နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် အား ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို

 
 
 
နေပြည်တော် ဇန်နဝါရီ ၁၇
 
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် မြန်မာနိုင်ငံ၌ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်အား ယနေ့ ညနေ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် မျက်နှာစာရှိ မြက်ခင်းပြင်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုသည်။
 
 
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်သည် ညနေ ၄ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်း ပြင်သို့ ရောက်ရှိလာရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
 
 
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် တို့သည် ဂုဏ်ပြုခံစင်မြင့်၌ နေရာ ယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကို ခံယူကြသည်။
 
 
အပြန်အလှန်မိတ်ဆက်
 
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကာ ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ အဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။
 
 
တွေ့ဆုံဆွေးနွေး
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် ညနေ ၅ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြသည်။
 
 
တွေ့ဆုံစဉ် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နှင့် အညီ အပြန်အလှန်လေးစားမှု၊ နားလည်မှုဖြင့် မိတ်ဖက်ဆက်ဆံမှု ပိုမိုခိုင်မာရေး၊ ဘက်စုံမဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးနှင့် နှစ်နိုင်ငံ အကြား အေးအတူပူအမျှ အသိုက် အဝန်းတည်ထောင်သည့်အဆင့်အထိ တက်လှမ်းနိုင်ရေး၊ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်း အမှတ်များကို စည်ကားသိုက်မြိုက်စွာ နှစ်ဖက်အကျိုးရှိရှိ ဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား အတွက် ပူးပေါင်းဆောင်ရွက်မှု အရှိန် အဟုန်ကို မြှင့်တင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ရရှိထား သည့်နားလည်မှုများနှင့် အောင်မြင် နေသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုပမာဏတိုးမြှင့် ရေးနှင့် မြန်မာ့ထွက်ကုန်များ ပိုမို လက်ခံဝယ်ယူရေး၊ BRI စီမံကိန်းနှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံတို့တွင် နှစ်ဖက်အကျိုးရှိပြီး ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွဲ ဆောင်ရွက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လူမှု ရေးနှင့် သဘာဝပတ်ဝန်းကျင်တို့အပေါ် ဒေသခံပြည်သူတို့၏ ယုံကြည် ထောက်ခံမှုရရှိရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
 
 
တက်ရောက်
 
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးဝင်းခိုင်၊ ဦးသောင်းထွန်းနှင့် ဦးဟန်ဇော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးသန့် ဖေနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဧည့်သည်တော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဝမ်ယိ၊ အဆင့်မြင့် အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက် ကြသည်။
 
 
ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
 
 
ညစာစားပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့က နှုတ်ခွန်းဆက် ဆုတောင်းစကားများ ပြောကြားကြ သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဆွေတော်သမ္မတ မစ္စတာရှီကျင့်ဖျင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင် ဂုဏ်သရေရှိ ဧည့်သည်တော်များကို မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများကိုယ်စား လှိုက်လှဲစွာ ကြိုဆိုပါကြောင်းနှင့် အဆွေတော်တို့ခရီးစဉ်အတွင်း ယခုလို ဂုဏ်ပြုညစာစားပွဲနှင့် တည်ခင်းဧည့်ခံ ကြိုဆိုခွင့်ရရှိသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါကြောင်း။
 
 
အဆွေတော်သမ္မတ မစ္စတာ ရှီကျင့်ဖျင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အတွက် ပထမဦးဆုံးသော ပြည်ပ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရွေးချယ် ၍ လာရောက်ခဲ့ခြင်းအတွက် ဂုဏ်ယူ ပါကြောင်း၊ အဆွေတော်၏ ခရီးစဉ် သည် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေး ပိုမိုမြှင့်တင်ရေးအတွက် အလေး ထားမှုကို ပြသခြင်းဖြစ်ပါကြောင်း။
 
 
သမိုင်းဝင်မှတ်တိုင်တစ်ခု
 
ထို့ပြင်  ယခုနှစ်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေးတည်ထောင်ခြင်း နှစ် (၇၀) ပြည့်မြောက်သည့် အချိန် ကာလဖြစ်သည့်အတွက် ယခုလို မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ သမယတွင် လာရောက်သည့် အဆွေ တော်၏ ခရီးစဉ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို နောက်ထပ် အဆင့်သစ် တစ်ဆင့်မြှင့်တင်ပေးမည့် အရေးကြီးသော သမိုင်းဝင်မှတ်တိုင် တစ်ခုလည်း ဖြစ်လာမည်ဟု ယုံကြည် ပါကြောင်း။
 
