သမိုင်းဒေဝီ - ဆရာမကြီးဒေါ်ကြန်

Type
၅

မှုန်ရွှေရည် (စာပေဗိမာန်)
 

(ဇူလိုင် ၂၄ ရက်မှအဆက်)


၁၉၇၈ ခုနှစ်အတွက် အမျိုးသားစာပေဆုကို မြန်မာနိုင်ငံအခြေအနေ (၁၈၈၅-၈၆) စာအုပ်ဖြင့် ဆုရရှိသောအခါ ကြေးမုံသတင်းစာက ဆရာမကြီး နှင့် အင်တာဗျူးပြုလုပ်ပါသည်။  ဆရာမကြီးဒေါ်ကြန် က -


“မြန်မာ့သမိုင်းကို မြန်မာ့အမြင်ဖြင့် မြန်မာတို့ က ရေးသားမှုနည်းပါးသေးကြောင်း၊ နိုင်ငံခြားသား သုတေသီများ ရေးသမျှနှင့်သာ  တင်းတိမ်နေခဲ့ရ ကြောင်း၊ ယခုကဲ့သို့ မြန်မာ့သမိုင်းနှင့်ပတ်သက်၍ ကြိုးစားပြုစုခဲ့သော စာအုပ်ဆုရသဖြင့်  ဂုဏ်ယူပါ ကြောင်း…” ပြောကြားခဲ့ပါသည်။

 


ဆရာမကြီးနှင့် နှစ်ပေါင်း ၆၀ ကျော်ရင်းနှီးခဲ့ သည့်     ဆရာကြီးဒေါက်တာသော်ကောင်းက        “… ဆရာမကြီးသည်   ပညာကိုတန်ဖိုးထားလျက် ဇွဲလုံ့လအပြည့် မလျှော့သောကြိုးစားမှုဖြင့် သမိုင်း ဘာသာရပ် မဟာဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးနိုင်သူ…” ဟု ဂုဏ်ပြုရေးသားခဲ့ပါသည်။   ဆရာကြီးဦးသော် ကောင်း၏ဖခင် ပညာမင်းကြီး ဦးကောင်းသည် ၁၉၃၄ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ပညာဝန်အဖြစ် တာဝန်ယူစဉ် ဆရာမကြီးဒေါ်ကြန်က  အထက် တန်းကျောင်းသူဘဝဖြင့်    ဆုံတွေ့ခဲ့ဖူးသကဲ့သို့ ဆရာကြီးဦးကောင်း    သမိုင်းကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူသောအခါတွင်လည်း  ဆရာမကြီးက သမိုင်းကော်မရှင်၌ ကျမ်းပြုအရာရှိ ဖြစ်လာခဲ့ပြန် ပါသည်။ ထို့ပြင် ၁၉၅၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ၌ ဆရာမကြီး အင်္ဂလိပ်စာနည်းပြလုပ်ခဲ့စဉ် ဆရာ ဦးသော်ကောင်းက ဒုတိယနှစ်ကျောင်းသားအဖြစ် ဆုံတွေ့ခဲ့ရသည်ဟု သိရှိရပါသည်။

 


