အကြမ်းဖက်ခြင်း သင်နှင့်အနီးဆုံးမှာနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး သင်ခန်းစာများ

Type

စာမော်ကွန်း

======

 

 

အချိန်ကာလတို့သည် တရွေ့ရွေ့ကုန်ဆုံး ပြောင်းလဲ ဖြစ်ပေါ်နေသည်။   ယနေ့အဖြစ်အပျက်များသည် မနက်ဖြန်တွင် သမိုင်းဖြစ်ရပ်များအဖြစ် ကျန်ရစ်ပေ မည်။  လောကအဖြစ်အပျက်တို့သည်  အကောင်း၊ အဆိုးနှစ်တန်  ရောယှက်နေသည်။  ကောင်းဟန်၊ ဆိုးဟန်တို့ကို  မှန်မှန်ကန်ကန်  စစ်ထုတ်၍  အနှစ် ထုတ်လိုက်လျှင် ဘဝသင်ခန်းစာယူစရာများ ရရှိပေ မည်။ သတင်းစာများသည် သမိုင်းကို ပြောနေကြ သည်ဟု ဆိုခဲ့သည်။ သတင်းစာများက ပြောသော သမိုင်းသည် အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်း တို့ကို အရှိကိုအရှိအတိုင်း မှတ်တမ်းတင်ထားသည်။ ယင်းတို့ကို ဓမ္မဓိဋ္ဌာန်ကျကျ ထုတ်နုတ်သိမှတ်နိုင်ပါ က ဖတ်ရှုလေ့လာသူများအဖို့ အကျိုးများမည်ဖြစ် သည်။

 


မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် မျက်မှောက် ကာလဖြစ်စဉ်များကို  ‘ဧဝံ မေ သုတံ’  ဤသို့ ဤပုံ ကြားနာမှတ်သားကြရပေလိမ့်မည်။        သို့သော် မုသာဝါဒနှင့်   အာဃာတ    လောကအလယ်တွင် အမှန်တရားကို   ရှာဖွေတွေ့ရှိရန်မှာ    အလွန်ပင် ခက်ခဲပေလိမ့်မည်။     အမှန်တရားအချို့သည် ခါးသီးနေတတ်ပြီး      အမှန်တရားအချို့သည် တိမ်သလ္လာဖုံးအုပ်နေသည်။      ဤလောကတွင် အာဃာတနှင့် အမုန်းတရားများ မကုန်ဆုံးသရွေ့ အမှန်တရားသည်လည်း ပျောက်ကွယ်နေမည်မှာ သေချာပါသည်။ အမှန်တရားပျောက်ကွယ်နေသရွေ့ အမုန်းတရားများထွန်းကားကာ အကြမ်းဖက်ခြင်း တို့သည် သင်၏အနီးဆုံးသို့ပင် ရောက်ရှိနေမည်ဖြစ် သည်။ 

 


အမုန်းတရားများ၊     အာဃာတတရားများ၊ မုသာဝါဒများ၊ အကြမ်းဖက်ခြင်းများကို ရှောင်ရှား နိုင်ရန်အတွက် သင်သည် မှန်မှန်ကန်ကန် ရှုမြင်ဆင် ခြင်တတ်ဖို့လိုအပ်ပါသည်။ မှန်မှန်ကန်ကန် ရှုမြင် ဆင်ခြင်နိုင်ရန်အတွက်  ရှုပ်ထွေးပွေလီဖြစ်ပျက် နေသည့်  လောကပဋိပက္ခများထဲမှ   အမှားကိုဖယ် အမှန်ကိုရှာဖွေထုတ်၍   အကျိုးအကြောင်း၊    အဆိုး အကောင်းတို့ကို ဓမ္မဓိဋ္ဌာန်ကျကျအနှစ်ထုတ်ထားသည်တို့အား ဖတ်ရှုခြင်းဖြင့် အမှန်တရားကိုဆင်ခြင် ရှုမြင်နိုင်ပါလိမ့်မည်။
အကျိုးဖြစ်ထွန်းနိုင်

 


