
ကိုရေချမ်း
ကျွန်တော်တို့ ငယ်စဉ်က ကျောင်းအားရက်တိုင်း သူငယ်ချင်းတစ်သိုက် ဘောလုံးကန်ကြသည်။ ဘောလုံးကန်ကောင်းကြသဖြင့် ကျောင်းလက်ရွေးစင်များဖြစ် လာကြသည်။ ကျွန်တော်တို့အုပ်စုတွင် ဖိုးဇော်သည် ဘောလုံးတွင် အကောင်းဆုံးဖြစ်၍ အသင်းခေါင်းဆောင်ဖြစ်ခဲ့သည်။ ကျောင်းချင်း ချိန်းကန်ပွဲ၊ ရပ်ကွက်ချင်း ချိန်းကန်ပွဲတွင် ဖိုးဇော်သည် အားအကိုးရဆုံး တိုက်စစ်မှူးဖြစ်သည်။ သူမပါလျှင် ပွဲမပြီး။ ပွဲများစွာ အနိုင်ရခဲ့သည်။ တစ်နာရီခွဲခန့် အချိန်ကြာကန်သည့် ဘောလုံးပွဲတိုင်းတွင် ဖိုးဇော်သည် မနားတမ်းတစ်ကွင်းလုံးပတ် ကန်နိုင်ခဲ့သည်။ ဖိုးဇော်၏ ကစားကွက်နှင့် သက်လုံကောင်းပုံမှာ အံ့မခန်းဖွယ်ဖြစ်သည်။
ကျွန်တော် အထက်တန်း၊ တက္ကသိုလ် ကျောင်း ပြီးသွားသောအခါ ဖိုးဇော်နှင့် အဆက်ပြတ်သွား ခဲ့သည်။ ကျွန်တော်တို့ ဝါသနာပါခဲ့သော ဘောလုံး ကစားခြင်းမှာ ပျောက်ကွယ်သွားခဲ့သည်။ ကျောင်း နေစဉ်ကာလက အပတ်စဉ်ပုံမှန် ဘောလုံးကစားခဲ့ ကြသည့် သူငယ်ချင်းအပေါင်းအသင်းများသည် အသက်အရွယ်လည်း ငယ်ရွယ်၊ ကျန်းမာရေးလည်း လိုက်စားကြသဖြင့် ကျန်းမာလန်းဖြာကြသည်။ ကျောင်းပြီးဆုံးသွားပြီးနောက် လုပ်ငန်းခွင်သို့ ကိုယ်စီကိုယ်စီ ဝင်ရောက်သွားကြသောအခါ ကျွန်တော်ကိုယ်တိုင် ဝါသနာပါရာ အားကစား တစ်မျိုးမျိုးနှင့် အဆက်ပြတ်သွားခဲ့သည်။ ကျွန်တော့် သူငယ်ချင်းများလည်း ထိုနည်းလည်းကောင်းပင်ဖြစ် သည်။ ငယ်ရွယ်စဉ် ကျောင်းသားဘဝက ပညာ သင်ကြားကြ၊ ဘောလုံးကန်ကြ၊ အခြားဝါသနာပါရာ တစ်ခုခု လိုက်စားကြနှင့် ပျော်ရွှင် ဖွယ်ရာအတိဖြစ်ခဲ့ သည်။
အားကစားလုပ်
နိုင်ငံ့ဝန်ထမ်း လုပ်ငန်းခွင်သို့ ဝင်ရောက်ပြီး နောက် အသက် ၃၀ ကျော်၊ ၄၀ ခန့် အရွယ်တွင် ဗဟိုပြည်သူ့ ဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) သို့ လုပ်ငန်းခွင်အရာရှိသင်တန်း သုံးလခွဲတက်ခဲ့ရသည်။ သင်တန်းသားများ စုံညီချိန်တွင် ကျွန်တော်တို့ ဇေယျသင်တန်း အပတ်စဉ်(၁၅၆)၌ ဖိုးဇော်ကို မမျှော်လင့်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ရသည်။ ကျွန်တော် က ဌာနတစ်ခုတွင် အရာရှိ၊ ဖိုးဇော်ကလည်း အခြား ဌာနတစ်ခုတွင် အရာရှိဖြစ်ပြီး ဖောင်ကြီးသင်တန်း တွင် ဆုံစည်းခဲ့ရသည်။ ငယ်သူငယ်ချင်းနှင့် သင်တန်းတွင် ပြန်လည်ဆုံတွေ့ရ၍ ဝမ်းသာမဆုံး ဖြစ်ခဲ့သည်။ ဖောင်ကြီးတွင် သင်တန်း အားလပ်ချိန်၌ သင်တန်းသားများ နှစ်သက်ရာ အားကစား တစ်မျိုးမျိုး ပြုလုပ်ကြသည်။
သင်တန်းသား အမျိုးသားများက ဘောလုံးကန် ကြသည်။ ကျောင်းသားဘဝက တစ်သင်းတည်း ကစားခဲ့သော ဖိုးဇော်သည် ယခု ဝန်ထမ်းသင်တန်း သားဘဝတွင် တစ်ဖက်အသင်းအနေဖြင့် ယှဉ်ပြိုင် ကစားကြသည်။ ဖိုးဇော်၏ ခြေရည်ကိုသိသော ကျွန်တော်သည် ဖိုးဇော်တို့ အသင်းကို သေချာပေါက် ရှုံးမည်ဟု တွက်ဆထားခဲ့သည်။ လက်တွေ့ ယှဉ်ပြိုင် ကစားသောအခါ ဖိုးဇော်တို့အသင်းကို ကျွန်တော်တို့ အသင်းက အနိုင်ရခဲ့သည်။ ပြိုင်ပွဲတွင် ဖိုးဇော်၏ ကစားကွက်များမှာ ငယ်စဉ်ကကဲ့သို့မဟုတ်တော့ ပေ။ ဖိုးဇော်သည် တစ်ကွင်းလုံးပတ်ကာ ခြေစွမ်း မပြနိုင်တော့ပေ။ ပြေးလိုက်၊ နားလိုက်နှင့် နောက် တန်းတွင် ကျန်ခဲ့သည်။ နောက်တန်းနေသော်လည်း ကျွန်တော်တို့အသင်းမှ တိုက်စစ်မှူးနောက်သို့ အမီ လိုက်ကာကွယ် တိုက်ဖျက်နိုင်စွမ်း မရှိသည်ကို သတိ ပြုမိသည်။
ဘောလုံးပြိုင်ပွဲပြီးသောအခါ ဖိုးဇော်အား ကျွန်တော်က “သူငယ်ချင်း ဘယ်လိုဖြစ်တာလဲ၊ ငယ်ငယ်က မင်းခြေကို ဘယ်လိုမှမမီနိုင်ဘဲ အမြဲ အနိုင်ရခဲ့တာ၊ အခု မင်းခြေတွေ အတော်ကျသွား ပါလား”ဟု မေးကြည့်ရာ ဖိုးဇော်က “အေး . . . ငါ အရင်လို မကန်နိုင်တော့ဘူးကွ၊ ဝါသနာပါလွန်းလို့ သာ ဝင်ကန်ရတာ၊ ကွင်းတစ်ပတ် မပြောနဲ့ ဘောလုံး နောက်ကို နည်းနည်းလိုက်တာနဲ့ မောနေတာ”ဟု ပြောပြသည်။ ထိုအခါ ကျွန်တော်က “ဧကန္တ မင်း ဆေးလိပ်သောက်တယ်နဲ့တူတယ်” ဟု မေးကြည့် သည်။ “အေး ဟုတ်တယ်” “ငါတို့ ကျောင်းပြီးသွား လို့ လုပ်ငန်းခွင်ထဲ ရောက်ကတည်းက ငါဆေးလိပ် သောက်တယ်။ အရက်သောက်တယ်။ အခုဆို ဆေးလိပ်၊ အရက်သောက်လာတာ ၁၀ နှစ်၊ ၁၅ နှစ် လောက် တောင်ရှိနေပြီ” ဟု ဖိုးဇော်က ဆိုသည်။ “ဪ ဒါ့ကြောင့် ဘောလုံးမကန်နိုင်တော့တာကိုး၊ ဆေးလိပ်နဲ့ အရက်ဖြတ်လိုက်ပါ သူငယ်ချင်းရာ” ဟုသာ ကျွန်တော်ပြောနိုင်ခဲ့ပြီး သင်တန်းဆင်းသော အခါ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ပြန်လည် ကွဲကွာသွားခဲ့သည်။
