လူကုန်ကူးမှုသည် လူအချင်းချင်း စာနာထောက်ထားမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သည့် ရာဇဝတ်မှုဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်မှုလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းမှာ စီးပွားရေးနိမ့်ကျမှု၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများ ကြောင့်ဖြစ်သည်။ ထို့ပြင် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ကြရာမှဖြစ်စေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော် သွားလာရာမှဖြစ်စေ လူကုန်ကူးခံကြရသည့်ဖြစ်စဉ်များလည်း ရှိခဲ့ သည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး (UNODC) က ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူကုန်ကူးခံရသူ အရေအတွက် များပြားလာကြောင်း၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ တွင် မြန်မာနိုင်ငံလည်းပါဝင်ပြီး လူကုန်ကူးခံရသူများတွင် အမျိုးသား ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၈ ရာခိုင်နှုန်း၊ ယောကျ်ားလေး ၄ ရာခိုင်နှုန်း၊ မိန်းကလေး ၁၉ ရာခိုင်နှုန်းပါဝင်ကြောင်း၊ လူကုန်ကူး မှု အမျိုးအစားအနေဖြင့် လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု ၆၀ ရာခိုင် နှုန်း၊ လုပ်အားခေါင်းပုံဖြတ်မှု ၃၈ ရာခိုင်နှုန်း၊ အခြားလူကုန်ကူးမှု ၂ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့်စင်ကာပူနိုင်ငံတို့တွင် အမျိုးသမီးလူကုန်ကူးခံရမှု အများ အပြားကို စိစစ်ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့က လူကုန်ကူးမှုကျူးလွန်သူ အမျိုးသမီးတရားခံများကို အများ ဆုံး တရားစွဲတင်ပြစ်ဒဏ်ချနိုင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုအမျိုးအစားများ မှာ အဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကလေးသူငယ်လူကုန်ကူးခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့စေခိုင်းခြင်းဟူသည့် ပုံစံ(၅)မျိုးဖြစ်ရာ ပြစ်မှုကျူးလွန်ခံရသည့် သားကောင်များမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များက ရာခိုင်နှုန်း များပြားသကဲ့သို့ ပြစ်မှုကျူးလွန်သူများကလည်း အမျိုး သမီးများက ပိုမိုများပြားနေသည်ကို တွေ့ရမည်ဖြစ်သည်။ အမျိုး သမီးများနှင့် မိန်းကလေးငယ်များကို ချဉ်းကပ်ခြင်း၊ သွေးဆောင် ဖြားယောင်းခြင်း၊ အယုံသွင်း၍ လှည့်ဖြားခေါ်ဆောင်ခြင်းတို့ကို မိန်းမများကသာ အလွယ်တကူပြုလုပ်နိုင်သည့်အလျောက် ပြစ်မှု ကျူးလွန်သူ တရားခံများတွင် အမျိုးသမီးများက ပိုမိုများပြားနေခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် ဆွေမျိုးအရင်းအချာများနှင့် မိသားစုဝင် များကိုယ်တိုင်သည်ပင် ငွေကြေးလောဘရမ္မက်ကြောင့် ပြစ်မှု ကျူးလွန်သူများဖြစ်နေတတ်သည်။
ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု နှစ်ရှည်လများကြာမြင့်လာသည်နှင့် အမျှ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် စီးပွားရေး၊ လူမှုရေးကဏ္ဍများ စသည် တို့၌ ထိခိုက်မှုများဖြစ်ပေါ်လာသည်။ မိမိတို့ နိုင်ငံကဲ့သို့သော စီးပွား ရေးအရ အင်အားနည်းသည့်နိုင်ငံတွင် ဝင်ငွေနည်း လူတန်းစားတို့မှာ ပို၍ ထိခိုက်ခံစားကြရပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အဖို့ လူကုန်ကူးသူတို့၏ သားကောင်ဘဝ ကျရောက်သွားရန် အလားအလာပိုမိုများပြားလာသည်ဟု ရှုမြင်မိသည်။ မြန်မာနိုင်ငံ တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းများ ရေးဆွဲ ပြီး အင်တိုက်အားတိုက် အကောင်အထည်ဖော်လျက်ရှိရာ ကိုဗစ် အလွန်ကာလတွင် ဖြစ်လာနိုင်ဖွယ်ရှိသည့် လူကုန်ကူးမှုဆိုင်ရာ ပြဿနာများအတွက်လည်း ကြိုတင်မျှော်တွေးကာ ပညာပေး လုပ်ငန်းများ၊ ထောက်ပံ့ကူညီရေးလုပ်ငန်းများ၊ ဝင်ငွေရရှိရေး အလုပ် အကိုင်ပေးမှုများဖြင့် ဝင်ငွေနည်းမိသားစုများမှ အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ပိုမိုစောင့်ရှောက်လာနိုင်ကြပါ စေကြောင်း။ ။