
ခင်မောင်ညို (ဘောဂဗေဒ)
==========
(၈-၇-၂၀၂၁ ရက်နေ့မှအဆက်)
ခင်ဗျားသည်လည်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်
နယူးယောက်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ခဲတံရောင်း ကာ ငွေတောင်းခံနေသည့် လူငယ်တစ်ယောက်၏ ခွက်ထဲသို့ တစ်ဒေါ် လာ ထည့်လိုက်သည်။ ထို့နောက် သုတ်သီးသုတ်ပျာဖြင့် ရထားပေါ်သို့ ပြေးတက်သွားသည်။ နောက်မှ ရထားပေါ်မှ ပြန်ဆင်းလာကာ စောစောက ခဲတံရောင်းသူထံသွားပြီး ခွက်ထဲက ခဲတံအချို့ကို နှိုက်ယူ လိုက်သည်။ သူအလောတကြီးဖြစ်နေသဖြင့် ခဲတံကိုမယူမိဟုပြောပြီး တောင်းပန်လိုက်သည်။ ထို့နောက် “ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပဲဖြစ်တယ်။ ခင်ဗျားမှာလည်း ရောင်းစရာတွေရှိနေပြီး ဒါတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်း သတ်မှတ် ထားတာပဲမဟုတ်လား” ဟုပြောလိုက်သည်။
နောင် ကာလအတန်ကြာသည့်အခါတွင် လူမှုရေးပွဲလမ်းသဘင် တစ်ခု၌ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် အရောင်းသမားတစ်ဦးက စီးပွားရေးလုပ်ငန်းရှင်ထံသို့လာ၍ သူ့ကိုယ်သူ မိတ်ဆက်သည်။ “ခင်ဗျားကတော့ ကျွန်တော့်ကို မှတ်မိမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို ဘယ်တော့မှ မမေ့ဘူး။ ခင်ဗျားနဲ့ မတွေ့မီအထိတော့ ကျွန်တော်ဟာ ခဲတံတွေရောင်းနေတဲ့ သူတောင်းစားတစ်ယောက်ပါပဲ။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို စီးပွားရေးလုပ်ငန်းရှင်လို့ ပြောသွားခဲ့ တဲ့ အချိန်ကစပြီး ကျွန်တော်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်သွားတယ်”ဟု ပြောလိုက်သည်။
“လူအများသည် သူတို့ကိုယ်တိုင်သွားနိုင်သည်ထက်ပို၍ အခြား သူများ ထင်သလောက် ရောက်အောင်သွားနိုင်ကြသည်။ ခင်ဗျားအနေ ဖြင့် အခြားသူများကို ဘယ်လိုမြင်ပါသလဲ၊ ကျွန်တော်တို့ လုပ်နိုင်သည့် အကောင်းဆုံးသော ကိစ္စရပ်မှာ မိမိတို့၏ ဥစ္စာဓနများအား သူတို့ကို ပေးပစ်ရန်မဟုတ်ဘဲ သူတို့၏ ကိုယ်ပိုင်ဥစ္စာဓနများကို ထုတ်ဖော်ပြ အောင် လုပ်ရန်သာဖြစ်သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ၌ ပါရမီများ၊ အစွမ်းအစများရှိနေကြသည်မှာ အလွန်အံ့သြစရာ ကောင်းသည်။ ကျွန်တော်တို့အနေဖြင့် အပိုင်းနှစ်ပိုင်းပြီးခဲ့ပြီးဖြစ် သည်။ အောင်မြင်မှုအတွက် ပထမအဆင့်မှာ ခင်ဗျား၏ ကိုယ်ပိုင် အစွမ်းအစများကိုသိရန်ဖြစ်ပြီး ဒုတိယအဆင့်မှာ အခြားသူများ၏ အစွမ်းအစများကို သိမြင်နိုင်ရန် ဖြစ်ပါသည်။ ကံကောင်းစွာပင် ကျွန်တော်တို့အနေဖြင့် မိမိတို့၏ အစွမ်းအစများကို အသိအမှတ် ပြုနိုင်သောအခါ အခြားသူများ၏ အစွမ်းအစများကိုလည်း အသိအမှတ်ပြုရန် လွယ်ကူသွားပါသည်။ ထိုအချက်ကို ကျွန်တော်တို့ သိရှိလိုက်သည်နှင့်တစ်ပြိုင်နက် အခြားသူများလည်း ထိုအရာကို ရှာဖွေတွေ့ရှိရန် အကူအညီပေးနိုင်ပါသည်။
ဘဏ်များ၏ ငြင်းပယ်ခံရသည့်သူ
ဘဏ်လုပ်ငန်းရှင်များအတွက် လမ်းညွှန်ချက်များအရသော် လည်းကောင်း၊ စီးပွားရေးအတွေးအခေါ်များအရ သော်လည်းကောင်း စဉ်းစားမည်ဆိုခဲ့လျှင် သူတို့အနေဖြင့် ငွေမချေးသင့်သည့်သူတစ်ဦး ရှိသည်။ ဘဏ်မှ ချေးငွေလျှောက်ထားသူတစ်ဦးအနေဖြင့် ပေါင်စရာ နှံစရာ လုံးဝမရှိ။ သူဒေါ်လာ ၆၀၀၀ လိုနေသည်ကိုပင် လုပ်ငန်း သက်သေပြနိုင်ခြင်းမရှိ။ သို့သော် စီးပွားရေးလုပ်ငန်းအသစ်တစ်ခု အတွက် သူ့အနေဖြင့် ငွေထပ်၍ ထည့်ဝင်လိုခြင်းဖြစ်သည်။ ကုမ္ပဏီ တစ်ခုကို လည်ပတ်သည့် လုပ်ငန်းအတွေ့အကြုံလည်း လုံးဝမရှိ။ အတွေးအခေါ်ချင်း မတိုက်ဆိုင်သဖြင့် ယခင်အလုပ်ရှင်ဟောင်းနှင့် လည်း လမ်းခွဲခဲ့ရသည်။ စီးပွားရေးအခြေအနေကလည်း ကောင်းခြင်း မရှိပါ။ ပို၍ဆိုးသည်မှာ ခရစ်ယာန်ဥပဒေသများအပေါ်မူတည်၍ စီးပွား ရေး လုပ်ငန်းအသစ်တစ်ခုကို တည်ထောင်မည်ဆိုခြင်းပင်ဖြစ်သည်။ သူ့အနေဖြင့် ဖောက်သည်များ၊ ကုမ္ပဏီများနှင့် အရောင်းသမားများသည်အရောင်းအဝယ်တစ်ခုဖြစ်သွားသည့်အခါတွင် အကျိုးအမြတ် ရှိလိမ့်မည်ဟုသာ လက်ခံထားသည်။ ပြဿနာကို ပို၍ဆိုးအောင်လုပ် သည်မှာ အဆင်ပြေသည့်အခါမှ ငွေပေး၍မရဘဲ အချိန်စေ့ရောက်သည် နှင့် တစ်ပြိုင်နက် လစာများ၊ ဆုကြေးများကို ပေးချေရမည်ဖြစ်သည်။
