Type

ဇူလိုင်လ ၁၆ ရက်နေ့ နံနက်။
မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ် လျှပ်စစ်ရုံးရှေ့ တွင် မီတာဆောင်ရန် လူ ၃၀ ခန့် တန်းစီစောင့်ဆိုင်း နေလေသည်။ နံနက် ၉ နာရီကျော်တွင် အင်္ကျီအဝါ ရောင်လက်ရှည်နှင့် ဂျင်းဘောင်းဘီ နက်ပြာရောင် တွဲလျက် ဝတ်ဆင်ထားပြီး ပန်းရောင်ပိုက်ဆံအိတ် ကို လွယ်ထားသည့် အမျိုးသမီးတစ်ဦး YinXing အမျိုးအစား မော်တော်ဆိုင်ကယ်အားစီး၍ ရုံးအတွင်းဝင်ရောက်လာသည်။
သူက မော်တော်ဆိုင်ကယ်ကို မီတာဆောင် သည့်ကောင်တာအနီး ရပ်တန့်ထားခဲ့ကာ ရုံးအပြင် ဘက်သို့ လမ်းလျှောက်ထွက်ခွာသွားပြီး အပြင်က လာခေါ်သည့် အမျိုးသားတစ်ဦးမောင်းနှင်သော ဆိုင်ကယ်ပေါ်တက်၍ ပြန်လည်ထွက်ခွာသွားသည်။ အပြစ်မဲ့ပြည်သူတချို့သည် သူတို့အနီးအနားတွင် သေမင်းတမန် ရပ်နေသည်ကို မသိရှာခဲ့ကြ။ လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် ထိုသေမင်း တမန်ဆီသို့ တန်းတန်းမတ်မတ်သွားနေသည်။ CCTV မှတ်တမ်းထဲက ထိုပုံရိပ်မြင်ကွင်းကိုကြည့်ရင်း သူ့အစား ဘုရားတနေမိသည်။ တော်ပါသေးသည်။
သူသည် သေမင်းတမန်ကို ဖြတ်ကျော်၍ ခပ်လှမ်းလှမ်းကို ထွက်ခွာသွားလေသည်။ သို့ရာ တွင် အခြားအပြစ်မဲ့ပြည်သူအချို့ကတော့ သူကဲ့သို့ ကံမကောင်းခဲ့ချေ။ ရပ်တန့်ထားသော ဆိုင်ကယ်အတွင်းရှိ အဖြူရောင်ကီးပက်ဖုန်းဖြင့် ချိတ်ဆက်ပြုလုပ်ထားပြီး အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲရသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ ပါသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လျှပ်စစ်ရုံး ဝန်ထမ်းအမျိုးသားသုံးဦး (တစ်ဦးစိုးရိမ်ရ)နှင့် အမျိုးသမီးလေးဦး( မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ ပြီး မီတာခဆောင်ရန်ရောက်ရှိနေသည့် ပြည်သူ အမျိုးသားနှစ်ဦး (တစ်ဦးစိုးရိမ်ရ) နှင့် အမျိုးသမီး တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သည်။
၁၉၉၁ ခုနှစ် မေလ ၂၁ ရက်နေ့ ။
ရာဂျစ်ဂန္ဒီနှင့် အဖွဲ့သည် မဒရပ်လေယာဉ်ကွင်းမှ ရှရီပါရမ်ဘူတာသို့ မော်တော်ကားဖြင့် ထွက်ခွာ လာကြသည်။ ထိုနေ့တွင် ရာဂျစ်ဂန္ဒီသည် လူထု စည်းဝေးပွဲကြီး၌ မဲဆန္ဒရှင်ပြည်သူများအား ဟောပြောရန်ဖြစ်သည်။
