်ပါဘူး။ ကျွန်တော်လည်း စာလေး ပေလေး ဖတ်ရင်းနဲ့ ပျားရည်ရဲ့ ကောင်းကျိုးတွေသွားပြီး တွေ့တယ်”
“တကယ်တော့ အစ်ကိုလည်း သိတဲ့အတိုင်း ပျားဆိုတဲ့သတ္တဝါတွေဟာ အလုပ်အလွန်လုပ်တဲ့ သတ္တဝါတွေ။ ပြီးတော့ ပျားလေးတွေက ပန်းဝတ်မှုန် လေးတွေစုဆောင်းပြီး အဲဒီပန်းဝတ်မှုန်ကလေးတွေ ကနေ ပန်းဝတ်မှုန်ခဲတွေ ထုတ်လုပ်ပေးတယ်။ ပျားရည်စုဆောင်းပေးတယ်။ သူတို့ ခက်ခက်ခဲခဲ စုဆောင်းထားတဲ့ ပျားရည်ကို ကျွန်တော်တို့ လူသား တွေက ဖွပ်ပြီးစားတယ်။ တကယ်တော့ လူသားတွေ က ကိုယ့်အကျိုးအတွက်ဆို ဘာမဆိုလုပ်ကြတဲ့ သဘောပါပဲ”
“အေးပေါ့။ အဲဒါကြောင့် ရှေးလူကြီးတွေ ပြောခဲ့ တာလေကွာ။ “ပျားဖွပ် သားထိုး” ဆိုတာ မကောင်း တဲ့ အကုသိုလ်ကောင်တွေ”လို့။
အစ်ကိုကြီးက ကျွန်တော့်စကားကို ဝင်၍ ထောက်လိုက်၏။
“ဟုတ်တယ်အစ်ကို။ လူတွေမှာ တစ်ကိုယ်ကောင်း ဆန်လွန်းရင် ကောင်းကိုမကောင်းဘူး။ အဲ-ဒါပေမယ့် အဲဒီမကောင်းတဲ့ အထဲက ကောင်းတာကတော့ ပျား ရည်ရဲ့ အာနိသင်ပဲ”
“မင်းဟာက ဘာဆိုင်လဲကွ။ လူတွေမကောင်း တာနဲ့ ပျားရည်က အာနိသင်ကောင်းတာနဲ့။ ထားပါ တော့လေ။ ပျားရည်ကောင်းတာကို တို့ရှေးမြန်မာ ဆေးကျမ်းတွေမှာ ဘယ်လိုဆိုထားလို့လဲ။”
အစ်ကိုကြီးက ဗဟုသုတအလွန်ဝါသနာပါသည်။ သူ့ရောဂါကိုမေ့ပြီး ပျားရည်နှင့် ပတ်သက်သည့် အကြောင်း ကျွန်တော့်ကို မေးလာသည်။ ကျွန်တော် ကလည်း ပြောချင်နေတာနှင့် အသင့်ဖြစ်နေသည်။
“အစ်ကိုလည်းသိပါတယ်။ ကျွန်တော်တို့ ယော အတွင်းဝန်မင်း ဦးဖိုးလှိုင်ရေးတဲ့ ဥတုဘောဇနသင်္ဂဟ ကျမ်းမှာ ပျားရည်နဲ့ပတ်သက်ပြီး စုဒ္ဒသမကဏ္ဍမှာ ပျားရည်အမျိုးမျိုးတို့၏ အကျိုးဂုဏ်ကို ပြဆိုခြင်း ဆိုပြီး ရေးသွားတယ်။ အဲဒီမှာ “ ပျားရည်မျိုးဟူသမျှ သည် ချို၏၊ စဉ်းငယ် ဖန်၏၊ အဆီမရှိ၊ ကြေလွယ်၏၊ အေး၏၊ ဝမ်းမီးကိုတောက်စေ၏၊ အနည်းငယ်စားလျှင် ဝမ်းချုပ်၏၊ ဝအောင်စားလျှင် ဝမ်းပျော့ပျော့သွား၏၊ လူကိုပိန်စေတတ်၏၊ အသံကို ကောင်းစေတတ်၏၊ မျက်စိနှင့်သင့်၏၊ ပေါက်သောအမာကို သုတ်သင် တတ်၏၊ ကိုယ်အပေါက်ငယ်တို့မှဝင်၍ ပျံ့နှံ့တတ်၏၊ အရွယ်ကို ပျိုစေတတ်၏၊ သွေး၊ လေ အရသာတို့ သွားလမ်းကို သုတ်သင်ရှင်းလင်းတတ်၏၊ နှလုံးကို နှစ်သက်စေတတ်၏၊ အဆင်းကို ကောင်းစေတတ်၏၊ ဉာဏ်ပညာကို ပွားစေတတ်၏၊ သုက်ကိုပွားစေတတ် ၏၊ ခံတွင်းကို ရှင်းစေတတ်၏၊ နှုတ်ကို မြိန်စေတတ် ၏။”