 
ဂုဏ်ယူဝမ်းမြောက်
 
လွန်ခဲ့သည့် ဆယ်စုနှစ် (၇) စု ကာလအတွင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ပြည်သူများ၏ ကြိုးပမ်းမှု ကြောင့် မိမိတို့အိမ်နီးချင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ဘက် ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှု များ ရရှိနေခြင်းအတွက် မြန်မာနိုင်ငံ အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါ ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့သည် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်လျက်ရှိကြသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် အလျောက် ကမ္ဘာ့အခြေအနေများ မည်သို့ပင် ပြောင်းလဲလာသည်ဖြစ်စေ ခေတ်အဆက်ဆက်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် နှင့်အညီ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုကို အခြေခံပြီး နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက် ဆက်ဆံမှုများကို ပိုမိုတိုးတက်ခိုင်မာ အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း။
 
 
ကူညီပံ့ပိုးပေးမှုများ ကျေးဇူးတင်
 
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်း ဆဲကာလတွင် ကြိုးပမ်းဆောင်ရွက်ရ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အောင်မြင်မှုရရှိရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ကူညီပံ့ပိုးပေး မှုများအတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ အဆွေတော်တို့၏ မြန်မာ နိုင်ငံခရီးစဉ်ကာလအတွင်း ရလဒ် ကောင်းများ ပိုမိုရရှိရန်နှင့် သာယာ ချမ်းမြေ့သည့် ခရီးစဉ်တစ်ခုဖြစ်ပါ စေဟု ဆန္ဒပြုအပ်ပါကြောင်း။
အဆွေတော်တို့အားလုံးကို မိမိ နှင့်အတူ ဆုတောင်းမင်္ဂလာပြုနိုင်ရန် ဖိတ်ခေါ်လိုပါကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေး ထာဝရအဓွန့်ရှည် တည်တံ့ပါစေ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ပြီး သာယာဝပြောပါစေ၊ ယခုလို မင်္ဂလာညချမ်းတွင် အခမ်းအနား ကြွရောက်ချီးမြှင့်ကြသည့် ဧည့်သည် တော်များအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပြီး အောင်မြင်မှုများ ဆွတ်ခူးနိုင်ကြပါစေဟု ပြောကြား သည်။
 
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က မိမိနှင့်တရုတ်ကိုယ်စားလှယ်အဖွဲ့ကို တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခွင့် ရသည့်အတွက် အထူးဝမ်းမြောက်မိ ပါကြောင်း၊ နိုင်ငံတော်သမ္မတ၊ မြန်မာ အစိုးရနှင့် ပြည်သူပြည်သားများ၏ စေတနာမေတ္တာအပြည့်နှင့် ဧည့်ဝတ် ကျေပွန်မှု၊ စေ့စပ်သေချာစွာ စီစဉ် ပေးမှုတို့အတွက် လွန်စွာနှစ်ထောင်း အားရ ကျေးဇူးတင်ရှိပါကြောင်း။
 
 
မိမိသည် မြန်မာနိုင်ငံကို ၂၀၀၉ ခုနှစ်က ခရီးစဉ်လာရောက်ခဲ့ဖူးပါ ကြောင်း၊ မြန်မာပြည်သူများ၏ ရိုးသား ဖြူစင်သည့် ဓလေ့စရိုက်များနှင့် တင့်တယ်သည့် ယဉ်ကျေးမှုများကို စွဲမြဲစွာမှတ်မိနေပါကြောင်း၊ ယခု ထပ်မံလာရောက်လည်ပတ်သည့်အခါ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးများ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ပြည်သူ ပြည်သားများ အေးချမ်းပျော်ရွှင်စွာ နေထိုင်လျက်ရှိသည်ကို တွေ့မြင်ရ သည့်အတွက် ဝမ်းသာအားရဖြစ်မိ ပါကြောင်း၊ မြန်မာအစိုးရ၏ ဦးဆောင် မှုဖြင့် ပြည်သူများသည် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် ပိုမိုကြီးမားသည့် တိုးတက်အောင်မြင် မှုအသစ်များကို ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။
 
 
အခွင့်အခါကောင်း
 
အနာဂတ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်(၇၀)ပြည့် မြောက်ခြင်းကို အခွင့်အခါကောင်း အဖြစ်သတ်မှတ်ကာ ချစ်ကြည်ရေး အစဉ်အလာ ပိုမိုထွန်းကားလာအောင် ဆက်လက်ဆောင်ရွက်ပြီး အပြန် အလှန်အကျိုးရှိစေမည့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပါကြောင်း၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို လက်တွဲတည်ထောင်ပြီး တရုတ်-မြန်မာဆက်ဆံရေး ခေတ်သစ်ကို ဖွင့်လှစ်သွားရမည်ဖြစ်ပါကြောင်း။
 