တမီးလ်အစွန်းရောက်ဝါဒီများ၏ အယ်လ်တီ တီအီး (LTTE) အဖွဲ့သည် ရာဂျစ်ဂန္ဒီ ရွေးကောက်ပွဲ ၌ အနိုင်ရရှိပြီး အာဏာပြန်ရလာမည်ကို စိုးရိမ် နေကြသည်။
ရာဂျစ်ဂန္ဒီဟောပြောမည့် စင်မြင့်၏ပတ်ပတ် လည်၌ ရပ်နေကြသည့် လူထုပရိသတ်သည် ကြက်ပျံမကျ စည်ကားလို့နေသည်။ ထိုလူအုပ်သည် ရာဂျစ်ဂန္ဒီနှင့် လက်တစ်ကမ်းသာကွာသည်။ ထို ဟာကွက်ကို တမီးလ် အယ်လ်တီတီအီးအဖွဲ့သည် သတိထားမိလေသည်။ ဤသို့ဖြင့် သူတို့သည် ဒီဟာနု (ခေါ်) ဂါယာတီနှင့် ရှုဘရာ(ခေါ်) ရှာလာနီ အမည်ရှိ တမီးလ်အမျိုးသမီးငယ်နှစ်ယောက်ကို စည်းရုံးသိမ်းသွင်း တာဝန်ပေးလိုက်သည်။
သူတို့နှစ်ဦးစလုံးအား အလွန်ပေါက်ကွဲအား ပြင်းထန်သော ပလတ်စတစ်ဗုံးများကို တစ်ကိုယ် လုံးတွင် ချိတ်ဆွဲပေးကာ လူဗုံးများဖြင့် အသွင် ကူးပြောင်းပေးလိုက်ကြသည်။ အကြမ်းဖက် လူသတ်သမားနှစ်ဦးသည် ဟောပြောမည့်နေရာသို့ သွားရောက်ကြပြီးလျှင် လူထုပရိသတ်နှင့်အတူ ရောနှောလိုက်ကြသည်။ စင်မြင့်ပေါ်သို့ ရာဂျစ်ဂန္ဒီ တက်သွားခိုက်တွင် လူထုကြီးသည် ရာဂျစ်ဂန္ဒီအား ပန်းကုံးစွပ်ရန်နှင့် လက်ဆွဲနှုတ်ဆက်ရန် ဝိုင်းအုံ၍ တိုးဝှေ့နေကြသည်။
လူအုပ်ကြီးအတွင်းရောက်ရှိနေသော ဒီဟာနု သည် ပရိသတ်များကို အတင်းတိုးဝှေ့ဖယ်ရှားကာ ရှေ့ဆုံးသို့ရောက်အောင် ကြိုးစားသည်။ ရှေ့ရောက် သောအခါ သူ၏လက်ထဲမှ ပန်းကုံးကို မွန်မြတ်သော လက်ဆောင်အဖြစ် ရာဂျစ်ဂန္ဒီထံလှမ်းပေးလိုက် သည်။ ထို့နောက် ရာဂျစ်၏ရှေ့၌ ဒူးတုပ်၍ထိုင်ကာ ခြေထောက်များကို အမြတ်တနိုးကိုင်တွယ်ပြီး ဝပ်တွားကာ နမ်းရှုပ်လေသည်။
တစ်စက္ကန့်မျှသာကြာသည့် ထိုအချိန်ကလေး အတွင်းမှာပင် ဒီဟာနုသည် ဗုံးကိုဖောက်ခွဲလိုက်လေ သည်။ ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ တရားဟောစင်မြင့်ပတ်လည်ရှိ မြေပြင်သည် သွက်သွက်ခါတုန်သွားသည်။ ပေါက်ကွဲမှုကြောင့် ရာဂျစ်ဂန္ဒီ၏ရင်ဘတ်သည် ပွင့်ထွက်သွားပြီး တစ်ကိုယ် လုံး လူရုပ်မပေါ်အောင် တစ်ပိုင်းတစ်စဖြစ်သွားခဲ့သည်။
