
နေပြည်တော် မတ် ၁၁
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့သည် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) မှ Director Mr. David Shannon နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြတ်တော်ဝင် ဟိုတယ်၌ တွေ့ဆုံသည်။
လုပ်ငန်းစဉ် ၉၉ ချက်
တွေ့ဆုံစဉ် ၂၀၁၈ ခုနှစ် နိုင်ငံအချင်းချင်းအပြန်အလှန် အကဲဖြတ်မှုအစီရင်ခံစာ (Mutual Evaluation Report –MER) တွင် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးတွင် လိုက်နာမှုအားကောင်းရန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၉၉ ချက် အနက် လုပ်ငန်းစဉ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီးနောက် ကျန်ရှိသည့် လုပ်ငန်းစဉ် ရှစ်ချက်ကို လာမည့် ၁၅ လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ကိစ္စရပ်များအား ပုဂ္ဂလိကကဏ္ဍ (Private Sector) နှင့် ပြည်သူများ နားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေးဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများဖြင့် ကြပ်မတ်ဆောင်ရွက် ရာတွင် တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ယင်းကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက် နေသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ (Financial Intelligence Unit – FIU) တွင် အင်အားတိုးမြှင့် ဆောင်ရွက်ရမည့် အခြေအနေများ၊ ငွေကြေးခဝါချမှုဖြစ်စဉ် များ စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဘဏ်များ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ဘဏ္ဍာ ရေးနှင့် ငွေရေးကြေးရေးကဏ္ဍတွင် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေး ကြသည်။
အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ Strategic Implementation Planning အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force – FATF) အောက်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ် ရေးအဖွဲ့ (International Cooperation Review Group- ICRG)၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် မြန်မာ နိုင်ငံသို့ မတ် ၉ ရက်မှ ၁၂ ရက်အထိ လာရောက်လျက် ရှိသည်။
ရှင်းလင်းဆွေးနွေးပွဲများကို နေပြည်တော်နှင့် ရန်ကုန် မြို့များတွင် ကျင်းပလျက်ရှိပြီး ဆွေးနွေးပွဲများတွင် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်မှု အားကောင်း လာစေရေးနှင့် ယင်းလုပ်ငန်းစဉ်များအား ပြည်သူများ ပိုမိုနားလည် သိမြင်လာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေးဆိုင်ရာကိစ္စရပ်များအား အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်