 
ဆောင်ကြဉ်းပေးမည်
 
မိမိတို့သည် အပြန်အလှန်အကျိုး ရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ကောင်းများ ဖြစ်အောင် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရပ်ဝန်းနှင့်ပိုးလမ်းမ အကောင်အထည် ဖော်ဆောင်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်း တည်ထောင်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေခြင်းအပေါ် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယခု ခရီးစဉ်က စတင်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို လက်တွေ့ကျကျ အကောင်အထည်ဖော်သွားရန် ဖြစ်ပါ ကြောင်း၊ ယင်းအတွက် နှစ်နိုင်ငံ၏ နယ်ပယ်အသီးသီးတွင် ကူးလူး ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များကို စံပြအနေဖြင့် ဦးဆောင်လမ်းပြ သည့် အခန်းကဏ္ဍက ပါဝင်ဆောင်ရွက် ကြမည်ဖြစ်ကာ နှစ်နိုင်ငံပြည်သူ များအတွက် ချမ်းသာကြွယ်ဝမှုများ ကို ဆောင်ကြဉ်းပေးမည် ဖြစ်ပါ ကြောင်း။
 
 
မိမိတို့သည် ခင်မင်ရင်းနှီးပြီး အပြန်အလှန် နားလည်အားထားရ သည့် ဆွေမျိုးပေါက်ဖော်အဖြစ် ဆက်လက်ရပ်တည်သွားရမည် ဖြစ်ပါ ကြောင်း၊ “အကျိုးစီးပွားကြောင့် ပေါင်းသင်းဆက်ဆံပါက၊ အကျိုး စီးပွားမရှိသည့်အခါ ဆက်ဆံမှုပြိုကွဲသွားနိုင်ပါကြောင်း၊ စိတ်ဆန္ဒချင်း တူညီမှုနှင့် ပေါင်းသင်းဆက်ဆံပါက ကြာရှည်တည်တံ့ခိုင်မြဲမည် ဖြစ်ပါ ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေး ဆက်လက်တိုးတက်ခိုင်မာရေးသည် ပြည်သူများ၏ ဆန္ဒနှင့် ကိုက်ညီပြီး လိုက်လျောညီထွေဖြစ်ရမည် ဖြစ်ပါ ကြောင်း၊ ပြည်သူများ၏ နေထိုင်မှုဘဝ အတွက် အကျိုးရှိစေရမည်ဖြစ်ပါ ကြောင်း၊ ယခုညနေတွင် မိမိတို့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀)ပြည့် အထိမ်းအမှတ်အခမ်း အနားနှင့် တရုတ်-မြန်မာ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေးနှစ်ကို လက်တွဲဖွင့်လှစ်ကြမည်ဖြစ်ပါကြောင်း၊ ယင်း ကို အခွင့်ကောင်းအဖြစ် အသုံးချပြီး ဘိုးစဉ်ဘောင်ဆက်က တည်ရှိခဲ့သည့် နှစ်ဖက်ဆက်ဆံရေး၏ ပြည်သူ့ဆန္ဒ ဆိုင်ရာ အခြေခံများကို စဉ်ဆက်မပြတ် ခိုင်ခံ့လာအောင် ဆောင်ရွက်ကာ တရုတ်-မြန်မာ ချစ်ကြည်ရေးကို သားစဉ်မြေးဆက် ဆက်ခံသွားရမည် ဖြစ်ပါကြောင်း။
 
 
တရုတ်-မြန်မာပြည်သူများအကြား ဘိုးစဉ်ဘောင်ဆက်ကတည်းက တည် ရှိခဲ့သည့် ချစ်ကြည်ရေးအတွက် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာယာ၀ပြောရေး နှင့် ပြည်သူများ ရွှင်လန်းချမ်းမြေ့စေရေးအတွက်လည်းကောင်း၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ကြွရောက်လာကြသည့် မိတ်ဆွေများ ကျန်းမာစေရေးအတွက် လည်းကောင်း၊ မိမိနှင့်အတူ ဆုမွန် ကောင်းတောင်းရန် ဖိတ်ခေါ်အပ်ပါ ကြောင်း ပြောကြားသည်။
အတူတကွသုံးဆောင်
ယင်းနောက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် လာကြသည့် ဧည့်သည်တော်များနှင့် အတူ ညစာကို အတူတကွသုံးဆောင် ကြသည်။
 
 
သတင်းစဉ်