“ကဲ ကဲ ရပါပြီ။ ယောအတွင်းဝန်ဦးဖိုးလှိုင် ရေး တာလား၊ မင်းပါးစပ်ထဲရှိတာ ရွတ်နေတာလား”
“အစ်ကိုကလည်း လုပ်ပြီ။ ယောအတွင်းဝန် ဦးဖိုးလှိုင်ရေးထားတာပါဗျ”
“ကဲ ထားပါတော့ ငါမကြိုက်တာက ပျားရည် များများစားရင် ဝတယ်လို့ပဲ ကြားဖူးတယ်။ မင်းခုန ပြောတော့ ပိန်စေတတ်၏ဆိုတော့ တစ်ခုခုတော့လွဲ နေတယ် ထင်တယ်”
ကျွန်တော့်အစ်ကိုက စေ့စပ်သည်။ သေချာ သည်။ ကျွန်တော်ပြောသွားသည့် စကားထဲက သူမကျေလည်သည်ကို ပြန်၍ မေးလိုက်ခြင်း ဖြစ်သည်။
“မလွဲပါဘူး။ အစ်ကိုရ။ အစ်ကိုသိတဲ့အတိုင်း ပျားရည်နှစ်မျိုးရှိတယ်လေ။ ပျားရည် အဟောင်းနဲ့ အသစ်။ လတ်လတ်ဆတ်ဆတ် ပျားရည်ဆိုရင် ပျားရည်အသစ်။ တစ်နှစ်ကျော်သွားတဲ့ ပျားရည် ဆိုရင် ပျားရည်အဟောင်း။ ပျားရည်အသစ်စားရင် တော့ အစ်ကိုပြောသလို ဝတာပေါ့။ အဲ- ပျားရည် အဟောင်းစားရင်တော့ စောစောက ဥတုဘောဇန သင်္ဂဟကျမ်းမှာ ဆိုထားသလို ပိန်စေတတ်၏ပါ ခင်ဗျား”
“မင်းက ဦးဖိုးလှိုင်အားကိုးနဲ့ ငါ့ကိုလာပြီး ပြော နေပြန်ပြီ။ ကဲလေ ထားပါတော့ အဲဒီ ဥတုဘောဇန သင်္ဂဟကျမ်းမှာပဲ အဲဒီလို ပြောထားလား။ ဒိပြင် ကျမ်းမှာရော ပျားရည်နဲ့ ပတ်သက်ပြီး ပြောတာရှိ သေးလား”
“ရှိတာပေါ့ အစ်ကိုရ။ အစ်ကို အဲဒီလိုမေးမယ်ဆို တာသိလို့ ကျွန်တော်ကြိုပြီး ကျက်လာခဲ့တာ။ ရှေးမြန်မာ့ရသဓာတုဆေးကျမ်းမှာ ‘ပျားရည်နှစ် တန်သို့မှတ်ရန်ကြောင်း၊ သစ်ပြန်ကြဟောင်း၊ ဤနှစ် ကြောင်းတွင်၊ ၎င်းအသစ်၊ ဖွပ်ခဲ့ညစ်သား၊ စင်စစ်မှန် သည်၊ ပျားအရည်မူ၊ ဆွံ့သည် ကိုယ်လက်၊ ပျောက်ပျက်သလိပ်၊ အကြောင်းဟိတ်တည့်၊ နိမိတ် ခြားနား၊ ဟောင်းသောပျားကား၊ တိုးပွားပညာ ပြည့်စုံစွာလျက်၊ အနာမူလ မှန်သမျှကို၊ ဘဂ္ဂပိုင်းခြား ချက်ချင်းစားမှ၊ ဘယမောဟာ၊ အနာငြိမ်းလွတ် ဝမ်းတန့်ရပ်သည်။ ။ ပညတ်အာဒိ ပြညွှန်းတည်း’ လို့ ဆိုထားသေးတယ်”