အကယ်၍ ခင်ဗျားအနေဖြင့် ဘဏ်လုပ်ငန်းရှင်တစ်ဦး၏ မျက်စိ အမြင်ဖြင့်ကြည့်ပြီး ထိုအခြေအနေသည် အတော်ဆိုးရွားသည်ဟု ထင်ခဲ့လျှင် ဆက်ဖတ်ကြည့်ပါ။ ပို၍ ဆိုးလာပါလိမ့်မည်။ မေရီကလိုရီက အရောင်းအဝယ်လုပ်ငန်းကိုသော်လည်းကောင်း၊ လေ့ကျင့်ရေးသင်တန်း တစ်ခုကို သော်လည်းကောင်း ဆုတောင်းခြင်းဖြင့် စသင့်သည်ဟု ယုံကြည် သည်။ နောင်တွင် သူနှင့် သားဖြစ်သူ ဒွန်ကာတာတို့သည် မသန်မစွမ်း သူများကို ငှားရမ်းကာ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ကြ သည်။ သူတို့တွက်ကိန်းလည်း မှန်သည်။ စီးပွားရေးလုပ်ငန်းသည် မနိုင်မနင်းဖြစ်လာပြီး အရောင်းလုပ်ငန်းများ တိုးချဲ့ရခြင်း၊ အဆောက် အအုံများ ဆောက်လုပ်ရခြင်းနှင့် ဝန်ထမ်းများထပ်ခန့်ရခြင်းတို့ကြောင့် ကုမ္ပဏီအနေဖြင့် အမှာစာများကို နိုင်နိုင်နင်းနင်း မစွမ်းဆောင်နိုင်တော့ ပေ။ စိတ်ဝင်စားစရာကောင်းသည်မှာ ပြိုင်ဘက်များ၏ မျက်စိထဲ၌ ၎င်းတို့၏ ဟုမ်းအင်တီးရီးယား အင်ဂစ်ရှော့ကုမ္ပဏီသည် သွားရည် ကျလောက်အောင် ထိန်းမနိုင်သိမ်းမရ ကြီးထွားနေခြင်းပင် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာ ၁၀ ရက်နေ့တွင် လုပ်ငန်းများကို ရပ်နားထားလေ့ရှိသည်။ သူတို့အသက်ရှူချိန်ရရန်နှင့် ခရစ္စမတ် ကာလ၌ စီးပွားရေးလုပ်ငန်းများကို ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ရန်ဟု ဆိုသည်။ ကျွန်တော်သိရသမျှဆိုလျှင် ထိုသို့သော လုပ်ငန်း ဆောင်ရွက်သည့်ကုမ္ပဏီမှာ အမေရိက၌ ဤတစ်ခုတည်းသာ ရှိသည်။
မည်သို့သော အခြေအနေမျိုးရှိခဲ့စေကာမူ ငြင်းပယ်သည့် ဘဏ်လုပ်ငန်းရှင်တစ်ယောက်ဘက်မှ ကြည့်လျှင်မှန်ပြီး လက်ခံသည့် ဘဏ်လုပ်ငန်းရှင်တစ်ယောက်ဘက်မှ ကြည့်လျှင်လည်း မှန်ကြောင်း ထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် ဟုမ်းအင်တီးရီးယား အင်ဂစ်ဖ်ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ခဲ့သည့် မစ္စစ်မေရီကလိုရီ၏ ဇာတ်လမ်းသည် ယခုရာစုနှစ်၌ အံ့ဖွယ်ကောင်းသော ဇာတ်လမ်းတစ်ခု ပင် ဖြစ်သည်။ လက်မဲ့ခြေမဲ့ဘဝမှစခဲ့ပြီးလျှင် မေရီကလိုရီက ထူးချွန် အောင်မြင်မှုဆိုင်ရာ နိယာမများကို အသုံးချနိုင်မှုကြောင့် တိုက်ရိုက် အရောင်းလောကတွင် စံပြကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။ ဘုရားသခင် ကို ယုံကြည်မှုအပေါ်အခြေခံ၍ တည်ဆောက်ပြီး သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယုံကြည်မှု၊ သိက္ခာသမာဓိရှိမှုနှင့် ကြိုးစားမှု အခွင့်အလမ်းကောင်းများအပေါ်၌ အခြေခံကာ စီးပွားရေးလုပ်ငန်းတစ်ခု တည်ဆောက်ရုံမျှသာမဟုတ်ဘဲ ထိုစီးပွားရေးလုပ်ငန်းကို ထာဝရ တည်မြဲအောင်လည်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပို၍ ဝမ်းသာစရာ ကောင်းသည်မှာ အမျိုးသမီးများ၏ဘဝ၌ ရှိတတ်သော အာဃာတများ၊ အဆင့်အတန်းခွဲခြားမှုများကို သူ၏ကုမ္ပဏီအတွင်း၌ လုံးဝမပေါ်ပေါက် စေရဟု ခံစားနားလည်ခဲ့ခြင်းကြောင့် ဖြစ်သည်။
လူတော်တော်များများတို့က သူ၏ကုမ္ပဏီ ဘာကြောင့် အချိန် တိုတိုအတွင်း ဤမျှကြီးကျယ်ထင်ရှားသည့် အောင်မြင်မှုများကို ရရှိ သနည်းဟု မေးကြသည်။ တိုတိုပြောရလျှင် မေရီကလိုရီ၏ အောင်မြင်မှု များကို စကားလုံးအနည်းငယ်ဖြင့် ပြောပြနိုင်သည်။ သူ့အနေဖြင့် နက်နက်ရှိုင်းရှိုင်း ယုံကြည်ခဲ့ခြင်းကြောင့် မြင့်မြင့်မားမားသို့ ရောက်ရှိခဲ့ ခြင်းဖြစ်သည်။ ယုံကြည်ချက်ထားရှိသည့်သူတစ်ယောက်သည် စိတ်ဝင်စားရုံသာဖြစ်သည့် လူ ၉၉ ယောက်နှင့် ညီမျှသည်ဟု သူက ယုံကြည်ခဲ့သည်။ လူတိုင်းလူတိုင်းမှာရှိသည့် အဆုံးအစမရှိသော အစွမ်း အစများကို သူယုံကြည်ထားသည်။ သူ၏အရောင်းအမျိုးသမီးများကို တိုးတက်ကြီးပွားရန်နှင့် ငွေရေးကြေးရေး ပြည့်စုံရန် အဆုံးအစမရှိသော အခွင့်အရေးများရှိစေရမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားသူဖြစ်သည်။ လူအများကို စိတ်ဓာတ်အားဖြင့်လည်းကောင်း၊ ကိုယ်ကျင့်သီလအားဖြင့် လည်းကောင်း၊ ကိုယ်ခန္ဓာအားဖြင့်လည်းကောင်း တည်ဆောက်နိုင်ခဲ့လျှင် ထိုအခြေခံများအပေါ်မူတည်၍ စီးပွားရေးလုပ်ငန်းကို တည်ဆောက် နိုင်မည်ဟု သူယုံကြည်ခဲ့သည်။ မည်သည့်အဆင့်အတန်းဖြင့်ကြည့် ကြည့် မေရီကလိုရီသည် ကြွယ်ဝသည့်သူ ဖြစ်သည်။ အဘယ်ကြောင့်ဆို သော် သူ၏ ပိုင်ဆိုင်ခြင်းကြောင့်မဟုတ်ဘဲ သူ့မှာရှိသည့်အရာများကို အသုံးချသည့်အတွက် ကြွယ်ဝသည့်သူတစ်ယောက် ဖြစ်လာခဲ့သည်။
