လူသားအားလုံး အသက်ကယ်တင်ရေး ဝိုင်းဝန်းကူညီ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စီမံဆောင်ရွက်ထားမှုများနှင့်ပတ်သက်၍ “Positive လူနာတွေနဲ့ပတ်သက်ပြီး   နေရာပေါင်း  ၁၁၁၄ နေရာမှာ ၄၅၉၀၀၊ ၄၆၀၀၀ ခန့်ဝင်ဆံ့တဲ့အင်အားရှိပါတယ်။ လောလောဆယ် ၆၂ ရာခိုင်နှုန်းပဲ Positive လူနာထားတဲ့နေရာမှာရှိပါတယ်။ ကုသရေး Center ပေါင်း ၅၆၀ လောက် လုပ်ထားတဲ့နေရာမှာ ဝင်ဆံ့တာက ၂၅၅၀၀ ခန့်ရှိပါတယ်။ ၉၂ ဒသမ ၂ ရာခိုင်နှုန်း ရှိပါတယ်။ သူကတော့ ပိုများပါတယ်။ ကုသရေး Center မှာရှိတဲ့လူနာတွေနဲ့ပတ်သက် ၍ တချို့ကလည်း Positive လူနာထားတဲ့နေရာဘက်သို့ ရွှေ့သင့်ရင် ပြန်ရွှေ့ရမှာပဲ။ ဒါကတော့ လက်ရှိအခြေအနေမှာ   မဖြစ်သေးပါဘူး။  

သို့သော်လည်း ကြိုတင်ပြီး စဉ်းစားထားဖို့ လိုပါတယ်။ ဘယ်လိုဖြစ်လာလို့ရှိရင် ဘယ်နေရာမှာ Shift လုပ်မလဲ ဆိုတာ အဲ့မှာစီမံခန့်ခွဲရေးလုပ်ဖို့  အရေးကြီးပါတယ်။ သူတို့ရဲ့ စားရေး၊ သောက်ရေး အရေးကြီးပါတယ်။ သူတို့ရဲ့ စားရေး၊ သောက်ရေး၊ ကျွေးမွေးရေးပေါ့။ တပ်မတော်က တော့ တပ်မတော်မှာ တက်နေတဲ့ ဆေးရုံတွေမှာ နေရာ သုံးနေရာမှာ အကုန်လုံး ကျွေးမွေးထားပါတယ်။  ထို့အတူပဲ  ဆေးရုံတွေမှာလည်း  တတ်နိုင်သလောက် ကျွေးမွေးနေတယ်။  အလှူရှင်တွေနဲ့   လုပ်ပေးထားတာရှိတယ်။  ဒါတွေလည်း မျက်ခြည်မပြတ်  ကြည့်ဖို့လိုပါတယ်။   ကိုဗစ်နဲ့ပတ်သက်ပြီး   ခံနိုင်ရည်ရှိအောင်၊ အာဟာရရှိအောင် ဆောင်ရွက်ပေးဖို့လိုတယ်။ စားနိုင်တဲ့ လူနာတွေရှိသလို မစားနိုင် တဲ့လူနာတွေရှိမယ်။ မျက်ခြည်မပြတ် ကြည့်ဖို့လိုပါတယ်။ ဆင်းရဲချမ်းသာ မဟုတ် ပါဘူး။ ဆင်းရဲလို့ မလုပ်နိုင်ဘူး၊ မကျွေးနိုင်ဘူး၊ မစားနိုင်ဘူးဆိုတာ မဖြစ်ပါစေနဲ့။ အားလုံးကို ကျွန်တော်တို့က လူသားတစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ဟာတွေ ကို ပေးလို့ရအောင် ဆောင်ရွက်ပေးဖို့ ကျွန်တော်ပြောလိုတယ်” ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။ 


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေသော ယနေ့ကာလတွင် လူအများ၏ အသက်ကို ကယ်တင်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီး ပေသည်။ လူတစ်ယောက်သည် လူအများ၏ အသက်ကို ကယ်တင်ဆောင်ရွက်ပေးနေ သည်ဖြစ်၍ လူအများ၏အသက်ကို ကယ်တင်ဆောင်ရွက်ပေးနေသောသူများ၏ အခန်းကဏ္ဍမှာ အထူးအရေးပါပေသည်။ ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်ပေး ရေး၌  