တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ခြောက်ကြိမ်မြောက်အဖြစ် ဇင်ဘာဘွေနိုင်ငံ လက်ခံရရှိ

ဟာရာရီ      ဇူလိုင်   ၂၇


ဇင်ဘာဘွေနိုင်ငံသည် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ခြောက်ကြိမ်မြောက်အဖြစ် ဇူလိုင် ၂၅ ရက် တွင် လက်ခံရရှိခဲ့ကြောင်းနှင့် ဇင်ဘာဘွေနိုင်ငံသည် လက်ရှိတွင်  ကိုဗစ်-၁၉  ရောဂါ  ကူးစက်ပျံ့နှံ့မှုကို  ထိန်းချုပ်နိုင်ရန်   နိုင်ငံ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို  အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယခု ဇင်ဘာဘွေနိုင်ငံသို့ ရောက်ရှိလာသည့်  တရုတ်နိုင်ငံ ထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ Sinovac ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးဖြစ်ပြီး    ဇူလိုင်   ၂၉   ရက်တွင်   တရုတ် နိုင်ငံထုတ်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံရောက်ရှိ  လာမည်ဟု    မျှော်လင့်ကြောင်းနှင့်   ဩဂုတ်လတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာမည် ဖြစ်ကြောင်း ဇင်ဘာဘွေနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး အမ်သူလီအင်န်  ကူဘီက ပြောကြားသည်။
ဇင်ဘာဘွေနိုင်ငံသည် ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံလူဦးရေ အနည်းဆုံး ၁၀ သန်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


ဇင်ဘာဘွေနိုင်ငံသည်    ကိုဗစ်-၁၉ ရောဂါ   ကူးစက်မှု တတိယလှိုင်းဖြစ်ပွားမှုကြောင့်    နိုင်ငံတစ်ဝန်း၌   ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူစုစုပေါင်း ၃၀၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း၊ ယနေ့အထိ ဇင်ဘာဘွေနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၇၂၇၇ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၆၄၆၂၈ ဦးရှိကြောင်း သိရသည်။


ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်