“ဒါတင်မကသေးဘူး။ အရှင်နာဂသိန်ရဲ့ အခြေ ပြုဆေးအဘိဓာန်မှာလည်း ပျားရည်သည် ဒေါသ သုံးပါးကို ငြိမ်းစေ၏၊ ကာမ, နှစ်သက်ခြင်း၊
ပညာ အရောင်အဆင်းတို့ကို ဖြစ်စေတတ်၏၊ အသံ၊ မျက်စိဝမ်းမီးတို့ကို အကျိုးပြု၏၊ အနာကို သုတ် သင်တတ်၏၊ အကြောကို စင်ကြယ်စေ၏၊ လေကို အနည်း ငယ်ပြုတတ်၏။ ၎င်းပြင် နူနာ၊ မြင်းသရိုက်၊ ချောင်း ဆိုး သွေးဖောက်ပြန် ကုလာသရောနာပိုး၊ အဆီ၊ ပျို့အန်၊ ရေငတ်၊ ဝမ်းသက်၊ ပူခြင်း၊ ထိခိုက် ဒဏ်ရာ ရခြင်းတို့ကြောင့် ဖြစ်သော ခယရုပ်၊ အဆီတိုး၊ ကြို့ထိုး၊ ဝမ်းဗိုက်တင်းရောင်၊ လေရောဂါ အဆိပ်၊ အနာပြည့်စေခြင်း၊ အရိုးကျိုးဆက်ခြင်းတို့၌ များစွာ ကျေးဇူးပြု၏၊ သုတ်သင်တတ်၏။”
“အောင်မယ်၊ ငါ့ညီက ဒီလိုကျတော့ တိုင်းရင်း ဆေးဆရာကျနေတာပဲ။ တယ်ပြီး လေ့လာထား ပါလား။ အေး-ထားပါတော့ကွာ။ မြန်မာ့ဆေးကျမ်း တွေအလိုအရ ဒီလိုဆိုတယ်ပေါ့။ အေး…မင်းတို့ အင်္ဂလိပ်ဆေးကျမ်းတွေကရော ပျားရည်မှာ ဘာဓာတ်တွေပါတယ်။ ဘာတွေ ကောင်းတယ်ဆို တာ ပြောစမ်းပါဦး”
အစ်ကိုကြီးက ကျွန်တော့်ကို ချီးမွမ်းသလိုလိုနှင့် ဆက်ပြီးပညာစမ်းနေသည်။ သို့သော်လည်း သည် ကိစ္စကပြဿနာမရှိ။ ကျွန်တော်လေ့လာထားပြီး ဖြစ်၍ သိသလောက်ကိုတော့ ကျွန်တော့် အစ်ကိုကြီး အား ပြန်ပြီးမျှဝေရပေမည်။
“ပျားရည်မှာ ရေ ၁၇ ဒသမ ၂၀ ရာခိုင်နှုန်းနဲ့ သကြားဓာတ် ၇၉ ဒသမ ၅၇ ရာခိုင်နှုန်း၊ အက်စစ် ၀ ဒသမ ၅၀ ရာခိုင်နှုန်း၊ အသားဓာတ်လို့ခေါ်တဲ့ ပရိုတိန်းက ၀ ဒသမ ၂၆ ရာခိုင်နှုန်း၊ သတ္တုဓာတ် ၀ ဒသမ ၁၇ ရာခိုင်နှုန်းနဲ့ ဗီတာမင် နဲ့ အင်ဇိုင်းဓာတ် က ၂ ဒသမ ၃၀ ရာခိုင်နှုန်း ပါဝင်ပါတယ်”
“မင်းဟာက တယ်ပြီးတိကျပါလား။ ထားပါ တော့လေ။ မင်းပြောတဲ့အထဲမှာ သကြားဓာတ်က တယ်ပြီးများပါလား။ ဘာသကြားတွေလဲ သိရင်ပြော စမ်းပါဦး”
“အသေးစိတ်တော့ ကျွန်တော် မှတ်စုစာအုပ်ကို ကြည့်ပြောမယ်နော်”
ကျွန်တော်က ပျားရည်နှင့် ပတ်သက်ပြီး ကျွန်တော်မှတ်ထားသည့် မှတ်စုစာအုပ်ကို လှန်ပြီး ပြောဖြစ်သည်။
