
နေပြည်တော် ဩဂုတ် ၉
အစွန်းရောက် အကြမ်းဖက် သမားများသည် လူသားချင်း စာနာထောက်ထားမှုနှင့် ကပ် ရောဂါ ဖြစ်ပွားနေမှုကို မျက်ကွယ်ပြု၍ ရောဂါထိန်းချုပ် နိုင်ရေး ကူညီဆောင်ရွက်လျက်ရှိ သည့် နေရာများကို ဦးတည် တိုက်ခိုက်မှုများ ရက်စက် ယုတ်မာစွာ ပြုလုပ်လာသည်ကို တွေ့ရသည်။
ပစ်ခတ်တိုက်ခိုက်
ထိုသို့ အကြမ်းဖက်မှုများဆောင်ရွက်ခဲ့ရာ ယနေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်းမြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထု ပူးပေါင်းအဖွဲ့များက စစ်ဆေး ခြင်းများ ဆောင်ရွက်နေစဉ် နံနက် ၉ နာရီ မိနစ် ၄၀ တွင် အဆိုပါဂိတ်အနီးမှ အစွန်း ရောက် အကြမ်းဖက်သမားများ ကြိုတင် ထောင်ထားသည့် Remote မိုင်းနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် တစ်ချိန် တည်းမှာပင် အစွန်းရောက် အကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ) တို့က စစ်ဆေးရေး ဂိတ်၏ အနောက်ဘက် ကိုက် ၁၅၀ ခန့်အကွာမှ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ချောင်း မြောင်း ပစ်ခတ်တိုက်ခိုက် ခဲ့သည်။
ထိုကဲ့သို့ Remote မိုင်းဖောက် ခွဲကာ ဗုံးပစ်လောင်ချာဖြင့် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် အဆိုပါ စစ်ဆေးရေးဂိတ်တွင် တာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် နောက် ကျောပေါက်ဒဏ်ရာ၊ နားရွက် ယမ်းစထိမှန်ဒဏ်ရာများ (စိုးရိမ်ရ)နှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် စည်ပင် သာယာ ဝန်ထမ်းတစ်ဦးတို့၏ ဦးခေါင်း၊ နဖူး၊ မျက်ခုံး၊ ပေါင်၊ ခြေထောက်နှင့် တင်ပါးဆုံတို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိ ခဲ့သဖြင့် ဆေးဝါးကုသမှုခံယူ နိုင်ရေး ကောလင်းမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ဆေးကုသစဉ် နံနက် ၁၀ နာရီတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးသွားခဲ့သည်။
အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့ အမှတ်(၅)ရပ်ကွက် ကျားဖြူခန်းမ ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှု ကယ်ဆယ်ရေး အဖွဲ့အစည်းများ နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်း များ ဆောင်ရွက်နေစဉ် ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက်သူ နှစ်ဦးကမော်တော်ဆိုင်ကယ် တစ်စီးဖြင့် လာရောက်၍ လက်လုပ်မိုင်း တစ်လုံးဖြင့် လာရောက်ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ ပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ကွန်ကရစ်အခင်း ငါးလက်မ ပတ်လည်ခန့် ပေါက်ပြဲပျက်စီးခဲ့ ကြောင်း သိရသည်။
ရှာဖွေဖော်ထုတ်လျက်ရှိ
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက် ဗုံးဖောက်ခွဲသူများအား ဖမ်းဆီး ရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ရှာဖွေဖော်ထုတ်လျက် ရှိကြောင်းနှင့် ပြည်သူများ အနေဖြင့်လည်း မသင်္ကာဖွယ် အကြမ်းဖက်သမား၏ သတင်း ရရှိပါက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာသို့ သတင်းပေးပို့ ကူညီကြပါရန် မေတ္တာရပ်ခံ နှိုးဆော်ထားကြောင်း သိရ သည်။
သတင်းစဉ်