ဤဗုံးပေါက်ကွဲမှုကြောင့် ရာဂျစ်ဂန္ဒီ၊ သူ့အား လုပ်ကြံသူအမျိုးသမီးနှင့် အရာရှိများစွာ သေဆုံးသွား သည်။ အနီးအနားရှိ ပရိသတ်များထဲမှ လူတော်တော် များများလည်း သေဆုံးခဲ့ကြပြီး လူပေါင်းများစွာမှာ လည်း ဒဏ်ရာရခဲ့ကြလေသည်။
ဒီဟာနုသည် တမီးလ်တိုက်ဂါးအဖွဲ့၏ Black Tiger အသေခံအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ တမီးလ်တိုက်ဂါးအဖွဲ့၏ မျှော်မှန်းချက်မှာ တမီးလ် နိုင်ငံထူထောင်ရန်ဖြစ်သည်။ သူတို့၏ရည်မှန်းချက်များအောင်မြင်ရေးအတွက် တမီးလ်အစွန်းရောက်သူ များကို လူ့အသက်ထက်ပို၍ ပေးဆပ်သင့်သည့် စိတ်ဓာတ်မျိုးဖြစ်လာစေရန် ရိုက်သွင်းပေးခဲ့သည်။
သို့အတွက် မသိနားမလည်သူများ၊ အစွန်း ရောက်လူငယ်များသည် Black Tiger အဖွဲ့ဝင်ဖြစ် လျှင် ဂုဏ်ရှိသည်ဟုယူဆကာ အဖွဲ့ဝင်ဖြစ်ရန် လျှောက်လွှာများပင် တန်းစီ၍ တင်ကြသည်။ ခေါင်းဆောင်များက စံနှုန်းများနှင့် ညီ၊ မညီ အင်တာ ဗျူးများခေါ်၍ စိစစ်ရသည့်အထိပင် များပြားခဲ့သည်။
သဘောတရားများကို သွတ်သွင်း
အကြမ်းဖက်ဝါဒီခေါင်းဆောင်များသည် မသိ နားမလည် လူငယ်လူရွယ်များကို အကြမ်းဖက် လုပ်ငန်းများတွင် အသက်စွန့်၍ လုပ်ဆောင်နိုင်ရန် ရှေးဦးစွာ Brain Washing ခေါ် ဦးနှောက်ကို ဆေးပစ် လေ့ရှိသည်။ ပြီးမှ ၎င်းတို့လိုချင်သည့် သဘောတရား များကို သွတ်သွင်းလေသည်။ စစချင်း ထိုသို့ ပုံစံ ရိုက်သွင်းမှန်းမသိစေဘဲ မသိလိုက်မသိဘာသာ တဖြည်းဖြည်းချင်း စိမ့်ဝင်သွားအောင် နားချပြီးမှ စည်းရုံးတတ်ကြသည်။
ကိုယ့်ဘက်ပါလာပြီဆိုသောအခါ အချိန်တိုင်း၊ အချိန်တိုင်း အခြားအကြောင်းကို မစဉ်းစားမိစေရန်၊ အမုန်းတရားနှင့် သဘောထားရေးရာများကို အချိန် တိုင်းဖြစ်ပေါ်နေစေရန်၊ ရှိနေစေရန်လုပ်ဆောင်ပေးလေတော့သည်။
တာလီဘန်၊ ဟစ်ဇ်ဘိုလာနှင့် ဟားမားစ် အကြမ်းဖက်အဖွဲ့များကမူ “ဘာသာရေးအတွက် သေမည်ဆိုလျှင် ကောင်းကင်ဘုံရောက်မည်” ဟု ဆိုကာ ဘာသာရေးကို တလွဲအသုံးချ၍ လူငယ်များ ကို မြှောက်ပင့်စည်းရုံးလေ့ရှိသည်။