“ပျားရည်မှာပါတဲ့သကြားဓာတ်တွေကတော့ လဲဗျူးလို့စ် ၃၈ ဒသမ ၁၉ ရာခိုင်နှုန်း၊ ဒက်စထရို့စ် ၃၁ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဆူးခရို့စ်က ၁ ဒသမ ၃၀ ရာခိုင်နှုန်း၊ မောလတို့စ်က ၇ ဒသမ ၃၀ရာခိုင်နှုန်း၊ ရှုတ်ထွေး သကြားက ၁ ဒသမ ၅၀ ရာခိုင်နှုန်းပါတယ် အစ်ကို”
“အေး… အေး ထားပါတော့ကွာ။ မင်းက ပျားရည်အကြောင်းတယ်ပြီး ညွှန်းနေတော့ ပျားရည် က အာနိသင်ကောင်းတာတော့ ငါလည်း လက်ခံပါ တယ်။ အဲ -ဒါပေမယ့် အပြင်မှာ ပျားရည်ဝယ်တော့ ငါတို့က ပျားရည်စစ်မစစ် ဘယ်လိုလုပ်သိမလဲ။ ပျားရည်ရောင်းတဲ့လူကတော့ ပျားသလက်မှာ ပျား တွေကပ်နေတာ၊ တွယ်နေတာပြပြီးရောင်းတာပဲ။ အဲ- ဒါပေမယ့် အိမ်ရောက်တော့ အဲဒီပျားရည်က ကျဲတဲ့ အခါကျဲ၊ ပြစ်တဲ့အခါပြစ်၊ တစ်ခါ တစ်ခါကျ လည်း အလွန်ချို၊ တစ်ခါတလေ ကျတော့လည်း အချိုပေါ့သလိုလို။ တို့ရိုးရာနည်းတွေနဲ့ ပျားရည်စစ် မစစ်ဘယ်လိုစမ်းမလဲ။ ပြောစမ်းပါဦး”
“အစ်ကိုကလည်း ဒါလေးများ သိရင်လွယ်လွယ် လေးပါ”
“သိရင်တော့ လွယ်လွယ်ကလေးပေါ့ကွ။ မသိလို့ ခက်နေတာပေါ့”
ကျွန်တော် ပမာမခန့်စလိုက်မိ၍ ကျွန်တော့် အစ်ကို စိတ်ကောက်သွားပုံရသည်။
“ပျားရည် အတုအစစ်စမ်းတာ သိပ်မခက်ဘူးလို့ ကျွန်တော်က ပြောတာပါ။ ပျားရည်ကို လက်ဖဝါးထဲ ထည့်ပြီး ရေနဲ့ ပြန်ပြီးပွတ်သပ်ဆေး၊ လုံးဝပြောင် သွားရင် ပျားရည်စစ်တယ်လို့ ပြောလို့ရတယ်။ အဲ- ပြီးတော့ သတင်းစာစက္ကူပေါ် ပျားရည်ကို အစက်ချ ကြည့်၊ အရည်စိုပြီး အောက်ကိုစိမ့်ကျတာ ဘေးကို ပြန့်သွားတာမရှိရင် ပျားရည်စစ်တာပဲ။ အဲ- နောက် တစ်မျိုးက ပျားရည်ကို စတီးဇွန်းထဲထည့်ပြီး မီးပြ ကြည့်၊ ပျားရည်ပြစ်လာတယ်၊ မီးလောင်တယ်ဆိုရင် ပျားရည်စစ်တာပဲ။ ဒါမှမဟုတ် မီးခြစ်ဆံကို ပျားရည်ဆွတ်ပြီး မီးခြစ်ကြည့် မီးတောက်ရင် ပျားရည်စစ်တာပဲ။ အဲ- နောက်တစ်ခါ ပျားရည်ကို လက်ဖဝါးထဲထည့် ထုံးထည့်ပြီးပွတ်ကြည့်၊ ပူလာရင် ပျားရည်စစ်တာပဲ။ ဒါကြောင့်မို့ ဘာပစ္စည်းကိရိယာ မှမလိုဘဲ ပျားရည်စစ်မစစ် စမ်းလို့ရတာကြောင့် အလွယ်လေးပါလို့ ကျွန်တော်က ပြောတာပါ”
