ဖေ့စ်ဘွတ်က ဘ၀မဟုတ်

Type
5

 

ကျော်ကျော်လှိုင် (SMART)

ကမ္ဘာပေါ်တွင် ဆိုရှယ်မီဒီယာများစွာရှိသည့်အနက် လူအများဆုံးအသုံးပြုသည့်  ဆိုရှယ်မီဒီယာမှာ ဖေ့စ်ဘွတ် ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ ၇ ဒသမ ၉  ဘီဘီယံ တွင်  ဖေ့စ်ဘွတ်သုံးစွဲသူ ၂ ဒသမ ၇ ဘီလီယံ  ရှိပါသည်။  ကမ္ဘာ့လူဦးရေ၏   ၃၄ ရာခိုင်နှုန်း ဖေ့စ်ဘွတ်  သုံးစွဲပါသည်။  မြန်မာနိုင်ငံတွင်  ဖေ့စ်ဘွတ်သုံးစွဲသူ ၂၈ ဒသမ ၇ သန်း ရှိသည်ဟု  မှတ်တမ်းများက ဆိုပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၅၁ ရာခိုင်နှုန်းက  ဖေ့စ်ဘွတ်သုံးစွဲနေသည့်သဘောပါ။ ကမ္ဘာမှာ   သုံးစွဲသည့် ရာခိုင်နှုန်းထက် များစွာပိုနေပါသည်။   ဤအချက်သည် စိုးရိမ်စရာ ဖြစ်ပါသည်။ 
 

အဘယ့်ကြောင့်ဆိုသော်


၁။    ပျမ်းမျှ    မြန်မာနိုင်ငံသားတစ်ဦးသည် တစ်နေ့ လျှင် ဖေ့စ်ဘွတ်ကို ၁၄၄ မိနစ်သုံးစွဲသည်ဟု စစ်တမ်း များက ဆိုပါသည်။ နေ့စဉ်  ၁၄၄ မိနစ်    ဖေ့စ်ဘွတ် သုံးသည့်အတွက် မိမိဘ၀ဖွံ့ဖြိုးတိုးတက်မှု   ထူးထူး ခြားခြားဖြစ်ရဲ့လားဟု   မိမိကိုယ်မိမိ    မေးခွန်း ထုတ်ကြည့်စေချင်ပါသည်။ ၁၄၄  မိနစ်တွင် ၆၀ မိနစ်က အကျိုးမရှိဟုဆိုလျှင်   မြန်မာနိုင်ငံတွင်  ဖေ့စ်ဘွတ်သုံးစွဲသူ ၂၈ ဒသမ ၇ သန်းက  နေ့စဉ် နာရီပေါင်း ၂၈ ဒသမ ၇ သန်းကို ဖြုန်းပစ်လိုက်ခြင်း ဖြစ်ပါသည်။ နာရီ  ၂၈ ဒသမ  ၇ သန်း၏ ကာယ၊ ဉာဏစွမ်းအားသည်    တိုင်းပြည်တိုးတက်မှုကို များစွာဖြစ်စေနိုင်ပါသည်။ 

 


၂။  ဖေ့စ်ဘွတ်အကောင့်တစ်ခုမကရှိခြင်း သို့မဟုတ်  ဖေ့စ်ဘွတ်အကောင့်အတုများကြောင့် မြန်မာနိုင်ငံ တွင် ဖေ့စ်ဘွတ်သုံးစွဲသည့် ရာခိုင်နှုန်းများနေခြင်း လည်းဖြစ်နိုင်ပါသည်။ ၂၀၁၇ ခုနှစ်မှ   ၂၀၂၁ ခုနှစ် မတ်လအထိ ကမ္ဘာပေါ်ရှိ  ဖေ့စ်ဘွတ်အကောင့်အတု ပေါင်း သန်း ၁၃၀၀ကို ဖြုတ်ချခဲ့ရသည်ဟု ဖေ့စ်ဘွတ် က ဆိုပါသည်။ မဖြုတ်ချနိုင်သည့်    ဖေ့စ်ဘွတ် အကောင့်အတုများစွာရှိနေဦးမည်ကို ယုံကြည်ပါ သည်။ မြန်မာနိုင်ငံတွင်လည်း  ဖေ့စ်ဘွတ်အကောင့် အတုများစွာရှိနေမည် ဖြစ်ပါသည်။


