
မွမ်ဘိုင်း ဇူလိုင် ၂၅
အိန္ဒိယနိုင်ငံ အနောက်ဘက်ပိုင်းတွင် မကြာသေးမီရက်များက ဖြစ်ပွားသည့် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုများ ကြောင့် ယနေ့အထိ သေဆုံးသူပေါင်း ၁၂၇ ဦးရှိလာပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြား သည်။
နိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းဒေသသည် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၂၂ ရက်ကတည်းက ရေနစ် မြုပ်သွားကြောင်း သိရသည်။ အိန္ဒိယမိုးလေဝသဌာနက လာမည့်ရက်အနည်းငယ်အတွင်း မဟာရာ့ရှ်ထရာပြည်နယ်၌ မိုးဆက်လက်ရွာသွန်းနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံအတွင်း နှစ်စဉ်ရေကြီးရေလျှံမှု အရှိန်မြင့် ဖြစ်ပွားလာရခြင်းမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။
ဇူလိုင် ၂၂ ရက်က မြို့တော်မွမ်ဘိုင်းမြို့မှ အရှေ့တောင်ဘက် ကီလိုမီတာ ၂၅၀ ခန့်အကွာ တာလီရဲကျေးရွာရှိ မြေပြိုမှု၌ သေဆုံးသူ ၄၀ အပါအဝင် အခြားနေရာများရှိ ရေကြီးရေလျှံမှု နှင့် မြေပြိုမှုများကြောင့် မဟာရာ့ရှ်ထရာပြည်နယ်တွင် သေဆုံးသူပေါင်း ၁၁၇ ဦးရှိလာကြောင်း သိရသည်။
ထို့အပြင် ဇူလိုင် ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ချီပလွန်ဒေသအစိတ်အပိုင်းတွင် ရေမျက်နှာပြင် ပေ ၂၀ ခန့် မြင့်တက်ခဲ့ပြီး လူနေအိမ်အများအပြား ရေနစ်ကာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီးနောက် ဒေသဆိုင်ရာဆေးရုံရှိ အထူးကြပ်မတ်ကုဌာန၌ အောက်ဆီဂျင်တပ်ဆင်ပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေသော လူနာရှစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။
ကူညီကယ်ဆယ်ရေးအဖွဲ့သည် ပြည်နယ်အတွင်း ပျောက်ဆုံးလျက်ရှိသူ လူ ၁၀၀ ခန့်ကို မြေတူးစက်များကို အသုံးပြု၍ ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