“အေး ... အေး ထားပါတော့ကွာ။ မင်းပျားရည် အကြောင်း လျှောက်ပြောနေတာ ဗဟုသုတတော့ ရပါရဲ့။ မင်းစကားနားထောင်ရတာနဲ့ ငါ့လုံချည်တော့ သေးတွေနဲ့ရွှဲနေပြီ။ ပြန်လာရင်တော့ ဆီးကျိတ် ရောင်တဲ့အကြောင်းပဲပြောတော့၊ ကျန်တာတွေ လျှောက်ပြီးမပြောနဲ့တော့”
အစ်ကိုကြီးက ပြောလည်းပြော သူ့လုံချည်ကို မပြီး အိမ်နောက်ဖေးဘက်သို့ ဝင်သွားသည်။ သူ့ လုံချည်ပေါ်က အကွက်ကြီးက သူဆီးမထိန်းနိုင် ကြောင်း ဖော်ပြနေသည်။
ဆီးကျိတ်ရောင်ရောဂါ
“ကဲ- ပြောတော့။ မင်းပထမဆုံးစပြီး ပြောခဲ့တဲ့ ဆီးကျိတ်ရောင်ရောဂါအကြောင်း၊ ဒိပြင်ဟာတွေ ပြောချင်ရင်လည်း နောက်မှပြောကွာ”
အစ်ကိုကြီး အိမ်နောက်ဘက်မှ ပြန်ရောက်လျှင် ရောက်ချင်း ဆီးကျိတ်ရောင်ရောဂါအကြောင်းကို အလောတကြီးမေးလာသည်။
“ဆီးကျိတ်ရောင်ရောဂါက ယောက်ျားတွေ အသက် ၅၀ ကျော်လာရင် ဖြစ်တတ်တဲ့ ရောဂါ တစ်မျိုးပါ။ အထူးသဖြင့် ရေသောက်နည်းတာ။ ရေသောက်နည်းတော့ ဆီးသွားနည်းတယ်။ ဆီးသွား နည်းတဲ့အထဲမှာ ဆီးကိုသွားချင်တဲ့အချိန်မှာ မသွား ဘဲ အောင့်ထားတာ။ သဘောက ဆီးတွေက ဆီးအိမ် ထဲမှာ စုနေကြတယ်။ အဲဒါကို အလုပ်မအားလို့၊ လူကြားထဲဖြစ်နေလို့၊ အိမ်သာမတွေ့လို့ ချက်ချင်း မသွားရင် အဲဒီဆီးအိတ်ကြီးထဲမှာ တင်းနေတယ်။ ဆီးအိတ်က ကျွန်တော်တို့ ကလေးတွေကစားတဲ့ ပူစီဖောင်းလိုပဲ။ သိပ်ပြီးအတင်းကြီး လေမှုတ်ထား ရင် ပူစီဖောင်းကျယ်သွားရင် နောက်ပိုင်းမှာ ညှစ်အား လျော့သွားသလို၊ ဆီးအိတ်ကလည်း သိပ်ပြီးစုထား ရင် ဆီးအိတ်က ရှုံ့တဲ့ကြွက်သား၊ ဖောင်းတဲ့ကြွက်သား တွေက အားပျော့သွားပြီး မကျုံ့နိုင်တော့တာ။ ဆီးမထိန်းနိုင်တာ”
“အဲ…အဲဒီမှာ ဆီးသွားတာ ထိန်းတာကို ဆီးကျိတ်က အလုပ်လုပ်ပေးရတယ်။ အဲဒီဆီးကျိတ် ကလည်း သာမန်ထက်ပိုပြီး အလုပ်လုပ်ရတဲ့အတွက် ဆီးကျိတ်ရောင်လာတာ။ အဲဒီတော့ ဒါကအခြေခံ အချက်ပဲ။ ကျန်တဲ့ယောကျ်ားနဲ့ ပတ်သက်တဲ့ ဟိုမုန်းတွေ လျော့သွားတာလည်းပါတယ်။ အဲဒီ အတွက်ကြောင့် ဆီးကျိတ်အတွက် လိုအပ်တဲ့ ဟိုမုန်းနဲ့ အာဟာရတွေ ဖြည့်စွမ်းပေးတဲ့ ပျားဝတ်မှုန် ကို စားပေးရတာ”