 ဖေ့စ်ဘွတ်အကောင့်အတု အများစုသည်
*     အမုန်းစကားဆိုခြင်း၊ 
*     မမှန်သတင်း ဖြန့်ဝေခြင်း၊ 
*     အစိုးရကို သိက္ခာချခြင်း၊ 
*     ဥပဒေချိုးဖောက်ရန် လှုံ့ဆော်ခြင်း၊ 
*     သူတစ်ပါးကို ပြစ်တင်၊ စော်ကားတိုက်ခိုက် ခြင်း၊ 
*     အုပ်စုဖွဲ့၍ လူမှုရေးအရ အနိုင်ကျင့်ခြင်း၊ 
*     အမျိုးသမီးများကို          လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း 
စသည်တို့ကို လုပ်လေ့ရှိပါသည်။ အကောင့်အတု အများစုသည်   လူ့အဖွဲ့အစည်းကို    ဆိုးကျိုးသာ ပေးပါသည်။ 
ဖေ့စ်ဘွတ်ကို စည်းကမ်းတကျသုံးတတ်လျှင်မူ


၁။     အဝေးရောက် ဆွေမျိုးများ၊ ချစ်ရသူများ၊ သူငယ် ချင်းများ၊ မိတ်ဆွေများနှင့် လွယ်ကူစွာ ဆက်သွယ် နိုင်ပါသည်။
၂။     အများကို ဗဟုသုတများ၊ ပညာရပ်များ  ပေးနေ သော  အကောင့်များ၊    စိတ်ခွန်အားဖြစ်စေသော စာများရေးသည့်အကောင့်များကို အရင်ဆုံးကြည့် ခွင့် တောင်းခံထားခြင်း (see first ), ပေချ့်များကို ဖော်လို  (follow)  လုပ်ထားခြင်းဖြင့် မိမိဘ၀ ဖွံ့ဖြိုး တိုးတက်မှုအတွက်   လိုအပ်သောဗဟုသုတများ၊ နည်းပညာရပ်များကို လေ့လာဆည်းပူးနိုင်ပါသည်။ စိတ်ဓာတ်ခွန်အားများ တိုးလာပါမည်။
၃။     မှန်ကန်သော   သတင်းများကို       အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ပါသည်။ 
၄။     မိမိပြုလုပ်သော   ကောင်းမှုကုသိုလ်များ၊ ပရ ဟိတအလုပ်များကို တင်ခြင်းဖြင့်    လူအများကို မုဒိတာပွားစေနိုင်ပါသည်။ 
၅။     မိမိလိုအပ်နေသော အကူအညီများ၊ သတင်း များကို  ဖေ့စ်ဘွတ်မှ   အကူအညီတောင်းခံနိုင်ပါ သည်။ 
၆။  ဖေ့စ်ဘွတ်ပေချ့်ဖွင့်၍    မိမိကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ရောင်းချနိုင်ပါသည်။
၇။     မိမိအလိုရှိသော ကုန်ပစ္စည်းများ၊  ဝန်ဆောင်မှု များကို  ဖေ့စ်ဘွတ်မှ အလွယ်တကူ  ရှာဖွေဝယ်နိုင် ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပါမည်။
သို့သော်   ဖေ့စ်ဘွတ်သုံးစွဲသူ  အများစုသည် ညဖက်တွင် ဖေ့စ်ဘွတ်ပေါ်မှ အမုန်းစကားဆိုခြင်း၊ တိုက်ခိုက်ခြင်း၊ မမှန်သတင်းများကို တစ်ခုပြီးတစ်ခု ကြည့်ခြင်းဖြင့်သာ       အချိန်ကုန်လွန်ကြပါသည်။ အချိန်ကုန်မှန်းမသိကုန်သွားသဖြင့်    ညမိုးချုပ်မှ အိပ်ရာဝင်ရပါသည်။ ညက   အိပ်ရေးပျက်သဖြင့် မနက် နောက်ကျမှ အိပ်ရာကနိုးပါသည်။   မနက် အိပ်ရာနိုးသည်နှင့်    ခုတင်ဘေးက       ဖုန်းကို ကောက်ကိုင်ပြီး  ဖေ့စ်ဘွတ်ပွတ်ပါသည်။ 

 


ညကတင်ထားသော ပို့စ်ကို လိုက်(like)ပေးတာ များလျှင် သဘောကျ၊ ဟဟ (ha ha ) ပေးထားလျှင် ဒေါသဖြစ်၊ ကောင်းသော ကွန်မန့်များကို ပီတိဖြစ်၊ မိမိနှင့် အမြင်မတူလျှင် တိုက်ခိုက်သည်ဟု ယူဆ   ပြီး   အမုန်းစကားကို ကွန်မန့်ပြန်ရေး။ အချိန်က ကုန်မှန်းမသိ  ကုန်သွား၊   အလုပ်သွားခါနီး   ကမူး ရှူးထိုး ပြင်ဆင်ရသဖြင့် မနက်စာကိုပင်  အာဟာရ ပြည့်အောင်မစားနိုင်။ အလုပ်ကို မချိန်မီမရောက်။ 

 