“မိမိကိုယ်ကိုမိမိ စွန့်လွှတ်အနစ်နာခံခြင်း” ဟု ဆိုကာ အီရန်သည် အီရန်-အီရတ်စစ်ပွဲတွင် လူမမည် အရွယ် စစ်သားငယ်များအား နိုင်ငံသို့ ကျူးကျော်သူ အီရတ်တပ်များ ထောင်ထားသည့် မိုင်းကွင်းများရှေ့မှ ဖြတ်လျှောက်ခိုင်းစေခဲ့သည်။ အီရန်ဘာသာရေးစစ်ပွဲ များတွင် သေဆုံးခဲ့သူများကို အာဇာနည်များဟု သတ်မှတ်ကာ မိသားစုဝင်များနှင့် အိမ်နီးချင်းများအား သူတို့၏သားများ သေဆုံးမှုအပေါ် ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ်များလုပ်ရန်ပင် ညွှန်ကြားခဲ့လေသည်။
ဟားမားစ်တို့ကမူ အသေခံဗုံးဖောက်ခွဲသူကို “အပျိုစင်ခုနစ်ဆယ့်နှစ်ယောက်သည် ကောင်းကင်ဘုံ တွင်စောင့်ကြိုနေသည်” ဟု လူငယ်များကို စည်းရုံး သိမ်းသွင်းခဲ့လေသည်။ နောက်တစ်ဆင့်တက်၍ “ဂျီဟတ်” ဆိုသည့် ခေါင်းစဉ်အောက်တွင် မိမိကိုယ် မိမိ ရည်ရွယ်ချက်ရှိရှိ သတ်သေရန် စေစားခဲ့သည်။ နောက်ပိုင်းတွင် အသေခံဗုံးခွဲသူ၏ မိသားစုဝင်များ ပင် ကောင်းကင်ဘုံတွင် နေရာတစ်ခုရလိမ့်မည်ဟု ဆိုပြန်သည်။
ဟားမားစ်တို့သည် နောက်ပိုင်းတွင် တမီးလ် တိုက်ဂါးအဖွဲ့ကဲ့သို့ပင် အမျိုးသမီးများကို အသေခံ ဗုံးခွဲတိုက်ခိုက်ရေးအဖွဲ့ဝင်များအဖြစ် အသုံးပြုလာ သည်။ “ဘာသာရေးစစ်ပွဲအတွက် အမျိုးသား၊ အမျိုး သမီးပါမကျန် တာဝန်ရှိသည်။ ရန်သူကို အမိမြေက နေ မောင်းထုတ်ပြီးသည်အထိ ခုခံတော်လှန်ရေး ဆက်လက်ဆင်နွှဲမည်” ဟုလည်း ကြွေးကြော်ခဲ့သည်။
အာဃာတအမုန်းတရားများ ကြီးမားသူများ
အသေခံဗုံးခွဲသူ အကြမ်းဖက်သမားများကို စေ့ငုလေ့လာကြည့်လျှင် ဆင်းရဲမွဲတေမှုကြောင့် သေမထူးနေမထူးများ၊ ဦးနှောက်ဆေးကြောခံထား ရသူများ၊ ဘာသာရေးအယူအဆအရ ဘာသာရေး အတွက် အသေခံမည်ဆိုလျှင် ကောင်းကင်ဘုံသို့ ရောက်ရှိမည်ဟူသော အစွဲအလမ်းကြီးသူများ ဖြစ်ကြောင်းတွေ့ရပေမည်။ တူညီသောအချက်ကား သူတို့သည် အာဃာတအမုန်းတရားများ ကြီးမား သူများ ဖြစ်လို့နေသည်။ ထိုသို့ အမုန်းတရားများအားကြီးလာစေရန်လည်း အကြမ်းဖက်ဝါဒီ ခေါင်းဆောင်များသည် တစ်ယူသန်အမုန်းတရား ပွားသည်ထက်ပွားအောင် သွေးထိုးလှုံ့ဆော်စည်းရုံး ဟောပြောပေးကြသည်။
မြန်မာနိုင်ငံတွင်လည်း သမိုင်းကြောင်း တစ်လျှောက် အစဉ်အလာကြီးမားခဲ့သော တပ်မတော်ကို မုန်းတီးလာစေရန် လွန်ခဲ့သည့် ငါးနှစ်မှစ၍ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တစ်ဖက်လော်ဘီများက တစိုက်မတ်မတ်လှုံ့ဆော် ရေးသားခဲ့လေသည်။