ပြည်သူလူထုအတွင်းမှ စေတနာ့ဝန်ထမ်းများသည် အထူးလိုအပ်ပေသည်။ တစ်ဖက်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ အပြင် တွင်ရှိသည့် ကျွမ်းကျင်သူများအားလုံး၊ စေတနာရှင်ပြည်သူများအားလုံးတို့သည် ယခု အရေးသည်  နိုင်ငံ၏ နိုင်ငံ့အရေးဖြစ်သောကြောင့် မည်သည့်နည်းဖြင့်မဆို ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်ပေသည်။ ယခုအခါတွင် စေတနာ့ဝန်ထမ်းများကို ဖိတ်ခေါ်ဆောင်ရွက်မှုများ ရှိနေသည်။ အချို့လည်း လာရောက်ပူးပေါင်းဆောင်ရွက် ကြပြီး အချို့လည်း   အကြောင်းအမျိုးမျိုးကြောင့်   ဟိုကခြိမ်းခြောက်၊ သည်က ခြိမ်းခြောက်နှင့်၊ အချို့လည်း ပြင်ပရောက်နေသောကြောင့် လာရောက်ပူးပေါင်းဆောင်ရွက်လိုသော်လည်း  မလာနိုင်သည့်အခြေအနေများရှိနေသည်။  ထို့အပြင် ပြည်သူများအသက်ကို   ကယ်တင်နိုင်ရေးအတွက်    လှူဒါန်းလိုသူများမှာလည်း အလားတူပင်ဖြစ်သည်။ သို့သော် လတ်တလောလိုအပ်နေသည်များကို လှူဒါန်းနေ ကြသူများလည်းရှိသည်။ ယခုအခါ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၌ လှူဒါန်း ကြသူများ အတော်များများရှိနေသည်။   မြန်မာလူမျိုးများ၏စိတ်ရင်းတွင်   လူမှုရေး စိတ်ဓာတ်များ အပြည့်အဝရှိသည်။ အခက်အခဲ အကျပ်အတည်းများကြားမှ ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီးမှ သိန်းပေါင်းများစွာ လာရောက်လှူဒါန်းကြသော အလှူရှင်အသီးသီးတို့ကို ကျေးဇူးတင်ကြရမည်ဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက ကျန်းမာရေး ကဏ္ဍတွင် အခက်အခဲအမျိုးမျိုးရှိနေသည့်ကြားမှ ရောဂါဖြစ်ပွားနေသော ပြည်သူ များ ဆင်းရဲချမ်းသာမရွေး ပြုစုစောင့်ရှောက်မှုပေးနိုင်ရေးအတွက် အတတ်နိုင်ဆုံး မျက်ခြည်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးနေချိန်တွင် နိုင်ငံရေးဖိအား၊ စိန်ခေါ်မှု အမြောက်အမြားကြားမှ   ကြိုးပမ်းလုပ်ဆောင်နေကြသော   နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်   ဝိုင်းဝန်းကူညီလှူဒါန်းနေကြသော   ပြည်သူများအား ကျေးဇူးတင်ရမည်ဖြစ်သလို၊ အသိအမှတ်ပြုရမည်ဖြစ်သည်။ ပြည်သူလူထုကျန်းမာ ရေးနှင့် အသက်ရှင်သန်နိုင်ရေးအတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့်   စီမံခန့်ခွဲသူများ၊ ပူးပေါင်းပါဝင်သူများ၏ လုံခြုံရေး ထိခိုက်မည့်ကိစ္စများကိုလည်း  ပြည်သူလူထု  ပူးပေါင်းပါဝင်မှုဖြင့် ဆန့်ကျင်တိုက်ဖျက် ကြရန်လိုအပ်မည်ဖြစ်ပါကြောင်း။    ။