နှာခေါင်းစည်းနှစ်ထပ်တပ်ခြင်း၏ ကောင်းကျိုး

Type

တင်ထက်ထက်ဇော်
============

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့နိုင်ငံအသီးသီး၏ ကူးစက်ပျံ့နှံ့တတ်သော ကျန်းမာရေးပြဿနာများ အပေါ် အဆင့်သတ်မှတ်ရာတွင် အောက်ပါအတိုင်း အဆင့် (၆) ဆင့် သတ်မှတ်ထားပါသည်။ 


•    တိရစ္ဆာန်များတွင်သာ ကူးစက်တတ်သော အခြေအနေ အပျော့၊ အပြင်းကို အဆင့် (၁)နှင့် (၂) ဟု သတ်မှတ်သည်။


•    လူအချင်းချင်းကူးစက်တတ်သော အခြေ အနေကို အဆင့် (၃) ဟု သတ်မှတ်သည်။
•    အစုလိုက်အပြုံလိုက် ကပ်အသွင်ဖြစ်ပွား သော အခြေအနေကို အဆင့် (၄) ဟု သတ်မှတ်သည်။ 
•    တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးစက်တတ်သော အခြေအနေကို အဆင့် (၅) ဟု သတ်မှတ် သည်။


•    တစ်ကမ္ဘာလုံး ကူးစက်တတ်သော အခြေ အနေကို အဆင့် (၆) ဟု    သတ်မှတ်   သည်။


၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်၍ တစ်ကမ္ဘာလုံး ကို ပတ်မွှေလာခဲ့သော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကို ဖြစ်စေသည့် ဘုံရန်သူ ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ဆက်လက်အားကောင်းလျက်ရှိကာ ကမ္ဘာ့လူသား များ၏ အသက်ဘေးအန္တရာယ်ကို ခြောက်လှန့်နေ ဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ် ဩဂုတ် ၅  ရက်အထိ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၄၂၇၄၂၅၄  ဦးရှိနေပြီး   နေ့စဉ်  အသစ်ဖြစ်ပွား သူများနှင့် သေဆုံးမှုများသည် ကမ္ဘာတစ်ဝန်းလုံး ခြုံငုံကြည့်လျှင် စတုတ္ထလှိုင်းအသွင် မြင့်တက် လာလျက်ရှိကြောင်း ပညာရှင်များက သတိပေး ထားသည်။ အာဆီယံနိုင်ငံများ၌    ကိုဗစ်-၁၉ အခြေအနေနှင့်ပတ်သက်၍  မြန်မာနိုင်ငံသည် ပဉ္စမအဆင့်တွင်     ရှိနေကြောင်း     သိရသည်။ မြန်မာနိုင်ငံအတွင်း       ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို     ထိန်းချုပ်နိုင်ရေးနှင့်    တတိယလှိုင်းကို ကျော်လွှားနိုင်ရေးတို့အတွက်  ပြည်သူများအားလုံး     ကိုဗစ်-၁၉ စည်းကမ်းချက် များကို    ထိထိရောက်ရောက်           လိုက်နာဖို့လိုအပ် သည်။