အလုပ်ထဲရောက်သည့်အခါ အိပ်ရေးပျက်သဖြင့် ခေါင်းကမကြည်။ ခေါင်းမကြည်သဖြင့် အလုပ်တွေ ကမှား။ မှားတော့ နှစ်ကြိမ်ပြန်လုပ်ရ။   အချိန်မီ မပြီးတော့ အထက်လူကြီးကဆူ။ နေ့လယ်စာလွတ်။ ဒီလိုနှင့် ရုံးဆင်းချိန်ရောက်။ ပျော်ရွှင်စရာနေ့တစ်နေ့ ပျောက်ဆုံးခဲ့။  အိမ်ရောက်ထမင်းစားပြီးသည်နှင့် ဖုန်းကောက်ကိုင်ကာ   ဖေ့စ်ဘွတ်ပွတ်ပြန်ပါသည်။ ညအိပ်ရာဝင်နောက်ကျပြန်ပါသည်။    ဘ၀ကြီးက ဒီလိုနှင့်  သံသရာလည်နေပါသည်။     ဘဝကြီးကို  ဖေ့စ်ဘွတ်က ကြီးစိုးထားမှန်းလည်း မသိတော့ပါ။ ဖေ့စ်ဘွတ်ပွတ်လိုက်ရသည့်အခါ ပျော်လိုက်၊ ကျေနပ် လိုက်၊ ဒေါသဖြစ်လိုက်၊     အမုန်းစကားဆိုလိုက်၊ ပြစ်တင်စော်ကားတိုက်ခိုက်လိုက်နှင့်        ဘ၀က လုံးခြာပတ်ခြာလိုက်နေပါသည်။  ဖွံ့ဖြိုးတိုးတက်မှု ကတော့မရှိပါ။
နေ့စဉ် မိမိဘ၀ဖွံ့ဖြိုးတိုးတက်မူရှိမှသာ အနာ ဂတ်က လှပပါမည်။ ဖွံ့ဖြိုးတိုးတက်မှုသည် အလို အလျောက် မဖြစ်ပါ။ တစ်နေ့တခြား  အသက်ကြီး လာပြီး အိုလာခြင်းသာ  အလိုအလျောက် ဖြစ်ပါ သည်။ နေ့စဉ် ဖွံ့ဖြိုးတိုးတက်မှုရှိရန်    အစီအစဉ် ဆွဲရပါမည်။ အစီအစဉ်ဆွဲသည့်အခါ အချက်များစွာ ရှိမည် ဖြစ်သော်လည်း  ဖေ့စ်ဘွတ်ကို   စည်းကမ်း တကျသုံးစွဲခြင်းသည် ဦးစားပေးရမည့်အချက် ဖြစ်ပါ သည်။   ဖေ့စ်ဘွတ်ကို စည်းကမ်းတကျသုံးလိုလျှင် အောက်ပါလူမှုကျင့်ဝတ်များကို လိုက်နာရန်  လိုပါ သည်။

 


၁။     ပရိုဖိုင်အမှန်ကို သုံးပါ။
၂။     အမုန်းစကားဆိုခြင်း ရှောင်ပါ။
၃။     လူမှုရေးတိုက်ခိုက်ခြင်းကို ရှောင်ပါ။
၄။     ရိုင်းပြစွာ ဆဲဆိုရေးသားခြင်းကို ရှောင်ပါ။
၅။     မိမိကို      စိတ်အနှောင့်အယှက်ပေးသော အကောင့်များကို ဘလော့ပါ။
၆။     မူရင်းဇာစ်မြစ်၊ မူရင်းရေးသားသူကို မသိဘဲ share ခြင်းကို ရှောင်ပါ။
၇။     ဗဟုသုတ ရှာဖွေခြင်း၊ အသိပညာ ရှာဖွေ ခြင်းအတွက် အချိန်အများဆုံးသုံးပါ။ 

 


နိဂုံးချုပ်အနေဖြင့် အနာဂတ်မှာ   အောင်မြင် လာမည့်သူကိုပြပါဆိုလျှင် ပြသရန်   ခက်ခဲမည်ဖြစ် သော်လည်း အနာဂတ်တွင် လမ်းပျောက်မည့်သူကို ပြပါဆိုလျှင် ဖေ့စ်ဘွတ်ကို စည်းကမ်းမရှိ  သုံးစွဲပြီး  ဖေ့စ်ဘွတ်ကို ဘ၀လုပ်နေသူကို ညွှန်ပြလျှင် လွဲမည် မထင်ပါ။ ယနေ့ပင် မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ် ပြီး    ဖေ့စ်ဘွတ်ကို   ဘ၀လုပ်နေခြင်းမှ ရုန်းထွက်ပါ။

 


 မိမိဘ၀ဖွံ့ဖြိုးတိုးတက်မှုအတွက်   အစီအစဉ် ချပြီး နေ့စဉ် အချိန်ပေးကြိုးစားမှသာလျှင် အနာဂတ် ဘ၀များ လှပသာယာမည်ဖြစ်ကြောင်းကို ရိုးသား စွာ တင်ပြလိုက်ရပါသည်။       ။