ယမန်နေ့က အဖြစ်အပျက်များသည် ယနေ့ တွင် သမိုင်းမှတ်တမ်းအဖြစ် တည်ရှိနေပြီး ယခင် လ၊ ယခင်နှစ်များက အဖြစ်အပျက်များသည် ဖုံးဖိ ထား၍မရသော    သမိုင်းဖြစ်ရပ်များ   ဖြစ်သည်။ ယင်းတို့အနက် ဖြစ်စဉ်အမှန်များကို သတင်းစာ များက မှတ်တမ်းတင်ရပေသည်။ အတိတ်သမိုင်း ကြောင်းဟူသည် ဖျောက်ဖျက်ပစ်၍ ရရိုးထုံးစံမရှိ ပေ။ ဖုံးကွယ်ရှောင်လွှဲ၍လည်း ရနိုင်ကောင်းသည် မဟုတ်ပေ။ ထိုသို့ ဖုံးကွယ်ဖျောက်ဖျက်ရန်လည်း အလျှင်းမကြိုးစားသင့်သည့် ကိစ္စပင်ဖြစ်ပေသည်။ အတိတ်ကာလ သမိုင်းကြောင်းပေါ်တွင် ထင်ကျန် ရစ်ခဲ့သော “ဆိုးကျိုး၊ ကောင်းကျိုး”ဟူသမျှတို့ကို ပစ္စက္ခကာလတွင် အကြောင်းတရားအဖြစ် တည်ရှိ စေလျက်   အနာဂတ်ကာလအတွက်   “အကျိုး”ကို ဖြစ်ပေါ်လာစေခြင်းမှာ     သင်ခန်းစာများအဖြစ် တော်တည့်မှန်ကန်စွာ ပေးသင့်ပေသည်။ သို့မှသာ ပေးဝေသူမှာလည်း ရည်ရွယ်ချက်မြောက်၊ ခံယူသူ မှာလည်း အကျိုးဖြစ်ထွန်းနိုင်ပေလိမ့်မည်။

 


သို့ရာတွင် ယခုမူ အတိတ်ကာလက ဖြစ်ပျက် ခဲ့သမျှသော သမိုင်းဖြစ်ရပ်မှန်များကို ကပြောင်းက ပြန်ဖြစ်သွားစေရန်  ယနေ့ပြည်သူများ၊  လူငယ် လူရွယ်များနှင့် နောင်လာ နောက်သားများ၏စိတ် တွင် သို့လော၊ သို့လောဖြင့် ဇဝေဇဝါဖြစ်သွားစေရန် နှင့် လွဲမှားသော ဖြစ်ရပ်များကို တစ်သက်လုံး စွဲမြဲ သွားစေရန်   ပြောဆိုရေးသား၊   ထုတ်လွှင့်နေကြ သည်ကို စိတ်မသက်သာစွာဖြင့် မြင်တွေ့ကြားသိနေ ရပေသည်။ ထိုမမှန်ကန်သော အဖြစ်အပျက်များကို ချေပသုတ်သင်     ရှင်းလင်းနိုင်မှသာ    ပြည်သူများ အတွေးမှန်အမြင်မှန်ရပြီး  လမ်းကြောင်းမှန်ပေါ် တွင်  စိတ်ချမ်းသာစွာ  လျှောက်လှမ်းနိုင်မည်ဖြစ် သည်။ သတင်းစာများသည် သမိုင်းကို ညွှန်းဆိုသည် ဆိုသကဲ့သို့ ယနေ့နိုင်ငံရေးလောက အဖြစ်အပျက် များထဲမှ မှတ်တမ်းတင်ထိုက်သော အဖြစ်အပျက် များ၊     အမှန်တရားများကို    မီးမောင်းထိုးပြထား သော၊  သင်ခန်းစာယူ  ရှုမြင်ဆင်ခြင်ထိုက်သော အကြောင်းအရာမျိုးစုံ အဖုံဖုံတို့ကို အများပြည်သူ တို့၏ အကျိုးကိုရှေးရှု၍ ဆောင်းပါးရှင် ကြီးငယ် မျိုးစုံတို့က မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံ သတင်းစာတို့မှတစ်ဆင့် အသိပညာဗဟုသုတများ မျှဝေခဲ့ကြပါသည်။

 


ပြတ်ပြတ်ထင်ထင်မြင် 

 


သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် ဧပြီလ နှင့်မေလအတွင်း အဆိုပါ သတင်းစာကြီးနှစ်စောင် တွင်  ဖော်ပြပါရှိခဲ့သော  နိုင်ငံ့အရေးအရာ   ပကတိ ဖြစ်ရပ်မှန် အကြောင်းအရာများကို ဓမ္မဓိဋ္ဌာန်ကျကျ  ဆင်ခြင်သုံးသပ်ထားသော    ဆောင်းပါးများအား စုစည်း၍ အများပြည်သူ လွယ်လင့်တကူ ဖတ်ရှုနိုင် ရန် ပေါင်းချုပ်စာအုပ်အဖြစ် ထုတ်ဝေထားပါသည်။ အဆိုပါ  စာအုပ်ကို စေ့ငုလေ့လာကြည့်သောအခါ ဖြစ်စဉ်များ၏  အမှန်နှင့်  အမှားတို့ကို ခွဲခြားရှုမြင် ဆင်ခြင်နိုင်မည်ဖြစ်သည်။ ဖြစ်ပေါ်ခဲ့သောမြေပြင် အချက်အလက်များအပေါ် မသမာသူအဖျက်သမား တို့၏ ပုံကြီးချဲ့ကား ထုတ်လွှင့်မှုများကြောင့် စိုးရိမ် ထိတ်လန့်ပူပင်သောက ရောက်ကြရသော ပြည်သူ များရှိသလို အမှားကို အမှန်ထင်ပြီး လမ်းမှားပေါ်သို့ ရောက်နေကြသော ပြည်သူများကိုလည်း တွေ့ရ မည်ဖြစ်သည်။ နိုင်ငံရေးအာဏာငန်းဖမ်း၍ ဆင်ကန်း တောတိုးလုပ်ကိုင်နေကြသော    နိုင်ငံရေးသမား အစွန်းရောက်များ၏ လေလှိုင်းပေါ်က လုပ်ရပ်များ ကိုလည်း ပြတ်ပြတ်ထင်ထင် မြင်တွေ့ရမည်ဖြစ် သည်။

 


လမ်းမှားရောက်သွားသည့် လူတန်းစားအဖွဲ့ အစည်းအချို့နှင့် လူငယ်လူရွယ်များ ဘဝအမှောင် ဖုံးပြီး  နစ်မွန်းနေသည့်ဘဝများကိုလည်း စိတ်မ ကောင်းဖွယ် မြင်တွေ့ဖတ်ရှုရမည်။ သွေးဆူလွယ် သည့်    လူငယ်လူရွယ်များ     နိုင်ငံရေးပယောဂ အမှောင်ဖုံးအုပ်သည်နှင့် မိဘဆရာသမား၊ ရဟန်း သံဃာပါ စော်ကားရဲလာသည်ကို အနာဂတ်အတွက် ရင်လေးဖွယ်ရာ စိတ်မချမ်းမြေ့ဖွယ်တွေ့မြင်ရသည်။ မကောင်းမှုကို    အမှန်တရားထင်ပြီး     ဇွတ်တိုး ကျူးလွန်ကြရာမှ  မကောင်းမှု၏ အကျိုးပေးများ အချိန်အခါမလင့် ခံစားကြရသည်ကို ရင်နင့်စရာ လည်းကြုံရသည်။  ကျင့်ဝတ်သိက္ခာ  စောင့်စည်းရ မည့် ပညာရှင်လူတန်းစားများ၏ ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှုများကြောင့် ပြည်သူများ  ဒုက္ခအခက် အခဲ ရောက်ကြရသည်ကို ကဏ္ဍအဖုံဖုံ မြင်တွေ့ရ မည်ဖြစ်သည်။      နိုင်ငံရေးအစွန်းရောက်များ၊ နိုင်ငံရေးကို ခုတုံးလုပ်သူများ၊ နိုင်ငံရေးအချောင် သမား၊ တောကြောင်အဖျက်သမားများ၏ စနက် ကြောင့်   အသိဉာဏ်   ဗဟုသုတ   နည်းပါးသော ပြည်သူအချို့နှင့် တက်ကြွလွန်ကဲ လူငယ်အချို့တို့ မြေဇာပင်ဖြစ်ပြီး ဘဝပျက်ခဲ့ကြသည့် ဇာစ်မြစ်ကို အမှန်အတိုင်းသိရှိရမည်ဖြစ်သည်။ 

 


သပွတ်အူရှုပ်ထွေးသည့်    မြန်မာ့နိုင်ငံရေး အဖြစ်အပျက်တို့သည် နှောင်းအတိတ်ကာလအဖြစ် အပျက်များနှင့် မခြားနားပေ။ နိုင်ငံရေးသမားတို့၏ အမြတ်ထုတ်မှုများ၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှုများ၊ ဘနဖူး သိုက်တူးပုံများ၊ မင်းသားကြီးမလုပ်ရသဖြင့် ပတ်မ ကြီးထိုးမည့်  အကြံအစည်များ၊  ပြည်သူလူထုကို မရိုးမသား စွဲဆောင်စည်းရုံးမှုများ၊ ပြည်သူလူထု ကို နင်းချေချခင်းပုံများ၊ အာဏာကို လက်မလွှတ် တမ်းဆုပ်ကိုင်ထားလို၍ မဲလိမ်မဲခိုးပြုလုပ်ပုံများ၊ အာဏာကို လက်လွှတ်လိုက်ရသည်နှင့် တိုင်းပြည် အလုံးစုံပျက်စီးရေးလမ်းစဉ်ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နေပုံများသည် မရိုးနိုင်သော မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း အခင်းအကျင်းများ ဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမည် ဖြစ်သည်။    ကျွန်ုပ်တို့သည်    လူ့ဘောင်လောက ဖြစ်မျိုးစုံလင်ကြားတွင် ကျင်လည်နေကြရသည်။ မုသာဝါဒနှင့် လုပ်ကြံဝါဒကြားတွင် ရပ်တည်နေရ သည်။ ထိုကြားတွင် အကြမ်းဖက်ဝါဒမင်းမူလာသည့် အကြောင်းတရားကို ဤစာအုပ်တွင် ရှာဖွေကြည့်ရှု နိုင်မည်ဖြစ်သည်။