ကိုဗစ်-၁၉ ကူးစက်နိုင်ခြေ လွန်စွာနည်း


နှာခေါင်းစည်းတပ်ဆင်ခြင်းသည် နှာခေါင်း စည်း လုံးဝမတပ်ဆင်ခြင်းထက်    ကိုဗစ်-၁၉ ကူးစက်မှုမှ ကာကွယ်ပေးနိုင်ကြောင်းကို ကမ္ဘာ့ လူသားအားလုံး    သိရှိနားလည်ပြီးဖြစ်သည်။ ထို့ပြင် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပါက ရောဂါကာကွယ်ရေးအတွက် ပိုမိုထိရောက်ကြောင်း ကိုလည်း သဘောပေါက်နားလည်ထားပြီး ဖြစ်ကြ သည်။  ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းအပေါ်တွင် အဝတ်နှာခေါင်းစည်းကို တပ်ဆင်ထားပါက ကိုဗစ်-၁၉ ကူးစက်မှုမှ ကာကွယ်နိုင်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်မှုနှင့် ကာကွယ်ရေးဗဟိုဌာန(CDC)က ဧပြီလမကုန်ခင် ပြုလုပ်ခဲ့သည့် လေ့လာမှုများအရ သိရသည်။ စမ်းသပ်ခန်းတွင်း လေ့လာမှုများအရ ယင်းကဲ့သို့   နှာခေါင်းစည်းနှစ်ထပ်တပ်ဆင်ထား ခြင်းကြောင့် ကိုဗစ်-၁၉ ကူးစက်မှုမှ ရာခိုင်နှုန်း ၉၀ အထိ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု   CDC ပညာရှင်များက ပြောဆိုခဲ့သည်။  နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသည့် အမှုန်များနှင့်အတူ ပါလာသည့် ကိုရိုနာဗိုင်းရပ်စ်မှ   ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းသည် ၄၂ ဒသမ သုည ရာခိုင်နှုန်း ကာကွယ်ပေးပြီး အဝတ်နှာခေါင်းစည်းသည် ၄၄ ဒသမ ၃ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်းနှင့် ယင်းနှာခေါင်းစည်းနှစ်ခုကို     ထပ်ပြီးတပ်ပါက ၉၂ ဒသမ ၅ ရာခိုင်နှုန်း      ကာကွယ်နိုင်ကြောင်း လေ့လာမှုအရ သိရသည်။  အသက်ရှူထုတ် (သို့ မဟုတ်) ချောင်းဆိုးသူသည် နှာခေါင်းစည်း နှစ်ထပ် တပ်ထားပါက ၎င်းမှတစ်ဆင့် အခြားသူ(ဒုတိယလူ)သို့ ကူးစက်နိုင်ခြေသည် ၈၂ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး    ယင်းပုဂ္ဂိုလ်        (ဒုတိယလူ)သည် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတစ်ခု   တပ်ထားပါက ၎င်းမှတစ်ဆင့်    တခြားသူ(တတိယလူ)သို့  ကူးစက် နိုင်ခြေသည်     ၆၂ ဒသမ  ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း CDC ၏ လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။ အသက်ရှူထုတ်သူနှင့် ၎င်း၏ အနီး၌ရှိနေသူ    နှစ်ဦးစလုံးသည် နှာခေါင်းစည်း နှစ်ထပ်တပ်ထားပါက ကူးစက်နိုင်ခြေကို ၉၅ ဒသမ ၉ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း လေ့လာမှု အရ သိရသည်။ 


ကောင်းကျိုးနှစ်ချက်


နိုင်ငံတိုင်းတွင်  နှာခေါင်းစည်း အမျိုးအစား သုံးမျိုး ရှိပါသည်။ ၎င်းတို့မှာ အဝတ်နှာခေါင်းစည်း၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများနှင့် N-95 တို့ဖြစ်ကြ သည်။   နှာခေါင်းစည်းနှစ်ထပ်တပ်ခြင်းအတွက် အောက်ပါကောင်းကျိုးနှစ်ချက်ကို ရနိုင်သည်။
•    နှာခေါင်းစည်းနှစ်ထပ်  တပ်လိုက်သည့် အတွက် ဝင်ပေါက်(ယိုစိမ့်ဝင်အပေါက်) လေဟာနယ် လုံးဝမရှိတော့ဘဲ မျက်နှာနှင့် နှာခေါင်းစည်း အံဝင်ခွင်ကျ ဖြစ်သွားသည်။
•    နှာခေါင်းစည်း   နှစ်ထပ်တပ်လိုက်သည့် အတွက် ရောဂါပိုးမွှားများကို စစ်ထုတ်နိုင် စွမ်းပိုများသည်။


သတိပြုရမည့်အချက်မှာ အဝတ်နှာခေါင်း စည်းအချင်းချင်း၊  ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း အချင်းချင်း၊ N -95 အချင်းချင်း စသည်ဖြင့် အမျိုးအစား တူ နှာခေါင်းစည်းနှစ်ထပ်မတပ်ရ။ ကာကွယ်ရာ မရောက်ဘဲ ဘေးအန္တရာယ်သာ ဖြစ်စေပါမည်။ မှန်ကန်သော သုံးစွဲနည်းမှာ ခွဲစိတ်ခန်းသုံးနှာခေါင်း စည်းကို ဦးစွာတပ်ပြီးမှသာ အပေါ်က အဝတ် နှာခေါင်းစည်းကို တပ်ရမည်။ N- 95 ၏  သဘော သဘာဝအရ ၎င်းနှာခေါင်းစည်းကို အခြားမည် သည့်နှာခေါင်းစည်းနှင့်မျှ   ရောတပ်၍မရပါ၊ သူ့ချည်းတစ်ထပ်တည်းသာ တပ်ရပါမည်။