အရေးကြီးအဆုတ်
ယမန်နေ့က နာရေးသတင်းတစ်ပုဒ်တွင် ကျွန်တော်၏သူငယ်ချင်း ဖိုးဇော်၏ နာမည်ကို တွေ့လိုက်ရသည်။ အံ့သြခြင်း၊ စိတ်မကောင်းခြင်း၊ ဝမ်းနည်းခြင်းများစွာဖြစ်ရသည်။ ကိုဗစ်ကာလဖြစ်၍ သူငယ်ချင်း၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင် ခြင်းလည်း မပြုနိုင်ပေ။ နောက်မှ သူငယ်ချင်း အချင်းချင်းအား ကိုဗစ်လား၊ ဘာလား ဘာရောဂါနှင့် ဆုံးတာလဲဟု မေးမြန်းကြည့်ရာ ကိုဗစ်လား၊ ဘာ လားတော့မသိ၊ အဆုတ်ပျက်စီးပြီးဆုံးတာဟု သိရ သည်။ လုပ်ငန်းခွင်ဝင်ကတည်းက ဆေးလိပ်သောက် ခဲ့သောသူငယ်ချင်းသည် လုပ်ငန်းခွင်မပြီးဆုံးသေး မီပင် အကြွေစောခဲ့သည်။ ဘောလုံးကန်ထူးချွန်သူ သူငယ်ချင်းသည် ဆေးလိပ်တန်ခိုးဖြင့် ဘောလုံး လောကကို အရှုံးပေးခဲ့သည်။ သေချာသည်မှာ ဆေးလိပ်တန်ခိုးဖြင့်ပင် အဆုတ်ပျက်စီးပြီး ဘဝခရီး ကို စောစီးစွာ အဆုံးသတ်ခဲ့သည်။ အဆုတ်သည် လူ့ဘဝသက်တမ်းစေ့နေနိုင်ရေးအတွက် အရေး အကြီးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သည် ကို သိလိုက်ရသည်။
ယနေ့ ကိုဗစ်ဖြစ်ပွားနေသော ကာလတွင် မြန်မာနိုင်ငံရှိ မိဘပြည်သူတွေကြား၌ အောက်ဆီဂျင် ကျ၍ အောက်ဆီဂျင် ရှာဖွေရယူနေကြသည့် မြင်ကွင်းများကို နေ့စဉ်မြင်တွေ့နေရသည်။ စိတ် မချမ်းမြေ့စရာ မြင်ကွင်းများပင်ဖြစ်သည်။ ယခု အချိန်အခါ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုများ ဖြစ်ပွားလျက်ရှိရာ အများစုမှာ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပျက်စီး မှုကြောင့် အောက်ဆီဂျင်ကျပြီး သေဆုံးမှုများအဖြစ် များသည်ကို တွေ့ရသည်။
အဆုတ်၊ နှလုံး၊ ဆီးချို၊ သွေးတိုး ရောဂါအခံရှိသူ များ သေဆုံးနှုန်း ပိုများကြသည်။ အဆုတ်အား မကောင်း၊ အဆုတ်ပျက်စီးလျှင် ကိုဗစ်က လွယ်ကူကူ တိုက်ခိုက်ဖျက်ဆီးနိုင်ပြီး အဆုတ်အားကောင်း၊ အဆုတ်ကျန်းမာလျှင် ကိုဗစ်ကို လွယ်လွယ်ကူကူ ခုခံတွန်းလှန်နိုင်မည်ဖြစ်သည်။ ကျွန်တော့် သူငယ်ချင်း ဖိုးဇော်သည် အဆုတ်ပျက်စီးသောကြောင့် ကိုဗစ်က