 


အကြမ်းဖက်ခြင်းဇာစ်မြစ်

 


ကျွန်ပ်တို့သည် အမှန်တရားကို ဖွေရှာကြည့် နိုင်မှ   အဆိုးသံသရာမှ    လွတ်မြောက်နိုင်သော လမ်းစကို သေချာသိနိုင်မည်ဖြစ်သည်။ ဤအချက် ကို “အကြမ်းဖက်ခြင်း  သင်နှင့်  အနီးဆုံးမှာ”နှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ဆောင်းပါးများတွင် လေ့လာကြည့်ရှုနိုင်ပါ သည်။ “အကြမ်းဖက်ခြင်း(Terrorism) ဆိုတာရဲ့ မူရင်း  စာလုံးဖြစ်တဲ့ Terror ဆိုတာ ထိတ်လန့် ကြောက်ရွံ့ခြင်းကနေ   ဆင်းသက်လာတာဖြစ်ပြီး ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ဝါဒ တစ်နည်း အားဖြင့် အကြမ်းဖက်ခြင်းဆိုတာ အကြောက်တရား ကနေ နိုင်ငံရေးအခြေအနေတစ်ရပ်ကို ပြောင်းလဲတဲ့ စစ်ဗျူဟာတစ်ရပ်လို့ ဆိုကြပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ    ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် လူပေါင်း ၁၃၀ သေဆုံးရသလို ၂၀၀၂  ခုနှစ် အစ္စရေးမှာ ပါလက်စတိုင်း အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း လူ ၄၅၀ ကျော် သေဆုံးခဲ့ရဖူးပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထဲမှာ မမေ့နိုင်စရာကောင်းတဲ့ ၉/၁၁ အကြမ်းဖက် မှုကတော့ စံချိန်တင်ပြီး လူ ၃၀၀၀ လောက် သေဆုံး ခဲ့ရတယ်”ဟု ဆောင်းပါးရှင် ကနောင်က အကြမ်း ဖက်ခြင်း    သင်၏အနီးဆုံးမှာ    ဆောင်းပါးတွင် အကြမ်းဖက်ခြင်းဇာစ်မြစ်နှင့် နိုင်ငံများ၏ ဖြစ်စဉ် အချို့အား    နမူနာထုတ်နုတ်ဖော်ပြထားသည်ကို မှတ်သားရသည်။

 


မြန်မာနိုင်ငံမှာလည်း ယခုအခါ အကြမ်းဖက်ခြင်း ဆိုသည့် အကြောက်တရားကနေ နိုင်ငံရေးအခြေ အနေတစ်ရပ်ကို ပြောင်းလဲတဲ့ စစ်ဗျူဟာတစ်ရပ်ကို ခင်းကျင်းနေတာ   တွေ့ရမှာဖြစ်သည်။  အပြစ်မဲ့ ပြည်သူတွေကို သူလျှိုဒလန်လုပ်ပြီး ရက်ရက်စက် စက် လူမြင်ကွင်းမှာ သတ်ပြနေခြင်းသည် အကြမ်း ဖက်ခြင်းဟူသည့် အကြောက်တရားကို ဖန်တီးနေ ခြင်းဖြစ်သည်။       ထိုအကြောက်တရားမှနေ၍ နိုင်ငံရေးအခြေအနေတစ်ရပ်ကို ပြောင်းလဲသည့် စစ်ဗျူဟာသည် မအောင်မြင်သော ဗျူဟာဖြစ်သည် ဆိုသော်လည်း   အကြမ်းဖက်ဝါဒ   ခေါင်းထောင် မထလာအောင် နိုင်ငံများ ကြိုးပမ်းနေသည့်နည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း   အကြမ်းဖက်ဝါဒကို လက်မခံ  အမြစ်ကမကျန်   ဖြိုဖျက်ကြရမည်မှာ အားလုံးတွင်   တာဝန်ရှိပါသည်။   ယခုအခါတွင် အကြမ်းဖက်သမားသည်   သင်၏အနီးဆုံးမှာရှိ နေသည်ဟု ဆိုရမလိုဖြစ်နေသေးသည်။ သင်၏အနီး ဆုံးမှာရှိနေလျှင် သင်နှင့်သင့်မိသားစု၊ သင့်ပတ်ဝန်း ကျင်   စိုးရိမ်ထိတ်လန့်    အန္တရာယ်မဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ 