လေ့လာမှုမှတ်တမ်းများအရ ယနေ့ထိ WHO က နှာခေါင်းစည်းနှစ်ထပ်တပ်ရန် အသိပေးထား ခြင်း မရှိသေးပေ။ သို့သော် CDC ၏ စေ့ဆော်ချက် အရ အမေရိကန်၊ ဗြိတိန်အပါအဝင် အခြားနိုင်ငံ တော်တော်များများ၌   နှာခေါင်းစည်းနှစ်ထပ် တပ်ဆင်ခြင်းကို   ဧပြီလမတိုင်မီကတည်းက  လေ့လာတွေ့မြင်ရပါသည်။ နှာခေါင်းစည်းနှစ်ထပ် တပ်လေ့မရှိသေးပါက အပြင်မထွက်ခင်   အိမ်မှာ  စမ်း၍တပ်ကြည့်ပါ၊ “အသက်ရှူရကောင်းရဲ့လား၊    အလွန်အားစိုက် ရှူရှိုက်နေရသလား”။ ဈေးဝယ် ထွက်ခြင်း၊ လူအများနှင့် ထိတွေ့ရမည့်နေရာ၊ လေယာဉ်၊ ရထား၊ ကားများဖြင့် သွားရမည့်ကိစ္စ စသည့်နေရာများအတွက် နှာခေါင်းစည်းနှစ်ထပ်ကို မဖြစ်မနေ တပ်ဆင်သွားသင့်ပါသည်။ 


ကျန်းမာရေးနှင့်ညီညွတ်သောနှာခေါင်းစည်း 


ကိုရိုနာဗိုင်းရပ်စ်ပိုးကို ခုခံကာကွယ်သည့် အနေဖြင့်  အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ၎င်းပိုးများ မဝင်စေရန် ကမ္ဘာ့လူသားများ နှာခေါင်း စည်းကို မဖြစ်မနေတပ်ကြရသည်။ ကမ္ဘာ့နိုင်ငံ အများစုမှာ အိမ်ပြင်ထွက်သည့်အခါ နှာခေါင်းစည်း မတပ်သူကို   အပြစ်ပေး  ဒဏ်တပ်လျက်ရှိ
သည်။       အိန္ဒိယနိုင်ငံတွင်လည်း တာဝန်ရှိသူ ရဲတပ်သားတစ်ဦးက    ကြိမ်လုံးကိုင်ထားပြီး  လမ်းပေါ်တွင်      နှာခေါင်းစည်းမတပ်သူအား   ၎င်းကြိမ်လုံးဖြင့်      တရားဝင်ရိုက်ခွင့် ပြုထားသည်။     နှာခေါင်းစည်း     အမျိုးမျိုးရှိသည့်အနက်    ခွဲစိတ် ခန်းသုံးနှာခေါင်း   စည်းကို  ဦးစားပေးတပ်ဆင် ကြရန်      ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က သတိပေးထားသည်။ နှာခေါင်းစည်း လိုအပ်ချက်   မြင့်မားလာသည်နှင့်အမျှ      ဈေးကွက်ထဲတွင် အရည်အသွေးနိမ့်နှာခေါင်းစည်းများ ရောင်းချ နေခြင်းကို     တားမြစ်သင့်ကြောင်း  WHO က နှိုးဆော်ထားသည်။ ကျန်းမာရေးနှင့် ညီညွတ်သော နှာခေါင်းစည်း အတု၊ အစစ် စမ်းသပ်နည်းကို ယခုလို အကြံပြုထားသည်။ 


ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတွင် အလွှာသုံးလွှာ ပါရှိပြီး အပြင်ဘက်ဆုံးအလွှာကို    ရေစိမ့်မဝင် နိုင်သော (ရက်ချည်မဟုတ်သော) အသားဖြင့် လုပ်ထားသည်။ ၎င်းအလွှာပေါ်ကို ရေအနည်းငယ် လောင်း ကြည့်ပါ။ ပိန်းကြာရွက်တွင် ရေမတင် သကဲ့သို့ ၎င်းအလွှာတွင် ရေစိမ့်ဝင်မှုမရှိ ဖြစ်ရပါ မည်။ အလယ်က အလွှာကို အဖြူရောင်အသားဖြင့် ချုပ်ထားပြီး ဗိုင်းရပ်စ်များ ရှေ့ဆက်မသွားဘဲ ကပ်ငြိစေဖို့ melt-blown အသားကို သုံးထားခြင်း ဖြစ်သည်။ ၎င်းအဖြူရောင်အလွှာကို လက်နှိပ် ဓာတ်မီးဖြင့်ထိုးကြည့်ပါ။