“အေး…ကောင်းပါပြီ။ မင်းဒါ့ကြောင့် ဆီးကျိတ် ရောင်တာတွေ ဘာတွေမဖြစ်ဘူး ဆိုပါတော့။ မင်းပြောတဲ့ ပျားဝတ်မှုန်ဆိုတာ ဘယ်လိုလဲ၊ ဘယ်ကရတာလဲ ပြောစမ်းပါဦး”
သူ့ရောဂါအကြောင်းပြောခြင်းဖြစ်၍ အစ်ကိုကြီး အတော်လေးစိတ်ဝင်စားပုံရသည်။
“ပျားဝတ်မှုန်ဆိုတာ ပန်းပွင့်တွေမှာ အဖိုဝတ် ဆံတိုင်နဲ့ အမဝတ်ဆံတိုင်ဆိုတာရှိပါတယ်။ အဲဒီ အဖိုဝတ်ဆံတိုင်က အမှုန်တွေဖြစ်ပြီး လုပ်သားပျား တွေက ပျားသားလောင်းလေးတွေကို ကျွေးဖို့ သယ်လာတဲ့ ပန်းဝတ်မှုန်ဖြစ်ပါတယ်။ သဘာဝအစာ ဖြစ်ပြီး အာဟာရဓာတ်အလွန်ကြွယ်ဝပါတယ်။ ပန်းပွင့်တွေက ဝတ်ဆံဖိုအမှုန်တွေ ရင့်မှည့်လာချိန် မှာ လုပ်သားပျားတွေက ဝတ်မှုန်ကူးတာတွေ လုပ် ရင်း သူတို့ကိုယ်ပေါ်မှာ ကပ်ပါလာတဲ့ ဝတ်မှုန်တွေကို သူတို့လျှာမှာရှိတဲ့ တံတွေးနဲ့ ဝတ်မှုန်ခဲတွေ လုပ် လိုက်ပါတယ်။ သူတို့တံတွေးမှာလည်း အာဟာရ ဓာတ်ပြည့်ဝတဲ့ အင်ဇိုင်းတွေကြောင့် အာဟာရဓာတ် ပြည့်ဝသွားတာပါ။ အဲဒါ ဝတ်မှုန်ခဲတွေကို လုပ်သား ပျားတွေရဲ့ နောက်ဆုံး ခြေထောက်မှာရှိတဲ့ ဝတ်မှုန် အိတ်ထဲထည့်ပြီး ပျားအုံကို သယ်ခဲ့တာပါ။ အဲဒီ ဝတ်မှုန်ခဲတွေကို ကျွန်တော်တို့လူတွေက ဆေး အဖြစ်စားတာပါ”
“အင်း…မင်းတို့ ငါတို့လူတွေက ပျားတွေအပေါ် ခေါင်းပုံဖြတ်တာပေါ့ကွာ။ ပျားရည်လည်းယူ။ ဝတ်မှုန်ခဲလည်း ယူနဲ့ အတော်တော့မတရားတာဘဲ။ ကဲ- ထားပါတော့ အဲဒီ ပျားဝတ်မှုန်က လူတွေ အတွက် ဘာတွေကောင်းတာလဲ။ ပြောစမ်းပါဦး”
“အဲဒီ ပျားဝတ်မှုန်မှာ လူတွေအတွက် အာဟာရ ဓာတ်အပြည့်အစုံ ပါဝင်ပါတယ်။ အထူးသဖြင့် ပရိုတိန်းဓာတ် ၂၅ ရာခိုင်နှုန်းပါဝင်တဲ့ အမိုင်နို အက်ဆစ် နှစ်မျိုးအထက်ပါဝင်တဲ့အပြင် အဆီဓာတ်၊ ကာဗိုဟိုက်ဒြိတ်နဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပါ တယ်။ ဒါကြောင့် ယောက်ျားတွေ ဖြစ်လေ့ရှိတဲ့ ဆီးကျိတ်ကြီးခြင်း၊ ဆီးကျိတ်ရောင်ခြင်းတွေကို ပျောက်ကင်းစေပါတယ်။ ဆီးကျိတ်ကင်ဆာကို