သုတဘဏ်ရတနာသိုက်


စာပေဗိမာန်သို့   ကျွန်မ    စတင်အလုပ်ဝင်စဉ် ဆရာမကြီးကို အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီဝင်၊ မြန်မာ့စွယ်စုံကျမ်းများထုတ်ဝေရေး ကော်မတီဝင်အဖြစ် မိတ်ဆက်ခွင့်ရရှိသည်။ ၁၉၈၄ ခုနှစ်တွင် မြန်မာ့ရည်ညွှန်းစာအုပ် စာတမ်းဖတ်ပွဲ ကျင်းပသောအခါ  စာပေဗိမာန်သို့ မကြာခဏ လာရောက်သဖြင့် သူနှင့် ပိုမိုရင်းနှီးလာခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် ပခုက္ကူဦးအုံးဖေစာပေဆု ဖြစ်ပေါ် လာသောအခါ ဆရာမကြီးသည် စာပေဗိမာန်၏ ဝန်ထမ်းသဖွယ် ဖြစ်လာခဲ့ပါသည်။ ပခုက္ကူဦးအုံးဖေ စာပေဆုကော်မတီတွင် ဆရာကြီး ဒေါက်တာသော် ကောင်း၊  ဆရာဦးသန်းထွတ် (တိုက်စိုး)၊  ဆရာ ဦးကျော်အောင် (ကျော်အောင်) တို့နှင့်အတူ ဆရာမ ကြီးသည် တက်ကြွပျော်ရွှင်စွာ  ပါဝင်ခဲ့ပါသည်။ ထိုပုဂ္ဂိုလ်ကြီးများနှင့် ယခင်က ဌာနတူလုပ်ကိုင်ခဲ့ သဖြင့် ချစ်ခင်ရင်းစွဲရှိပြီး    စည်းဝေးပြီးသည့်အခါ ချက်ချင်းမပြန်ကြဘဲ   ရှေးဟောင်းနှောင်းဖြစ်များ ပြောမဆုံးဖြစ်သည်ကို   တွေ့ရပါသည်။    သူတို့၏ ပြောဆိုငြင်းခုံမှုများက ကျွန်မတို့အတွက် သုတ ဘဏ်ရတနာသိုက် ဖြစ်ခဲ့ရသည်။ 

 


သူတို့အဖွဲ့သည် ကျမ်းနှင့် သုတေသနပြိုင်ပွဲဝင် စာမူများကို လိုအပ်သည်ထက်ပို၍ စိစစ်ရွေးချယ် ကြပါသည်။ စာမူအကြောင်းရပ်၊   အရေးအသား၊ အကိုးအကား မည်မျှပြည့်စုံစေကာမူ ဆရာမကြီး ဒေါ်ကြန် ဖတ်ရှုစိစစ်လျှင် ဟာကွက်တွေ့သည်ချည်း။ ကျမ်းကိုးမှာ ဟိုစာအုပ်ကျန်နေတယ်၊ အက္ခရာဝလိ မပြည့်စုံဘူး၊   အောက်ခြေမှတ်စုထည့်သင့်တယ် စသည်ဖြင့်။
“တခြားဘာသာရပ်ဆိုရင်တော့    လျစ်လျူရှု လို့ရတယ်။ ကျမ်းဘာသာရပ်၊ သုတေသနဘာသာရပ် မှာတော့ အင်္ဂါပြည့်စုံစေချင်တယ်။ သူများရေးတာကို စုစည်းဖော်ပြတာမျိုးမဟုတ်ဘဲ   အမှန်တကယ် ကိုယ်တိုင်သုတေသနပြုတာလည်း ပါရမယ်။”

 


စာအုပ်လက်ရာကောင်းများစွာ ထွက်ပေါ်


ထို့ကြောင့်ပင်   ထိုအချိန်က   ပခုက္ကူဦးအုံးဖေ စာပေဆုမှ ကျမ်းသုတေသနဆိုင်ရာ စာအုပ်လက်ရာ ကောင်းများစွာ ထွက်ပေါ်ခဲ့သည်။
စာပေဆုများတွင် ဆရာမကြီး ဖတ်ရှုစိစစ်သည့် စာမူစာအုပ်သည် ဆုချီးမြှင့်ခံရဖို့ မလွယ်ကူလှ။ သူက သုတေသနသမားဖြစ်သဖြင့် စိစစ်သည်။ တိကျသည်။ အကိုးအကားအမှားများကို မကျော်လွှားချင်၊ စုတုပြု လျှင် မကြိုက်၊ ကိုယ်တိုင်အားထုတ်မှု ပါဝင်စေချင် သည်။ အဖွဲ့ဝင်များ ဖတ်ရှုရန် စာမူများကို ခွဲဝေသည့် အခါ ဆရာမကြီးထံ ရောက်ရှိသွားသည့် စာမူလေး များကို ကြည့်ရင်း ကျွန်မစိတ်ထဲတွင် သနားနေမိလေ့ ရှိခဲ့သည်။ 
အထူးသဖြင့် ကျမ်းကိုးပြည့်စုံစွာ မဖော်ပြခြင်း ကို   ကန့်ကွက်သည်။   “ကျမ်းကိုးတွင်    မဖော်ပြဘဲ သူတစ်ပါးစာကို ကူးယူလျှင် Plagiarism ပဲ။” ဟု တွင်တွင်ပြောတတ်သည်။     စာမူစိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာမောင်ဆုရှင်က “အချို့စာမူ လေးတွေမှာ အားနည်းချက်ရှိရင် စာအုပ်ထုတ်တဲ့အခါ စာတည်းများက တည်းဖြတ်ပြုပြင်နိုင်ပါတယ်။ စာရေး လက်သင်တွေကို   အားပေးကြတာပေါ့  မမရယ်”ဟု ဆွေးနွေးသည်။ 

