၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ သည့် (၇၄) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယနေ့အခါ နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပြီဖြစ်သော်လည်း ယနေ့ထက် တိုင်အောင် မမေ့နိုင်သည့်အကြောင်းရင်းအဖုံဖုံတို့တွင် မသမာသူအကြမ်းဖက်သမား လူသတ်သမားများ၏ ရက်စက်ကြမ်းကြုတ်မှုသည် အာဇာနည်ဖြစ်လာရခြင်း အကြောင်းရင်းခံဖြစ်သည်။
မတစ်ထောင် တစ်ကောင်ဘွား ယောကျ်ားအာဇာနည်အစစ်သည် အစားထိုး မရသော အာဇာနည်ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ရက်၊ လ၊ နှစ်၊ ရာစုများ အလီလီကုန်ဆုံး ခဲ့သော်လည်း၊ နှစ်များရှည်ကြာလာခဲ့သော်လည်း သူလိုလူကို မမေ့၊ သူလိုလူပုဂ္ဂိုလ် မျိုး နောက်ထပ်ပေါ်လာရန် အကြောင်းမရှိပေ။ ထိုသို့ ရှားမှရှား တကယ့်အာဇာနည် ယောကျ်ားကောင်းများအား လုပ်ကြံသတ်ဖြတ်ဝံ့သူတို့သည် ဟိတ်ဟန်တစ်ခွဲသားနှင့် အကဲကြွားပိုကာ အောက်ခြေလွတ်သော အာဏာယစ်မူးနေသော နိုင်ငံရေးအစွန်း ရောက်သမားတို့၏ စေခိုင်းခြင်းကိုခံရသည့် အသိဉာဏ်၊ စဉ်းစားဆင်ခြင်ဉာဏ်မဲ့သော လူမိုက်လူရမ်းကားတို့သာဖြစ်သည်။
ပြန်လည်အစားထိုးမရနိုင်သော နိုင်ငံ့အကျိုးပြု၊ တိုင်းပြည်အကျိုးပြု၊ ရှားမှရှား အမျိုးကောင်းသား၊ ကိုယ်ကျိုးစွန့်အနစ်နာခံသူများအား တိုင်းပြည်နှင့်လူမျိုးတို့က ချစ်ခင်မြတ်နိုးတန်ဖိုးထားကြသည်။ ယုံကြည်အားကိုး နှစ်သက်လိုလားကြသည်။ ယင်းကို ကိုယ်ကျိုးရှာမှု၊ အတ္တကြီးမှု၊ အာဏာခုံမင်မက်မောမှုကြီးမားသော နိုင်ငံရေး အစွန်းရောက်တို့သည် ပြည်သူတို့က တန်ဖိုးထားမြတ်နိုးမှုများအား ဣဿာမစ္ဆရိယ အလွန်ကြီးမားသည့် မလိုမုန်းပွားသော စိတ်ထားများဖြစ်လာကြသည်။ အဆိုပါ ပုဂ္ဂိုလ်များကို သတ်ချင်ဖြတ်ချင် ဖျက်ဆီးချင်နေကြသည်။ သွေးထိုးလှုံ့ဆော် မြှောက်ပင့်အားပေးမှုများနှင့် အခွင့်အခါသင့်သောအချိန်၌ အသိဉာဏ်နည်းသော လူမိုက်အားကိုးဖြင့် သတ်ဖြတ်လုပ်ကြံရန် အားထုတ်တော့သည်။
သို့ဖြင့် အမျိုးကောင်းသားအာဇာနည်များ သွေးမြေကျခဲ့ရသည်။ ပြည်သူလူထု ကြားတွင် ပူဆွေးသောကရောက်ကြသည်။ အမျိုးကောင်းသား အာဇာနည်ပုဂ္ဂိုလ် များအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် လူမိုက်များကြောင့် အာဇာနည်ခေါင်းဆောင်ကြီး များ အသက်ပေးစတေး၍ ပေးဆပ်ခဲ့ရခြင်းသည် အဆုံးသတ်သွားခြင်းမရှိသေးပေ။ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတစ်လျှောက်တွင် အာဏာတည်းဟူသော အမိုက် မှောင်ဖုံးမှုကြောင့် လက်နက်အားကိုးဖြင့် ယုတ်မာရက်စက်သည့်လုပ်ရပ်များ ဆိုးမွေကျန်ရစ်ခဲ့သည်။ အာဇာနည်ပုဂ္ဂိုလ်ကြီးများမဟုတ်သော်လည်း အာဇာနည် ခေါင်းဆောင်ကြီးများ လိုလားသည့်ခံယူချက်များ၊ လမ်းစဉ်များကို ဆက်လက် ဖျက်ဆီးခဲ့ကြပေသည်။ တိုင်းပြည်အကျိုးစီးပွားကို ငြိမ်းချမ်းသောနည်းဖြင့် အဖြေမရှာဘဲ ယုတ်မာညစ်ထေးသော နိုင်ငံရေးနည်း၊ လက်နက်အားကိုးသော အကြမ်းဖက်ရက်စက်ယုတ်မာနည်းများကို အသုံးချခဲ့ကြလေသည်။ မင်းသားကြီး မလုပ်ရလျှင် ပတ်မကြီးထိုးဖောက်သည့်၊ ကြွက်မနိုင်လျှင် ကျီမီးနှင့်ရှို့သည့် ရက်စက်သည့် လုပ်ရပ်များကို လုပ်ကိုင်နေကြသည်။ ဤအဖျက်လုပ်ရပ်များသည်ကား မိမိလည်း အကျိုးမရှိ၊ တိုင်းပြည်လည်း အကျိုးမဲ့သည့်လုပ်ရပ်များသာ ဖြစ်သည်။ နိုင်ငံရေးယုတ်မာညစ်ထေးသူတို့ကား အသိဉာဏ်မဲ့သူ၊ လူမိုက်အားကိုးဖြင့် နိုင်ငံရေး ကို ဖြတ်လမ်းနည်းဖြင့် ရယူနိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ကြသော်လည်း မကောင်းမှုသည် မည်သည့်အခါမှ အောင်မြင်မှုမရနိုင်သည်ကို သတိမမူမိခြင်းမှာ ဣဿာမစ္ဆရိယ အားကြီးနေခြင်းအကြောင်းတရားနှင့် အဝိဇ္ဇာအမိုက်မှောင် ဖုံးအုပ် နေသော စိတ်ထားများရှိနေသောကြောင့်ဖြစ်သည်။
အာဇာနည်နေ့သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် မေ့ပျောက်မရနိုင်သော သမိုင်းသင်ခန်းစာဖြစ်သည်။ တိုင်းပြည်အနာဂတ်အကျိုးအတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်ခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရည်မှန်းချက်များ၊ မျှော်မှန်းချက်များကို ဆက်လက်သယ်ပိုးထမ်းဆောင်ရေးမှာ မျိုးဆက်သစ်များ၏ တာဝန်ဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်နည်းဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများအား ဖျက်ဆီးခဲ့သည့်အကြမ်းဖက်နည်းလမ်းများ ဆက်လက် မထွန်းကားစေရေးအတွက် အကြမ်းဖက်လုပ်ရပ်နှင့် အကြမ်းဖက်လမ်းစဉ်တို့ကို ငြိမ်းချမ်းစွာနေထိုင်လိုကြသော ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုစွမ်းအားဖြင့် အမြစ်ပါမကျန် တိုက်ဖျက်ကြပါစို့ဟု တိုက်တွန်းအပ်ပါကြောင်း။ ။