
ကဘူးလ် သြဂုတ် ၄
အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ရှိ ခေတ္တကာကွယ်ရေးဝန်ကြီးအိမ်အနီးတွင် သြဂုတ် ၃ ရက် ညက ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင်တပ်ဖွဲ့များ အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ကဘူးလ်မြို့လယ်ရှိ ခေတ္တကာကွယ်ရေးဝန်ကြီး ဘစ်မီလာခန်မိုဟာမာဒီအိမ်အနီးတွင် မော်တော် ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ခေတ္တကာကွယ်ရေး ဝန်ကြီး အိမ်တွင်မရှိသည့်အတွက် ထိခိုက်ဒဏ်ရာ ရခြင်း မရှိသော်လည်း အရပ်သားလေးဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
အာဖဂန်နစ္စတန်ပြည်ထဲရေးဝန်ကြီးက အပြန် အလှန်ပစ်ခတ်မှုအတွင်း သေနတ်သမားလေးဦး သေဆုံးခဲ့ကြောင်း ပြောသည်။ အဆိုပါ တိုက်ခိုက်မှု အတွက် မည်သူ့တွင် တာဝန်ရှိကြောင်း ဖော်ပြ ပြောဆိုခြင်း မရှိသေးချေ။
ခေတ္တကာကွယ်ရေးဝန်ကြီးကို ဦးတည်တိုက်ခိုက် မှု လုပ်ဆောင်သည်ဟု သံသယဖြစ်ပွားလျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်ပြီး တိုက်ခိုက်မှုကို စုံစမ်းထောက်လှမ်းလျက်ရှိကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုသည် ယခု လကုန်တွင် ၎င်း၏ တပ်ဖွဲ့ဝင်များကို အာဖဂန်နစ္စတန် မှ အပြီးဆုတ်ခွာရန် စီစဉ်ထားသည်။
တာလီဘန်အကြမ်းဖက်အုပ်စုသည် အစိုးရအား ဆန့်ကျင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ လွန်ခဲ့သည့်လ နှောင်းပိုင်း တွင် တာဘီဘန်များသည် နိုင်ငံတစ်ဝက်ခန့်ကို ထိန်းချုပ်ထားခဲ့ကြောင်း အမေရိကန်ဉာဏ်ကြီးရှင် အဖွဲ့က ပြောသည်။ ယခုအခါတွင် အဓိကမြို့များ အနီးရှိ နေရာဒေသများကို ရယူရန် ခြိမ်းခြောက်လျက် ရှိကြောင်း အဆိုပါအဖွဲ့က ဆက်လက်ပြောကြား သည်။
ခေတ္တကာကွယ်ရေးဝန်ကြီးအိမ်အနီး ပေါက်ကွဲမှု ကြီး ဖြစ်ပွားခြင်းသည် နိုင်ငံအတွင်း ထိတ်လန့်ဖွယ် လှိုင်းဂယက်ကို ဖြစ်ပွားစေသည်။
အင်န်အိတ်ချ်ကေ