 


အလျှော့ပေးတတ်သူ မဟုတ်


“ရှင်တို့ကြိုက်ရင် ရွေးလေ။ ကျွန်မကတော့ စာမူ အရည်အသွေးမမီရင် မရွေးချင်ဘူး။ ပြိုင်ပွဲဝင်သူတွေ ကို  ကျမ်းသုတေသနကို ဖြစ်သလိုမရေးဘဲ စာပေ ဘယ်လိုရေးရတယ်ဆိုတာ  နားလည်စေချင်တယ်။ ကြိုးစားရေးသားစေချင်တယ်။ သူတို့ကို လမ်းညွှန် ပေးချင်တယ်” ဟု ပြန်၍တုံ့ပြန်တတ်သည်။ ဆရာမ ကြီးသည် သူမှန်တယ်ထင်လျှင် အလျှော့ပေးတတ်သူ မဟုတ်။ 

 


ဆရာမောင်ဆုရှင်က “ဒါဆို အဲဒီအကြောင်းကို မမစာတမ်းရေးပေးပါ”    ဟု     အကြံပြုသဖြင့် ဆရာမကြီး သည် ကျမ်းသုတေသနပြုခြင်းစာတမ်းကို မြန်မာနိုင်ငံ     စာပေနှင့်     စာနယ်ဇင်းအဖွဲ့က ပြုလုပ်သည့်  သုတဘဏ်စာပေ စာတမ်းဖတ်ပွဲတွင် ရေးသားဖတ်ကြားပြီး စာအုပ်ထုတ်ဝေနိုင်ခဲ့ပါသည်။ 
ဆရာမကြီး၏    အသက် ၁၀၀  နေနည်းမှာ  စည်းစနစ်ကျခြင်း ဖြစ်ပါသည်။ နေထိုင်မှု၊ စားသောက် မှု၊ ဝတ်စားဆင်ယင်မှုအားလုံးတို့  စနစ်တကျရှိသည်။ စာပေဗိမာန်အစည်းအဝေးများတွင် ရေနွေးကြမ်းသာ သောက်သည်။ ကော်ဖီ၊ လက်ဖက်ရည်မသောက်။ ခေါက်ဆွဲကြော်၊ မုန့်ဟင်းခါး စသည့် အပြင်စာကို လုံးဝမစား။ ပေါင်မုန့်မီးကင် ထောပတ်သုတ်သာ စားသည်။ ရုံးတွင်သာမဟုတ်၊ အိမ်တွင်လည်း ထွေလီ ကာလီစားသည်ကိုမတွေ့။  ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း နံနက်ပိုင်းတွင် ကွေကာအုတ်နှင့် Ensure သောက်ပြီး ညစာကို ကြာဆံပြုတ်၊ ဆန်ပြုတ်သာ သောက်သည်။ အသီးအနှံ အနည်းငယ်စားသည်။ တစ်သက်လုံးစားလာခဲ့ပြီမို့  ကိုယ့်ကိုဒုက္ခဖြစ်စေ နိုင်သည့်အရာများကို ရှောင်နိုင်သည်ဟု ဆိုပါသည်။ 
နေထိုင်မှုတွင်လည်း    ပြောစရာမရှိ။    အားလုံး အသိပင် ဖြစ်ပါသည်။ ဝတ်စားဆင်ယင်မှုတွင်လည်း ရင်ဖုံး၊ လက်ရှည်၊  လက်စကနှင့်   ချည်ထည်များကို မြတ်နိုးစွာ စွဲမြဲဝတ်ဆင်သည်။ ခေတ်မီပေါ်ပင်ကို မသုံးသော်လည်း ဆရာမကြီးကိုမြင်ရတိုင်း အမြဲသပ်ရပ် ဝင်းလက်လျက်ရှိသည်။    ဝင့်ဝါပလွှားမှု      မရှိသည့် တည်ငြိမ်မှုအလှသည် အေးချမ်းပါသည်။ 

