နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံသို့ စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့

 
 
နေပြည်တော် ဖေဖော်ဝါရီ ၃
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှစတင်၍ လတ်တလောဖြစ်ပွားလျက်ရှိသည့် (2019-nCoV Virus) အဆုတ်ရောင် ရောဂါကြောင့် တရုတ်ပြည်သူများ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိနေခြင်းအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံသို့ စာနာ ထောက်ထားကြောင်း သဝဏ်လွှာကို ယနေ့ ပေးပို့ခဲ့သည်။
 
အဆိုပါသဝဏ်လွှာတွင် တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့်ကျန်းမာရေးဆိုင်ရာ နည်းပညာများကို ပိုင်ဆိုင်ထား သည့်အတွက် ယခုဖြစ်ပွားလျက်ရှိသည့် ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ဆက်လက်မပြန့်ပွားရေးကို အမြန်ဆုံး အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဦးဆောင်မှုအောက်တွင် တရုတ် ပြည်သူများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းပါဝင်မှုများကြောင့် လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားသွားနိုင်မည်ဟုလည်း အပြည့်အဝ ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ယင်း အခက်အခဲကို ဖြေရှင်းရန်အတွက် နည်းလမ်းများရှာဖွေရာတွင် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
 
သတင်းစဉ်