အလင်းမပေါက်ပါက   အရည်အသွေးပြည့်မီပါ သည်။     အတွင်းဘက်ဆုံးအလွှာက   စုပ်ယူမှု အားကောင်းသော    (ရက်ချည်မဟုတ်သော) အသားဖြစ်ပြီး   မိမိနှာခေါင်းနှင့်  ပါးစပ်တို့မှ ထွက်ရှိသောအရည်များကို     ၎င်းအလွှာက စုပ်ယူပေးထားသည်။ ၎င်းအလွှာကို ရေလောင်း ကြည့်ပါက ရေစိမ့်၍ နူးအိသွားသည်။ နှာခေါင်းစည်း ကိုတပ်ထားပြီး လေမှုတ်ထုတ်ကြည့်ပါ၊ လေက အပြင်သို့မထွက်ပါက   စံချိန်မီနှာခေါင်းစည်း ဖြစ်ပါသည်။ မီးခြစ်မီးညွန့်တစ်ခုကို နှာခေါင်းစည်း   တပ်ပြီးမှုတ်ကြည့်ပါ၊ မီးညွန့်ကို လေတိုးသွားပါက ၎င်းနှာခေါင်းစည်းသည် အရည်အသွေးမမီ၍ အသုံးမပြုသင့်ပေ။  ထို့ကြောင့် သင့်မိသားစု ကျန်းမာရေးအတွက်   သင်ယခုသုံးနေသော နှာခေါင်းစည်းသည် ဘေးကင်းလုံခြုံမှုရှိပါရဲ့လား သိစေရန် ဖော်ပြပါနည်းများဖြင့် စမ်းသပ်ကြည့်၍ ရပါသည်။ 


စနစ်တကျသုံးစွဲပါ


ကိုဗစ်-၁၉ ကပ်ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ရန်အတွက် နှာခေါင်းစည်း ကို တပ်ဆင်နေကြသော်လည်း   လူနည်းစုလောက် သာ နှာခေါင်းစည်းကို စနစ်တကျသုံးစွဲတတ်ပြီး လူအများစုက ဘေးအန္တရာယ်ကင်းဝေးအောင် သုံးစွဲတတ်မှု ကျန်းမာရေးသုတ လွန်စွာအားနည်း နေကြသည်ကို တွေ့ရသည်။ သို့ပါ၍ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် နှာခေါင်းစည်းကို သုံးစွဲနိုင်ကြပါ စေကြောင်းအောက်ပါအတိုင်းအကြံပြုလိုပါသည်။ 
•    နှာခေါင်းစည်း   အခမဲ့ ဖြန့်ဝေသူများနှင့် နှာခေါင်းစည်း   သုံးစွဲသူများအားလုံး ရောဂါကူးစက်မှု   မရှိစေရန် လက်ကို စင်ကြယ်စွာ     ဆေးကြောပြီးမှသာ ကိုင်တွယ်သင့်ပါသည်။ 
•    နှာခေါင်းစည်း     အခမဲ့ဖြန့်ဝေသူများ အနေဖြင့် လက်အိတ်များဝတ်ဆင်ပြီးမှ ဖြန့်ဝေပေးနိုင်လျှင် ပိုကောင်းပါသည်။
•    ချက်ချင်းအသုံးမပြုသေးသော နှာခေါင်း စည်းများကို   သန့်ရှင်းသော   ပလတ် စတစ်အိတ်ငယ်  (သို့မဟုတ်)  ကြွပ်ကြွပ် အိတ်ထဲ လေလုံအောင်ပိတ်၍ ခေတ္တသိမ်း ထားသင့်သည်။
•    စုတ်ပြဲညစ်ပေနေသော နှာခေါင်းစည်းများ ကို အသုံးမပြုပါနှင့်။
•    ပါးစပ်သာ ဖုံးအုပ်ခြင်းနှင့် နှာခေါင်းသာ ဖုံးအုပ်ခြင်းမျိုး မပြုလုပ်ရပါ။
•    စကားပြောဆိုရန်အတွက် နှာခေါင်းစည်း ကို လက်ဖြင့် အောက်သို့လျှောချခြင်း၊ မေးတွင်ချိတ်ထားခြင်း မပြုလုပ်ရပါ။
•    မိမိနှင့် ကြီးလွန်း (သို့မဟုတ်) သေးလွန်း သော နှာခေါင်းစည်းများကို အသုံးမပြုရပါ။
•    သုံးစွဲသူများအနေဖြင့်   နှာခေါင်းစည်း၏  အတွင်းပိုင်းမျက်နှာပြင်ကို မသန့်ရှင်းသော လက်ဖြင့် ကိုင်တွယ်ခြင်း မပြုပါနှင့်။
•    နှာခေါင်းစည်းတပ်ပြီးပါက ၎င်း၏ အပြင် ပိုင်းကို လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ် ရပါ။
•    အဲကွန်းဘတ်စ်ကား စီးသည့်အခါ နှာခေါင်း စည်းကို ဖြုတ်ခြင်းမပြုပါနှင့်။
•    နောက်ဆက်တွဲ   ဆိုးကျိုးများမရှိစေဘဲဘေးအန္တရာယ်ကင်းရှင်းအောင်   ပြုလုပ် သင့်သောနည်းမှာ     အသုံးပြုပြီးသား နှာခေါင်းစည်းများကို မီးရှို့ခြင်း (သို့မဟုတ်) အရက်ပြန် (သို့မဟုတ်) ပိုးသတ်ဆေးရည် တစ်မျိုးမျိုးဖြင့် စိမ်ပြီးမှသာ စွန့်ပစ်ခြင်းမျိုး ပြုလုပ်သင့်ပေသည်။   သို့သော် နိစ္စဓူဝ ထိုသို့ပြုလုပ်ရန်ခက်ခဲသဖြင့်  ၎င်းအသုံး ပြုပြီးသော နှာခေါင်းစည်းကို  ပလတ် စတစ်အိတ် (သို့မဟုတ်) ကြွပ်ကြွပ်အိတ် ဖြင့် လုံခြုံစွာထုပ်ပြီးမှသာ   အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်သင့်ပါသည်။
•    အသုံးပြုပြီးသော တစ်ခါသုံး(ခွဲစိတ်ခန်း သုံး) နှာခေါင်းစည်းများကို ပြန်မသုံးရပါ။