 


နှစ်စဉ်အလည်သွားရောက်


သူ၏ အပန်းဖြေမှုမှာ စာရေးစာဖတ်ခြင်း ဖြစ် သည်။ သူ့ကို စာရေးစားပွဲတွင် အမြဲလိုလိုတွေ့ရ၏။ Historical Dictionary ကို အလွန်ပြုစုချင်သည်။ ကွယ်လွန်ခါနီးအထိ  “ရွှေတိဂုံဘုရားရှိ ကြေးအုတ် များ” စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးဆဲဖြစ် သည်။ မြန်မာစာအဖွဲ့ နေပြည်တော်သို့ ပြောင်းသည့် အချိန်တွင်လည်း ဆရာမကြီး လိုက်ပါတာဝန်ထမ်း ခဲ့သည်။ မြန်မာစာအဖွဲ့တွင် အသက် ၉၅ ကျော်အထိ ရုံးတက်သည်။ အသက်   ၉၀   ကျော်သည် အထိ အမေရိကန်နိုင်ငံတွင် နေထိုင်သည့် မွေးစားသား ဖြစ်သူထံ နှစ်စဉ်အလည်သွားရောက်ပါသည်။

 


မိမိဘာသာ ခွန်အားဖြည့်တင်း


ဆရာမကြီး၏ အားသာချက်တစ်ခုမှာ ဇွဲသတ္တိ နှင့်   ကြံ့ခိုင်စွမ်းရည် ပြည့်ဝခြင်းဖြစ်သည်။ ဘဝ တစ်လျှောက်    ကြုံတွေ့ခဲ့ရသည့်    အချိုးအကွေ့ လှိုင်းတံပိုးများကို   အောင်မြင်စွာ    ဖြတ်ကျော်နိုင် သည်။   သမိုင်းသုတေသနပညာရှင်က  မြန်မာစာ အဖွဲ့တွင်  တာဝန်ထမ်းဆောင်နေရသည်။  မာန်မာန ထောင်လွှားမှုမရှိ။ စိတ်သဘောထားချင်း မတိုက် ဆိုင်သူများကို ရှောင်လွှဲနေထိုင်သည်။ ယုတ်စွအဆုံး သူတကာထက်ထူးစွာ သက်တမ်းရှည်ကြာနေခွင့်ရ သည့် မိမိဘဝကို အားယူနေထိုင်သည်။ အထီးကျန် ခြင်းကို မိမိဘာသာ ခွန်အားဖြည့်တင်းသည်။
တစ်ခါတစ်ရံတွင်မူ “ကိုယ့်ကားကိုယ်မောင်းပြီး ရုံးတက်လာတဲ့ မကြန်တစ်ယောက် အခု မပျံနိုင် တော့ဘူး။ အတောင်ကျိုးနေပြီ။ လုပ်ချင်တာတွေ လည်း မလုပ်နိုင်တော့ဘူး၊ ရေးစရာရှိတာတွေလည်း မရေးနိုင်ဘူး” ဟု ညည်းတွားလေ့ရှိသည်။

 


