တရားဦး ဓမ္မစကြာ သံသရာမှ လွတ်မြောက်ရာလမ်း

 

ဂေါတမမြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး နောက်  ဓမ္မစကြာဒေသနာတော်ကို  ပဉ္စဝဂ္ဂီငါးဦးတို့အား  ဝါဆို လပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူခဲ့သည်။ မြန်မာ တို့က မိဂဒါဝုန်ဟု   ခေါ်ကြသည့်  မိဂဒါယသည်  သားသမင်တို့အား ဘေးမဲ့ပေးရာ  အရပ်ဖြစ်ပြီး  ဣသိပတနဟု၍လည်း   ခေါ်ကြသည့် နေရာဖြစ်သည်။


ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးတို့ကို လည်းကောင်း၊ အစွန်းတရား နှစ်ပါးတို့ကိုလည်းကောင်း ပြဆိုထားပြီး ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်လည်းဖြစ်သည်။ ပါဠိဘာသာအားဖြင့် ဓမ္မ စကြာတရားကို ဓမ္မစက္က ပဝတ္တန ဟူ၍လာရှိရာ တရားစက်ရဟတ် လည်ပတ်ခြင်းဟူ၍  အဓိပ္ပာယ်ရသည်။ ဓမ္မစက္ကပဝတ္တန သုတ္တန်အရ မလိုလားအပ်သော၊   စွန့်ပယ်အပ်သော  အစွန်းတရားနှစ်ရပ်ကို ပြဆိုထားရာ  “ကာမသုခလ္လိကာနုယောဂ” နှင့် “အတ္တကိလမထာနု ယောဂ” တို့  ဖြစ်ကြသည်။ ကာမသုခလ္လိကာ နုယောဂ သည် မျက်မြင် လောကတွင် ရှိနေသည့် ကာမဂုဏ်အာရုံများသို့ လိုက်ကာ ခံစား ပျော်ပါးကြရန်ပင် ဖြစ်သည်။ စင်စစ်ကာမဂုဏ်၌  တွယ်တာတပ်မက် နေသူ၏ အတွင်းစိတ်သန္တာန်မှာ  တိုးတက်မှု၊ ကြီးပွားမှုတို့ ပိတ်ဆို့နေ ၏။ ကာမဂုဏ်စည်းစိမ်ချမ်းသာကို တွယ်တာကပ်ငြိမှုသည် အစွန်း တရားဖြစ်ပြီး  မမြတ်သော အကျင့်လည်းဖြစ်သည်။


အခြားသောအစွန်းတရားတစ်ရပ်မှာ “ အတ္တကိလမထာနုယောဂ” ဖြစ်ပြီး နိဗ္ဗာန်ချမ်းသာရရှိရန် ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်သောနည်းလမ်းဖြင့် လောကမှလွန်‌မြောက်သောလမ်းကို ရှာဖွေခြင်းအား ရည်ညွှန်းသည်။   ယင်းအကျင့်သည်   ဆင်းရဲ၍၊ သူတော်စင်တို့၏ အကျင့်အတွက် အသုံးမဝင်၊ အကျိုးမဲ့စေသော တရားလည်းဖြစ်သည်။ မိမိကိုယ်ကို ဒုက္ခပေးခြင်းဖြင့်  ကိုယ်ခန္ဓာအားနည်းသည့်အခါ သတိ ပညာလည်း အားနည်းရပြီး အတွင်းစိတ်သန္တာန်တိုးတက်မှု၊ ကြီးပွား မှုကို    ပိတ်ဆို့စေရာ    ပယ်စွန့်ရမည့်တရားပင်ဖြစ်သည်။     စင်စစ် ယင်း တရားများသည်  ဘုရားရှင်အဖြစ်သို့ ရောက်တော်မမူခင်ကာလက ကိုယ်တိုင်ကြုံတွေ့ကျင့်ကြံခဲ့ရသော၊ နိဗ္ဗာန်မှ အချည်းနှီးဖြစ်စေသည့် တရားများပင်ဖြစ်သည်။