•    နှာခေါင်းစည်းကို နေ့စဉ် အသစ်လဲလှယ်၍ သုံးပါ။ စိတ်မသန့်ပါက အပိုဆောင်ထား သောနှာခေါင်းစည်း အသစ်လဲသုံးပါ။
•    နှာခေါင်းစည်းကို နည်းမှန်လမ်းမှန် မသုံး တတ်ပါက ရောဂါပြန့်ပွားမှုကို ပိုမိုအား ပေးရာရောက်ကြောင်း သတိချပ်ပါ။


အချုပ်အားဖြင့်ဆိုသော်   ဒယ်လ်တာဗီဇ ပြောင်းပိုးသည် ကမ္ဘာ့နိုင်ငံ ၁၁၁ နိုင်ငံသို့   ပျံ့နှံ့ လျက်ရှိကာ မြန်မာနိုင်ငံသို့လည်း   မေလဆန်း ကတည်းက ရောက်ရှိနေပြီး ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံတွင်း ရောဂါပိုးကူးစက်ပျံ့နှံ့ မြန်ဆန် ခြင်း၏ လက်ချက်မှာ   ဒယ်လ်တာဗီဇပြောင်းပိုး ကြောင့် ဖြစ်သည်။ သတိထားသင့်သည့်အချက်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ၏ ၃၃ ရာခိုင်နှုန်း သည် ရောဂါပျောက်သွားသော်လည်း ခြောက်လ အတွင်း နောက်ဆက်တွဲ  ဆိုးကျိုးများအဖြစ်   မှတ်ဉာဏ်မကောင်းခြင်း၊ မေ့လွယ်ခြင်း၊ အာရုံ စူးစိုက်မရခြင်း၊ မကြာခဏ ခေါင်းကိုက်ခြင်း၊ မောပန်း  လွယ်ခြင်း၊ နိစ္စဓူဝ ပုံမှန်လုပ်ဆောင်ချက်များကိုပင် လုပ်ဆောင်ရန် ခက်ခဲလာခြင်း၊ အဆစ်အမျက် နာကျင်ကိုက်ခဲခြင်းများ   ခံစားရသည်။ သို့ပါ၍ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် နှာခေါင်းစည်း   သုံးစွဲတတ်ကြပါစေကြောင်း၊ အခမဲ့ထိုးနှံပေးလျက်ရှိ သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ် ချက်များနှင့်အညီ   မပျက်မကွက်     ထိုးနှံကြစေ လိုကြောင်းနှင့် မဖြစ်မနေ အပြင်ထွက်ရပါကလည်း နှာခေါင်းစည်း  နှစ်ထပ်တပ်ဆင်ကြစေလိုပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။          ။