ဝမ်းမြောက်ပီတိဖြစ်ခဲ့


၂၀၁၈ ခုနှစ်တွင် အသက် ၁၀၀ ပြည့်မြောက် သည့် ဆရာမကြီး၏ ရာပြည့်မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ကျင်းပလျက် အမှတ်တရစာအုပ် ထုတ်ဝေရန် ဆရာဦးအေးချို (မဟာဝိဇ္ဇာ)၊ ဆရာ သူရဇော်နှင့် ဆရာဦးမြင့်ကြိုင် (အောင်မိုးဆောင်း) တို့ စီစဉ်ခဲ့ကြသည်။ ရာပြည့်မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို၇-၇-၂၀၁၈ ရက်တွင် စာပေဗိမာန် ၌ ကျင်းပခဲ့ရာ ဆရာမကြီးကိုယ်တိုင် တက်ရောက် လျက် မွေးနေ့မုဒိတာစကား ပြောကြားခဲ့ပြီး ထိုအချိန် က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဆရာမကြီး၏ စာပေမိတ်ဆွေများ တက်ရောက် ချီးမြှင့်ခဲ့ကြသည်။ သမိုင်းပညာရှင် စာရေးဆရာမ ကြီး မကြန် အသက် ၁၀၀ ပြည့် မွေးနေ့အမှတ်တရ စာများကို စုစည်း၍ “ရာပြည့်သမိုင်းဒေဝီ” စာအုပ်ကို စိတ်ကူးချိုချိုစာပေတိုက်မှ  ဦးစန်းဦးက  ထုတ်ဝေ ပေးခဲ့သည်။ လူပုဂ္ဂိုလ်တစ်ဦး    သို့မဟုတ်   သမိုင်း သုတေသီတစ်ဦး၏ အသက်ရာပြည့်အခမ်းအနား ကို    ကျင်းပခွင့်ရသည့်အတွက်    တပည့်သားမြေး များက ဝမ်းမြောက်ပီတိဖြစ်ခဲ့ကြလေသည်။


သူတတ်မြောက်သောပညာဖြင့်    သမိုင်း ဘာသာရပ်ဂုဏ်ရောင်ကို  ထွန်းပြောင်စေခဲ့သည် သာမက မြန်မာနိုင်ငံ၏  သမိုင်းဘာသာရပ်နယ်ပယ် ဖွံ့ဖြိုးရေးကို နှစ်ပေါင်း ၆၀ နီးပါး မနားတမ်း တာဝန် ထမ်းဆောင်ခဲ့သည့် သမိုင်းဒေဝီ ဆရာမကြီးဒေါ်ကြန် သည် အသက် ၁၀၂ နှစ်၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၆ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။

 


“ရွှေလိပ်ပြာ မအိပ်ပါ၊ 
တစ်ဆိတ်စာ ဘယ်ခါမှတစ်မှေး။ 
တဖျပ်ဖျပ်ကယ်နဲ့ အတောင်ခတ်ကာ၊ 
စုဖွေနှောရတယ် သုတေတောမှာ 
မောလှပြီလေး။” 
ဟု ဆရာမကြီးကိုယ်တိုင် စပ်ဆိုခဲ့သည့် ကဗျာလေး ကို အမှတ်ရပြီး ကောင်းမွန်ရာ ဘုံဘဝမှာ အမောပြေ နားနေလျက်ရှိသည့် သမိုင်းဒေဝီ  ဆရာမကြီးကို လေးမြတ်စွာ ကန်တော့လျက် ဂုဏ်ပြုရေးသားအပ် ပါသည်။        ။

 


ကိုးကားသည့် စာအုပ်စာရင်း


၁။    ရာပြည့်သမိုင်းဒေဝီ၊   သမိုင်းပညာရှင်စာရေး ဆရာမကြီးမကြန် အသက် ၁၀၀ ပြည့်မွေးနေ့ အမှတ်တရစာများ၊     စိတ်ကူးချိုချိုစာပေ၊ ၂၀၁၈။
၂။    ဆရာမကြီး ရေးသားသည့် စာအုပ်များ။