လွယ်လွယ်ကူကူဖျက်ဆီးနိုင်ပြီး ဘဝကို စောစော စီးစီး အရှုံးပေးခဲ့ရသည်။ ကိုဗစ်ဖြစ်စေ၊ အခြားရောဂါ ဖြစ်စေ အဆုတ်သည် အသက်ရှင်သန်ရေးအတွက် အဓိကကျသော ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်၍ အဆုတ်ပျက်စီးစေမည့်၊ အဆုတ်ကိုထိခိုက်စေမည့် အနေအထားများ၊ ဆေးလိပ်သောက်မှုများအား သတိမူရှောင်ရှားရမည်ဖြစ်သည်။
အောက်ဆီဂျင်
ယနေ့အခါတွင် မိဘပြည်သူများ အဆုတ် အားနည်းသောကြောင့် အောက်ဆီဂျင် ရှူနေကြ သည်တို့နှင့် ပတ်သက်၍ မေ့ဆေးဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်ထွေး၏ အကြံပြုချက် ကို မျှဝေလိုပါသည်။
“လေထဲမှာရှိတဲ့ အောက်ဆီဂျင် ၂၀-၂၁ ရာခိုင်နှုန်း ဟာ လုံလောက်တာထက် ပိုတယ်ဆိုတာကို ထပ်မံ အတည်ပြု ပြောချင်ပါတယ်။ ဒါပေမယ့် ကိုဗစ်မှာ ဘာ့ကြောင့် အောက်ဆီဂျင် အပိုကို သုံးနေကြရလဲ ဆိုတဲ့မေးခွန်း မေးစရာရှိပါတယ်။ ရှင်းပြပါ့မယ်။ လူ့ကိုယ် ခန္ဓာရဲ့အဆုတ်မှာ လေအိတ် (alvilia)လေးတွေ ၇ မီလီယံလောက် ရှိပါတယ်။ ဒီလေအိတ် တွေကို ဖြန့်လိုက်ရင် အလျား ၇၀ မီတာ၊ အနံ ၇၀ မီတာလောက် ကျယ်ပါတယ်။ ဒီလေအိတ်လေးတွေကို သေးငယ်တဲ့လေပြွန် (bronchioles) လေးများဖြင့် စပျစ်ခိုင်လို ဆက်သွယ်ထားပါတယ်။ ထိုလေအိတ် ပတ်ဝန်းကျင်မှာက သေးငယ်တဲ့ ဆံခြည်မျှင်သွေး ကြောလေးများဖြင့် ဝန်းရံထားပါတယ်။ ကိုယ်ခန္ဓာ က လိုအပ်တဲ့ အောက်ဆီဂျင်ကို အဲဒီနေရာကနေ ကိုယ်ခန္ဓာထဲ ပို့ရပါတယ်။
“ကိုဗစ်ဖြစ်သူများရဲ့ ပြဿနာက.... အဲဒီနေရာ မှာပါ။ ဆံခြည်မျှင်သွေးကြောလေး များပိတ်တယ်။ လေအိတ်ပြွန်ငယ်လေးများ ချွဲဖြင့်ပိတ်တယ်။ ပိတ်တဲ့ အရွယ်အစားပေါ် မူတည်ပြီး လေအဝင် အထွက်၊ အောက်ဆီဂျင် ကိုယ်ထဲရောက်တဲ့ပမာဏ ကွာကြပါတယ်။ အောက်ဆီဂျင်ကျတယ်ဆိုတာ ပိတ်တဲ့ ပမာဏများလို့ပါ။ အောက်ဆီဂျင်ရှူလိုက် ခြင်းအားဖြင့် ကျန်နေတဲ့ လေအိတ်နည်းနည်းလေး ထဲမှာရှိတဲ့ အောက်ဆီဂျင် ၂၀ ရာခိုင်နှုန်းကို မြှင့်ပေး လိုက်တာပါ။ အဲဒါဟာ ခဏတာပဲကောင်းပါတယ်။ ရက်ပိုင်းလေးပါ။ အောက်ဆီဂျင်ကို၌က ကြာကြာ ရှူရင် လေအိတ်လေးများ ပြန်ဖောင်းလာအောင် လုပ်ပေးတဲ့ surfactant လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကို ယုတ် လျော့စေပါတယ်။ ဒါ့ကြောင့် အောက်ဆီဂျင် ကို ဘိန်းရှူသလို တစ်ပတ်၊ နှစ်ပတ်ရှူနေရင် ကျန် နေတဲ့ လေအိတ်လေးတွေပါ ပိတ်ကုန်ပြီး လူသေတဲ့ အထိ ဖြစ်လာပါလိမ့်မယ်။ တချို့ဆို (၃-၄)ရက် အတွင်း သေကြရပါတယ်။
ဆေးလိပ်ရှောင်
“ဒါ့ကြောင့် လေအိတ်ပြန်ဖွင့်ပေးမဲ့ အသက်ရှူ လေ့ကျင့်ခန်းကို (မဖြစ်မနေ) ကျန်တဲ့ လေအိတ်လေး တွေ မပိတ်ခင်... ထိထိရောက်ရောက် လုပ်ကို လုပ်ရ ပါ့မယ်။ နေကောင်းနေစဉ်ကတည်းက လေ့ကျင့် နေရင် တကယ်လက်တွေ့ရောဂါရတော့ ဆက်လုပ် နိုင်တာပေါ့။ ကိုယ်တို့ ပြည်သူပြည်သားများ ကိုဗစ် ကို နိုင်အောင် တိုက်နိုင်ကြပါစေ...။
ဖြည့်စွက်ချက်... Google မှာ Breathing Exer-cises for Covid Patient ဆိုပြီး ရိုက်ရှာပါ။ အသက်ရှူ လေ့ကျင့်ခန်းတွေ အများကြီး တွေ့ရပါ့မယ်။ ဖွင့်ပြီး ကိုယ်တိုင် လိုက်လုပ်ကြပါ။ ဆေး၊ အောက်ဆီဂျင် တို့ကိုသာ အားကိုးမနေကြပါနဲ့....။ လုံ့လလည်း ထူ၊ ဉာဏ်လည်းကူ နောက်ချီးလည်းချ၊ ငါလည်းမ ...တဲ့။ ကိုယ့်အားကိုယ်ကိုး အင်အားမစိုက် မလုပ်ချင် မကိုင်ချင်ရင်တော့ ကိုယ်ပဲနစ်နာဆုံးရှုံးရမှာပါ” ဟူသည့် ဆရာဝန်ကြီး၏ အဆုတ်နှင့်ပတ်သက်သည့် သတိပေးစကားမှာ မှတ်သားစရာဖြစ်သည်။
ယနေ့အချိန်ကာလတွင် အဆုတ်အားနည်းသော သူများ ကိုဗစ်ကို လွယ်လွယ်ကူကူ ကူးစက်ခံရနိုင် သည်။ ကိုဗစ်ရောဂါ ကူးစက်ခံရသောအခါ အဆုတ် ပျက်စီးပြီး သေဆုံးနိုင်သည်။ ရောဂါတစ်ခုခုကို အကြောင်းပြု၍ အောက်ဆီဂျင်ကိုသာ အားကိုးနေ၍ မဖြစ်ပေ။ အောက်ဆီဂျင်သည် အထူးကြပ်မတ်လူနာ များအတွက် လိုအပ်ချက်ဖြစ်သည်။ ကျွန်တော်တို့ ပြည်သူတွေ အသက်ဝဝရှုနိုင်အောင်၊ လူ့သက်တမ်း အပြည့်အဝနေနိုင်အောင် ကျန်းမာရေးကို ဂရုစိုက် ကြရမည်။ အဓိကကျသည့် အဆုတ်ကျန်းမာရေးကို အလေးပေးကြရပါမည်။ ကျွန်တော့်သူငယ်ချင်း ဖိုးဇော်လို လူ့သက်တမ်းမတိုအောင် ဆေးလိပ် သောက်ခြင်းကို ရှောင်ကြဉ်ကြရပါမည်။ အသက်ရှူ လေ့ကျင့်ခန်းများများ လုပ်ပေးပါဟု အကြံပြုတိုက် တွန်းချင်ပါသည်။ ။
- Log in to post comments