ယုံယုံကြည်ကြည် ဆက်သွယ်ဝင်ရောက်

စိုးရိမ်စိတ်ဖြင့်  ထွက်ပြေးတိမ်းရှောင်ကြသူများအား  ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ရေး ဖိတ်ခေါ်လျက်ရှိသည်။ တိမ်းရှောင်နေ ကြသူများအနေဖြင့် ကိုယ်တိုင်ဖြစ်စေ၊  မိဘဆွေမျိုးသားချင်းများ မှတစ်ဆင့်ဖြစ်စေ   ဆက်သွယ်နိုင်ရန်အတွက်  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်ရှိသည့် ရဲတပ်ဖွဲ့ဝင်များထံ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ထုတ်ပြန်ကြေညာထားခဲ့ရာ ယုံယုံကြည်ကြည်ဖြင့် ဆက်သွယ်လာကြသည်ကိုလည်း  တွေ့ရသည်။ ဆက်သွယ်လာသူ များနှင့် ပတ်သက်သည့် မှုခင်းများကို ရဲတပ်ဖွဲ့ရှိ မှုခင်းမှတ်တမ်းများနှင့် တိုက်ဆိုင်စိစစ်ပြီး  ဖြေလျှော့ပေးရမည့်အချက်များနှင့် ကိုက်ညီသူ များကို အမှုများပိတ်သိမ်းပေးနေပြီဖြစ်သည်။ 

 


ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ပြီးနောက် NLD ပါတီဝင်များ၊ ယင်းပါတီကို ထောက်ခံ သူ အစွန်းရောက်များ၊ အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ သွေးထိုး လှုံ့ဆော်မှုကြောင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသူများ၊ ပြည်တွင်း ပြည်ပမှ အဖျက်အမှောင့်အုပ်စုအဖွဲ့အစည်းများ၊ ပြည်ပ အထောက် အပံ့ခံ  ဒေါ်လာစားမီဒီယာများက နိုင်ငံပြိုကွဲပျက်စီးစေရန် ဦးတည် သည့် လှုံ့ဆော်စည်းရုံးမှုများကို လူမှုကွန်ရက်စာမျက်နှာများပေါ်မှ တစ်ဆင့် ပြုလုပ်ခဲ့ကြသည်။ မြန်မာပြည်သူများ သုံးစွဲမှုများပြားသည့် ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် သတင်းတု၊ သတင်း မှားများ၊  မဟုတ်မမှန်   သတင်းအချက်အလက်များ   ပလူပျံနေပြီး စက်ရုံ   အလုပ်ရုံ၊ ရုံးဌာနများ၊  ကုမ္ပဏီအဖွဲ့အစည်းများ၊ ရပ်ကွက်၊ ကျေးရွာများတွင်လည်း    အတင်းအဓမ္မစည်းရုံးမှုများ၊   ခြိမ်းခြောက်မှု များ၊ အုပ်စုဖွဲ့ အနိုင်ကျင့်မှုများ ဖုံးလွှမ်းနေခဲ့သည်။

 