အစွန်းတရားနှစ်ပါးကို ပယ်စွန့်၍ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ် မှာ အလယ်အလတ်လမ်းစဉ်  မဇ္စျိမ  ပဋိပဒါဖြစ်ပြီး  မဂ္ဂင်ရှစ်ပါးကျင့်စဉ် ဖြစ်သည်။ သမ္မာဒိဋ္ဌိ   =   ကောင်းသောသိမြင်မှု၊   သမ္မာသင်္ကပ  = ကောင်းသောကြံစည်မှု၊   သမ္မာဝါစာ  =  ကောင်းသောပြောဆိုမှု။  သမ္မာကမ္မန္တ = ကောင်းသောပြုလုပ်မှု၊ သမ္မာအာဇီဝ =  ကောင်းသော သက်မွေးဝမ်းကျောင်းမှု၊  သမ္မာဝါယာမ = ကောင်းသောအားထုတ်မှု၊ သမ္မာသတိ = ကောင်းသော  အောက်မေ့နှလုံးသွင်းမှု၊  သမ္မာသမာဓိ= ကောင်းသော  တည်ကြည်စူးစိုက်မှုတို့သည် အလယ်အလတ်ဖြစ်သော မဇ္စျိမ ပဋိပဋာကျင့်စဉ်ပင်ဖြစ်သည်။


ပဉ္စဝဂ္ဂီ ငါးဦးတို့၏ အယူမှားတို့ကို ရှင်းလင်းစင်ကြယ်စေပြီး သည့်နောက် သစ္စာလေးပါးကို အကျယ်ရှင်းလင်းဟောကြားတော် မူရာ  ဒုက္ခသစ္စာ = ဆင်းရဲခြင်းအမှန်၊ သမုဒယသစ္စာ = ဆင်းရဲဖြစ် ကြောင်းအမှန်၊  နိရောဓသစ္စာ= ဆင်းရဲချုပ်ငြိမ်းရာအမှန်၊ မဂ္ဂသစ္စာ = ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်တည်းဟူသော  လေးပါး သော  တရားတို့ဖြစ်ပြီး ယုံကြည်မှုသက်သက်ဖြင့်ရသော  တရားများ မဟုတ်ဘဲ    လက်တွေ့မျက်မှောက်ပြုရမည့်  တရားဖြစ်ကြောင်း ဟောကြားခဲ့သည်။ ဒုက္ခသစ္စာသည် ပိုင်းခြားသိရမည့် တရားဖြစ်ပြီး၊ သမုဒယသစ္စာသည်    ပယ်ပစ်ရမည့်တရား၊   နိရောဓသစ္စာသည် မျက်မှောက်ပြုရမည့် တရားဖြစ်ပြီး မဂ္ဂသစ္စာသည် ပွားများရမည့် တရားဖြစ်၍ သစ္စာလေးပါးကို ရှင်းလင်းပြည့်စုံစွာ သိမြင်သောအခါ သမ္မာ သမ္ဗောဓိဉာဏ်ကိုရရှိကြောင်း ဟောကြားတော်မူခဲ့သည်။


ဗုဒ္ဓမြတ်စွာ၏ တရားဦးဒေသနာ ဓမ္မစကြာသည် ဘဝသံသရာမှ လွတ်‌မြောက်ရေးအတွက်   လက်တွေ့ကျင့်ကြံရမည့်  တရားပင် ဖြစ်သည်။ ဆေးဆရာတို့ ရောဂါကုရာတွင် ရောဂါ၊ ရောဂါကိုဖြစ်စေ သည့်  အကြောင်း၊  ရောဂါပျောက်ကင်းခြင်း၊  ရောဂါပျောက်ကင်း   ခြင်းကို  ဖြစ်စေသည့်အကြောင်း  (ကုထုံး၊  ဆေးဝါး)  တည်းဟူသော စတုဗျူဟာခေါ်  လေးပါးသော အင်္ဂါဖြင့် ကုသကြသည့်နည်းတူ ယုံကြည်မှုသက်သက်ထက် လက်တွေ့လျှောက်လှမ်းနိုင်မှသာလျှင် မဂ္ဂင်ရှစ်ပါး မဇ္စျိမ ပဋိပဋာလမ်းကြောင်းဖြင့် သံသရာမှ လွတ်မြောက် နိုင်မည်ဖြစ်ပါကြောင်း။     ။