ပျောက်ကင်းစေတဲ့ သဘာဝဆေးတစ်လက် ဖြစ်ပါ တယ်။ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်စေတဲ့အပြင် အရေပြားလှပဖို့ ပါးရေတွန့်ခြင်းကို ကာကွယ်ပေးနိုင် ပါတယ်။ ဒါ့အပြင် အရွယ်ကိုလည်း နုပျိုစေပြီး စိတ်သွားတိုင်းကိုယ်ပါတဲ့ အကြောဆေးဖြစ်ပါတယ်”
“အထူးသဖြင့်တော့ ဆေးအညွှန်းထဲမှာ ကာမ ဆန္ဒအားနည်းသူများ သောက်သုံးသင့်တယ်လို့ တောင် ညွှန်းထားတယ်။ ဒါကြောင့် အသက်အရွယ် မရွေး၊ ယောက်ျား မိန်းမ မရွေး သောက်သုံးသင့်ပါ တယ်။ မိန်းမတွေလည်း ဓမ္မတာမမှန်တာ သောက် ရင် ဓမ္မတာမှန်စေတယ်လို့ သိရပါတယ်။ အဲ- နောက် ပြီး ဒီပျားဝတ်မှုန်မှာ ပါဝင်တဲ့ လက်ဆီသင်(Lecithin)လို့ခေါ်တဲ့ အင်ဇိုင်းက လူမှာရှိတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့အတွက် အဝလွန်သူများ၊ ကိုယ်အလေးချိန်လျှော့ချလိုသူများ သောက်သုံးသင့် တဲ့အပြင် ပျားဝတ်မှုန် ပုံမှန်စားခြင်းဖြင့် ပဋိဇီဝဆေး (ANTIBIOTICS)တွေ သောက်သုံးခြင်းကလည်း ကာကွယ်နိုင်ပါတယ်”
“အဲ…နောက်ပြီး…
“တော်ပါတော့ကွာ။ မင်းအဲဒီပျားဝတ်မှုန် ထုတ်တဲ့ဌာနက ကြော်ငြာခရသလား မသိပါဘူး။ တယ်ပြီးညွှန်းနေပါလား”
“ကြော်ငြာခတော့မရပါဘူး။ ဒါပေမယ့် ဒီပျား ဝတ်မှုန်က ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ပျားလုပ်ငန်းသမဝါယမက ထုတ်လုပ်တာ ပါ။ အစ်ကိုစားဖို့ ကျွန်တော် ဒီမှာ တစ်ပုလင်းပါလာ တယ်။ အစ်ကိုစားကြည့်လို့ တည့်တယ်ဆိုရင် ကျွန်တော် နောက်ထပ်ဝယ်ပြီး ကန်တော့ပါမယ်”
ကျွန်တော်က ပျားဝတ်မှုန်ပုလင်းကို အစ်ကို့ လက်ထဲ ထည့်လိုက်သည်။
“ကိုအောင်ရေ... ပါးရေတွန့်တာတော့ပျောက်ပြီး နုပျိုတယ်ဆိုလို့ နောက်တစ်ခါလာရင် ကျွန်မအတွက် လည်း တစ်ပုလင်းယူခဲ့နော်”
ကျွန်တော့်ညီမ အပျိုကြီးကလည်း ပျားဝတ်မှုန် တစ်ပုလင်းထပ်ပြီး မှာနေသည်။ မည်သို့ ဆိုစေ။ ကျွန်တော်တို့ ပျားလုပ်ငန်းသမဝါယမမှ ထုတ်လုပ် သည့် သဘာဝအားဆေး ပျားဝတ်မှုန်ဖြင့် ကျွန်တော် ကုသိုလ်ပြုရပေဦးတော့မည်။ ။
- Log in to post comments