ထိုအကျိုးဆက်ကား ဖေဖော်ဝါရီ ၁ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရေး ပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်ပေါ်ခဲ့သော မြန်မာ့နိုင်ငံရေးအကူးအပြောင်း တွင် မသိနားမလည်လူငယ်အချို့ကို အစွန်းရောက် အကြမ်းဖက်သမားများအဖြစ် တွန်းပို့ခဲ့သည်။ အကြမ်းဖက်ဝါဒီခေါင်းဆောင်များသည် ကိုယ် အာဏာပြန်လည်ရရှိရေးအတွက် နွေဦးတော်လှန် ရေးဟုဆိုကာ မျိုးဆက်သစ်လူငယ်များကို PDF များ၊ GZ များဟု သွေးထိုးမြှောက်ပင့်၍ အပြစ်မဲ့ ပြည်သူများ၊ ဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ် ခြင်း၊ အကြမ်းဖက်မိုင်းထောင်ဗုံးခွဲခြင်းများကို လုပ်ဆောင်စေခဲ့သည်။
အကြမ်းဖက်သမားဘဝသို့ ရောက်ခဲ့
အကြမ်းဖက်ဝါဒီခေါင်းဆောင်များ၏ စေခိုင်း မှုကြောင့် အပြစ်မဲ့ပြည်သူလူထုများ၊ အုပ်ချုပ်ရေး မှူးများ အများအပြားသေဆုံးခဲ့ကြရသည်။ နုနယ် သောလူငယ်အချို့၏ လက်တို့တွင်လည်း အပြစ်မဲ့ ပြည်သူတို့၏သွေးများ စွန်းထင်းခဲ့ကြရလေပြီ။ တစ်ချိန်က မိဘရင်ခွင်အောက်တွင် ဂိမ်းကစား၊ အပေါင်းအဖော်များနှင့် လွတ်လပ်ပေါ့ပါးမြူးထူး ပျော်ရွှင်စွာ နေထိုင်လာခဲ့ကြသော လူငယ်အချို့ သည်လည်း အကြမ်းဖက်သမားဘဝသို့ ရောက်ခဲ့ ကြရလေပြီ။
ယခုနောက်ဆုံး မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ် လျှပ်စစ်ရုံး အကြမ်းဖက်ဗုံးခွဲမှုဖြစ်စဉ်တွင် မိမိတို့သမီးအရွယ်၊ တူမအရွယ် အမျိုးသမီးငယ် တစ်ဦးသည်ပင်လျှင် အပြစ်မဲ့ပြည်သူများကို လက်ရဲဇက်ရဲဗုံးခွဲရဲသည့် အခြေအနေသို့ ဆိုက်ရောက်လာသည်။
သို့ဖြစ်ရကား ကံမကောင်းအကြောင်းမလှ အပေါင်းအသင်းမှား၍ လမ်းမှားသို့ရောက်နေကြ သော လူငယ်များအဖို့ “ငါအကြမ်းဖက်သမား ဖြစ်နေပြီ၊ ငါ့လုပ်ရပ်က ကမ္ဘာ့အကြမ်းဖက်အဖွဲ့ အစည်းများလုပ်ရပ်နဲ့ လမ်းစဉ်အတိုင်းဖြစ်နေပြီ” ဟူ၍ အမြန်ဆုံးစဉ်းစားဆင်ခြင်သုံးသပ်နိုင်ကြပါစေဟု မျှော်လင့်ဆုတောင်းမိရုံမှအပ အခြားမရှိ တော့။ ။
- Log in to post comments