မေရီက သူ၏စာအုပ်ထဲ၌ ကြီးကြီးကျယ်ကျယ် တွေးပါ။ လူတွေ သည် သူတို့မှ အထိုက်တန်ဆုံးဟု ခံစားရသောအခါများ၌ ချစ်ခင်ခံရရန် အလိုအပ်ဆုံးဖြစ်သည်။ သောကဆိုသည်မှာ စိတ်ကူးစိတ်သန်းများကို အလွဲသုံးစားလုပ်ခြင်းဖြစ်သည်။ ဘုရားသခင်အား အစိတ်အပိုင်း အားလုံးကို ပေးလိုက်လျှင် ကွဲနေသည့်နှလုံးသားကိုပင် ပြုပြင်ပေးနိုင် သည်။ ခင်ဗျားမှာရှိသမျှ အကုန်ပေးလိုက်သော်လည်း မည်သည့်အခါမျှ လက်မမြှောက်ပါနှင့်၊ ခေါင်းမမာပါနှင့်၊ နှလုံးသားမာပါစေ၊ ကျွန်မသည် ဘုရားသခင်၏ တွက်နည်းပညာကို သဘောကျသည်။ ပျော်ရွှင်မှုများကို အခြားသူများနှင့် မျှဝေခံစားလေလေ အဆများစွာ တိုးပွားလာ လေလေပင် ဖြစ်သည်။ ဘုရားသခင်သည် ဘာမျှမဟုတ်သည့်သူတစ် ယောက်ကို ဖန်ဆင်းရန်အတွက် အချိန်မရ။ အသုံးဝင်သူ တစ်စုံ တစ်ယောက် ဖြစ်လာအောင်သာ ဖန်ဆင်းထားပါသည်။
မေရီကလိုရီနှင့် သူ့ကုမ္ပဏီ၏ ဇာတ်လမ်းသည် ပန်းခင်းသော လမ်းမဟုတ်ပေ။ ချွေးများ၊ သွေးများ၊ မျက်ရည်များနှင့် ရင်ဆိုင်ရသည့် အခါများလည်းရှိတတ်သည်။ သို့သော် မေတ္တာများ၊ ယုံကြည်မှုများ၊ စိတ်အားထက်သန်မှုများ၊ ကြင်နာမှုများ၊ ရိုးရိုးသားသား အလုပ်ကြိုး စားမှုများ စသည့်အရေးကြီးသော အရာများမှာ မည်သည့်အခါကမျှ လိုအပ်နေခြင်းမရှိပေ။ ဘဝမှာ ရှိသမျှကောင်းသည့်အရာများအားလုံး ကိုပေးလိုက်နိုင်သည်။ မေရီ၏ ဇာတ်လမ်းမှာ ဂန္ထဝင်ဇာတ်လမ်းတစ်ခု ဖြစ်သည်။ အခြားသူများအား သူတို့လိုချင်သည့် အရာများကို ရရှိ အောင်ကူညီလျှင် ခင်ဗျားအနေဖြင့်လည်း အရာရာကို ရယူနိုင်ကြောင်း ထိုဇာတ်လမ်းကို အသုံးချ၍ သက်သေပြနိုင်သည်။
ကြွက်များ
နှစ်အတန်ကြာက ဟားဗတ်တက္ကသိုလ်၌ ဒေါက်တာရောဘတ် ရိုဆင်သယ်လ်က ကျောင်းသားသုံးဖွဲ့နှင့် ကြွက်သုံးစုတို့ပါဝင်သည့် စမ်းသပ်ချက်များကို ပြုလုပ်ခဲ့သည်။ ပထမကျောင်းသားတစ်ဖွဲ့ကို သူက “မင်းတို့ သိပ်ကံကောင်းတယ်၊ တကယ့်ပါရမီရှင် ကြွက်တွေနဲ့ စမ်းသပ်ရမှာ။ ဒီကောင်တွေကို ဉာဏ်ကောင်းအောင် ပြုစုပျိုးထောင် ထားရတာ၊ သိပ်ပြီးတော့လည်း ထူးချွန်ကြတယ်။ သူတို့ဟာ ဝင်္ကပါရဲ့ တစ်ဖက်ထိပ်ကို ခဏလေးနဲ့ ရောက်နိုင်ပြီးတော့ ဒိန်ခဲတွေကိုလည်း အများကြီးစားနိုင်တယ်”ဟု ပြောလိုက်သည်။