 


“အကြမ်းဖက်တိုက်ခိုက်တာဟာ သူတို့မှာ လုံလောက်တဲ့ အင်အားမရှိတာကြောင့် ပါဝါမျှခြေ (Balance of Power) ကို အကြမ်းဖက်မှုနည်းနဲ့ ပြောင်းလဲဖို့ ကြိုးပမ်းကြတာဖြစ်တယ်လို့ နိုင်ငံရေး သုတေသီတွေက ဆိုထားကြပါတယ်။ နိုင်ငံတကာမှာ အကြမ်းဖက်မှုတွေကို   နှိမ်နင်းရင်း   ခြေကျွံမိတဲ့ အစိုးရတွေရှိပြီး    နိုင်ငံရေးအပြောင်းအလဲတွေ ဖန်တီးပေးလိုက်တာမျိုး  ရှိခဲ့တာကြောင့် အကြမ်း ဖက်မှုကို   အသုံးတည့်တယ်လို့   ထင်မြင်ကြသူတွေ လည်း ရှိပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေ ကြောင့် တိုင်းပြည်မရှူနိုင်မကယ်နိုင် ဆင်းရဲတွင်းက မတက်နိုင်တဲ့  ချွတ်ခြုံကျနိုင်ငံတွေ  ဖြစ်လာရတဲ့ သာဓကတွေကိုလည်း   လေ့လာသင့်ပါတယ်။ သေဆုံးသွားရှာပြီဖြစ်တဲ့ ပါလက်စတိုင်း အမျိုးသား ကဗျာဆရာ  မာမက်ဒါဝစ်က  သူ့ရဲ့ကမ္ဘာကျော် ကဗျာတွေထဲမှာ ဂါဇာမှာရှိတဲ့ ဟားမတ်စ်နဲ့ ဖာတာ တို့ အကြမ်းဖက်တိုက်ခိုက်ခဲ့ကြတာကို ‘လမ်းပေါ် ထွက်ပြီး     ကိုယ့်ကိုယ်ကိုယ်    သတ်သေကြခြင်း’လို့ မြည်တမ်းကဗျာဖွဲ့ဆိုခဲ့ဖူးပါတယ်။”

 


“ဘယ်လို   နိုင်ငံရေးစနစ်ဖြစ်ဖြစ်၊   ဘယ်လို ရည်ရွယ်ချက်နဲ့ဖြစ်ဖြစ်၊   ဘယ်လိုယုံကြည်ချက် နဲ့ဖြစ်ဖြစ် အကြမ်းဖက်ခြင်းကို လုပ်လို့မရပါဘူး။ လူမျိုးတူတိုင်း၊ ဘာသာတူတိုင်း၊ အယူဝါဒတူတိုင်း၊ ခံယူချက်တူတိုင်း     အကြမ်းဖက်သမားတွေကို ထောက်ခံပေးလို့ မဖြစ်ပါဘူး။ ဒါဟာ နိုင်ငံတကာက အကြမ်းဖက်သူတွေကို သတ်မှတ်ထားတဲ့ အမြင်ပဲ ဖြစ်သလို အထူးသဖြင့်တော့ ဒီမိုကရေစီနိုင်ငံတွေမှာ အကြမ်းဖက်သူဟာ နိုင်ငံရဲ့ အဓိကရန်သူ၊ ကမ္ဘာ့ ရန်သူအဖြစ်   အကြမ်းဖက်ဝါဒကို   အပြင်းအထန် ရှုတ်ချလေ့ရှိပါတယ်”ဟု  ဆောင်းပါးရှင်  ကနောင် ရေးသားသည့် အကြမ်းဖက်ခြင်း သင်နှင့်အနီးဆုံးမှာ ဆောင်းပါးသည် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေ အတွက် သုံးသပ်ဆင်ခြင်မှတ်သားစရာ ဆောင်းပါး တစ်ပုဒ်ဖြစ်ပါကြောင်း။          ။