အကြမ်းဖက်သမားတို့က ဒီမိုကရေစီကို အကြောင်းပြခဲ့သော် လည်း သဘောထားကွဲလွဲခြင်း၊ ကြားနေခြင်းစသည်တို့ အပါအဝင် မတူကွဲပြားမှုတို့ကို   ရန်သူအဖြစ်   သတ်မှတ်သည်။ သူလျှိုဒလန် အဖြစ် စွပ်စွဲသည်။ သံပုံးတီးချိန်တွင် မတီးသူသည်လည်းကောင်း၊ တစ်အိမ်တစ်ယောက်ဆင်းခိုင်း ထွက်ခိုင်းပြီး မဆင်းမထွက်လျှင် လည်းကောင်း၊ သဲအိတ်ထွက်မထမ်း၊ ကင်းထွက်မစောင့်၊ ရန်ပုံငွေ မထည့်လျှင်လည်းကောင်း အုပ်စုဖွဲ့၍ ရန်မူသည်။ ဆေးရုံဆေးခန်း  သို့သွားသည့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရုံးဌာနများ သို့သွားသည့် ဝန်ထမ်းများ၊ ကျောင်းသို့သွားသည့် ကျောင်းဆရာ ဆရာမများ အရှက်ခွဲခံရသည်။ ရိုက်နှက်ထိုးခုတ်ခံရသည်။ သတ်ဖြတ် ခံရသည်။ ဆန္ဒပြတောင်းဆိုမှုမှသည် အဆင့်ဆင့်တက်ကာ လက်နက် ကိုင် အကြမ်းဖက်မှုအဆင့်ထိ ထကြွသောင်းကျန်းမှုများကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖယ်ရှားရှင်းလင်းခြင်း၊ ဖြိုခွင်းခြင်း တို့     မဖြစ်မနေပြုလုပ်ရသည့်အခါ   ပါဝင်ခဲ့ကြသူတို့    ထွက်ပြေး တိမ်းရှောင်ကြသည်။

 


ထွက်ပြေးတိမ်းရှောင်ကြသူများတွင် လူသတ်မှု၊ လုယက်မှု၊ မိုင်းခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု၊ ဝန်ထမ်းများနှင့် ပြည်သူများကို တိုက်ခိုက်မှု၊ အစိုးရပိုင်/ ပုဂ္ဂလိကပိုင် အဆောက်အအုံ များကို ဖျက်ဆီးမှု၊ စက်ရုံအလုပ်ရုံများ၊ အုပ်ချုပ်ရေးမှူးရုံးများကို မီးရှို့မှု၊ CDM လှုပ်ရှားမှုတွင် နက်နက်ရှိုင်းရှိုင်း   ကာယကံမြောက်  ပါဝင်မှုပြုခဲ့ကြသူများရှိသလို    စိုးရိမ်စိတ်ကြောင့်   ထွက်ပြေး တိမ်းရှောင်နေကြသည့်  ဝန်ထမ်းများ၊ အသိပညာရှင် အတတ်ပညာ ရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများလည်း ပါရှိသည်။ ၎င်းတို့အနက်မှ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေသူများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာ ပါက ၎င်းတို့အပေါ် ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်း၊ ရုပ်သိမ်းပေးနေပြီဖြစ်ရာ ဩဂုတ် ၄ ရက်မှ ၁၂ ရက်အထိ ၂၂၇ ဦး ဆက်သွယ်လာသည့်အနက် ၁၅၀ တို့၏ အမှုကို ရုပ်သိမ်း ပေးပြီးပြီဖြစ်သည်။ ကျန်အမှုများကိုလည်း အမြန်ပိတ်သိမ်းပေးနိုင် ရေး ဆက်လက်စိစစ်နေသည်။

 


ကျန်းမာရေး၊ ပညာရေးအပါအဝင် အလွှာစုံမှ တိမ်းရှောင်နေသူ များ ဥပဒေဘောင်အတွင်း ဆက်လက်ဝင်ရောက်လာကြမည်ဟု မျှော်လင့်မိသည်။ တစ်ဖက်တွင်လည်း နိုင်ငံတော်က စေတနာထား၍ ဆောင်ရွက်ပေးသည့် အစီအစဉ်ကို ဖျက်လိုဖျက်ဆီးပြု၊ ဟန့်တား နှောင့်ယှက်မှုများလည်း ရှိနေမည်ဖြစ်ရာ သတိတရားဖြင့် ရှောင်ရှား ရင်း အမှောင်မှ အလင်းသို့၊ ဥပဒေပြင်ပမှ ဥပဒေ၏ အဝန်းအဝိုင်း အတွင်းသို့ လျှောက်လှမ်းဝင်ရောက်နိုင်ပါစေကြောင်း။      ။