ဒုတိယအုပ်စုကို “မင်းတို့ကြွက်ကတော့ သာမန်ကြွက်တွေပဲ၊ သိပ်လည်း မတော်ဘူး၊ သိပ်လည်း မထုံထိုင်းဘူး၊ ဝင်္ကပါရဲ့အဆုံးကို သူတို့နောက်ဆုံးတော့ ရောက်သွားလိမ့်မယ်။ ဒိန်ခဲအချို့အဝက်ကို စားမယ်။ ဒါပေမဲ့ သူတို့ကို သိပ်တော့မျှော်လင့်မထားနဲ့။ သူတို့ရဲ့ စွမ်းဆောင်မှုကလည်း ပျမ်းမျှလောက်ပဲရှိကြမှာ”ဟု ပြောသည်။
သူက တတိယကျောင်းသားအုပ်စုအား “ဒီကြွက်တွေကတော့ တော်တော်ညံ့တဲ့ကောင်တွေ။ သူတို့ဟာ ဝင်္ကပါရဲ့အဆုံးကို ရှာတွေ့ခဲ့ ရင်တောင် ဒါဟာ မတော်တဆတွေ့တာပဲ၊ သူတို့ဉာဏ်ရှိလို့ ရောက် သွားတာ မဟုတ်ဘူး။ သူတို့ရဲ့ စွမ်းရည်ကလည်း နိမ့်တယ်။ မင်းတို့ ဒိန်ခဲဝယ်ထားစရာတောင် လိုမယ်မထင်ဘူး။ လမ်းအဆုံးမှာ ဒိန်ခဲလို့ တစ်ခုခုပေါ်မှာ ရေးထားလိုက်ရင် ပြီးမယ်ထင်ပါတယ်”ဟု ပြောသည်။
နောက်ထပ် ခြောက်ပတ်ကြာသည့်တိုင်အောင် ကျောင်းသားများ က သိပ္ပံနည်းအရ လိုအပ်သည့် ထိန်းချုပ်မှုများအားလုံးကို တိတိ ကျကျ ဆောင်ရွက်ပြီး စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ ပါရမီရှင်အဖြစ် သတ်မှတ် ခံရသည့် ကြွက်များသည် ဝင်္ကပါ၏အဆုံးကို အချိန်တိုအတွင်း ရောက်ရှိသွားကြသည်။ သာမန် ကြွက်များက လမ်းဆုံးသို့ရောက်အောင် သွားနိုင်သော်လည်း စံချိန်မချိုးနိုင်။ အညံ့ဆုံးဟု သတ်မှတ်ခံရသည့် ကြွက်များက ဝင်္ကပါ၏ အဆုံးတိုင်အောင်ပင် မရောက်နိုင်ကြပေ။
ဤနေရာ၌ စိတ်ဝင်စားစရာတစ်ခုရှိသည်။ ထိုကြွက်များထဲ၌ ပါရမီရှင်ကြွက်ဟူ၍လည်းကောင်း၊ ကြွက်ညံ့ကြွက်ထုံများဟူ၍လည်း ကောင်းမရှိ။ သူတို့သည် တစ်စုတည်းက ပေါက်လာသည့် တူညီသော ကြွက်များသာ ဖြစ်ကြသည်။ စွမ်းဆောင်ရည်ခြားနားနေရခြင်းမှာ စမ်းသပ်မှုပြုလုပ်သည့် ကျောင်းသားများ၏ သဘောထားများ ကွာဟ နေခြင်းကြောင့်သာဖြစ်သည်။ တိုတိုပြောရလျှင် ကျောင်းသားများက သူတို့ကို ကွဲကွဲပြားပြားမြင်သဖြင့် ခြားနားသောရလဒ်များကို ဖြစ်ပေါ် စေခဲ့သည်။ ကျောင်းသားများအနေဖြင့် ကြွက်များ၏ ဘာသာစကားကို မတတ်။ သို့ရာတွင် ကြွက်များမှာလည်း သဘောထားများ ရှိနေကြ သည်။ သဘောထားဆိုသည်မှာ တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော ဘာသာစကားတစ်ခုပင် ဖြစ်သည်။ ။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments