
နှင်းမိုးအိမ်
နယူးဇီလန်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှုကို အကောင်းဆုံးထိန်းချုပ်နိုင်သည့်နိုင်ငံလည်းဖြစ် သည်။ နိုင်ငံအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်နိုင်ရန်အတွက် နယ်စပ်ထိန်းချုပ် ကန့်သတ်မှုကိုလည်း တင်းတင်းကျပ်ကျပ် ဆောင် ရွက်ထားသည့် နိုင်ငံဖြစ်သည်။
မျှော်လင့်ထား
ဩဂုတ်၁၂ ရက်တွင် နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်က နယ်စပ်ထိန်းချုပ်ရေးလုပ်ငန်း များကို ယခုနှစ်ကုန်ပိုင်းအထိ ဆက်လက်ဆောင် ရွက်သွားမည်ဟု ကြေညာခဲ့သည်။ နယူးဇီလန်နိုင်ငံ ၏ ဗိုင်းရပ်စ်ကင်းလွတ်သည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် ကြိုးပမ်း နေစဉ်၂၀၂၂ ခုနှစ်တွင် ကျန်ကမ္ဘာ့အစိတ်အပိုင်းနှင့် ဆက်သွယ်နိုင်ရေးအတွက် သတိကြီးစွာထားကာနယ်စပ်ကိုပြန်လည်ဖွင့်လှစ်ပေးသွားရန် မျှော်လင့် ထားသည်။
နီးစပ်နေပြီဖြစ်
ဗီဇပြောင်းဒယ်လ်တာ ဗိုင်းရပ်စ်ကဲ့သို့ ကူးစက် မြန်ဗိုင်းရပ်စ် နယူးဇီလန်နိုင်ငံအတွင်းသို့ ကူးစက် ပျံ့နှံ့လာခြင်းမရှိစေရန် သတိထားကာပြောင်းလဲမှု များ ပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ယခုအခါ နယူးဇီလန်နိုင်ငံတွင် ဒေသတွင်းကူးစက်မှုမရှိသလောက်ဖြစ်ကာ ပုံမှန်လူနေမှုဘဝပြန်လည်ရရှိနိုင်ရေး နီးစပ်နေပြီဖြစ် သည်။ အလျင်စလိုလုပ်ဆောင်မှုကြောင့် မည်သည့် အကျိုးရလဒ်များရရှိသည်ကို သိရှိထားပြီးဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ချီးကျူးမှုများရရှိထား
အိမ်နီးချင်း ဩစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် မြို့ကြီးနှစ်မြို့ကို အသွား အလာပိတ်ဆို့ ကန့်သတ်မှုပြုလုပ်ထားရသည်။ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ချီးကျူးမှုများ ကျယ်ကျယ်ပြန့်ပြန့်ရရှိထားသည်။ လူဦးရေငါးသန်းတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၆ ဦးသာရှိပြီး ကူးစက်ခံရသူအရေအတွက်မှာ ၃၀၀၀ သာရှိသည်။
ကာကွယ်ဆေးထိုးပေးနိုင်မှု
ကမ္ဘာပေါ်တွင် ကူးစက်မှုနှုန်းအနည်းဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ သို့သော်လည်း နိုင်ငံ အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှု မှာ နည်းပါးသေးသည်။ နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်ကိုသာ ကာကွယ်ဆေးထိုးရသေး သည်။ ကိုဗစ်-၁၉ ကိုအကောင်းဆုံးထိန်းချုပ်ထားနိုင်သော်လည်း ကျန်းမာရေး၊ ဝန်ဆောင်မှုလုပ်ငန်း နှင့် စိုက်ပျိုးရေးလုပ်ငန်းတို့တွင် နိုင်ငံခြားသားအလုပ် သမားများ ပြတ်တောက်မှုကြောင့် အလုပ်သမား အင်အားပြတ်တောက်မှုနှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် နယ်စပ်ထိန်းချုပ်မှုဖြေလျှော့ပေးစေရေးအတွက် တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။
ဖြေလျှော့ပေးနိုင်မည်ဖြစ်
နှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးထိုးခွင့်ရှိသူ များကို ဆေးထိုးပေးရန် ရည်မှန်းချက်ထားပြီး ယင်းသို့ပြုလုပ်ပြီးနောက်မှသာ နယ်စပ်ထိန်းချုပ် ရေးမူဝါဒများကို ဖြေလျှော့ပေးနိုင်မည်ဟု ပြော သည်။ နယ်စပ်ထိန်းချုပ်ရေးတွင် ပြောင်းလဲရန် အဆိုပြုချက်များမှာ ကာကွယ်ဆေးထိုးထားသည့် အခြေအနေပေါ်မူတည်၍ အပြည်ပြည်ဆိုင်ရာမှ ခရီးသွားများကို ဝင်ရောက်ခွင့်ပြုရန် ဖြစ်သည်။ ထို့ပြင် အဆိုပါခရီးသွားများမှာ ကူးစက်မှုမြင့်သည့်နေရာမှ လာခြင်း၊ ကူးစက်မှုနိမ့်သည့်နေရာမှ လာခြင်းနှင့် ကူးစက်မှုအလယ်အလတ်ရှိသည့်နေရာမှ လာခြင်း အစရှိသည်တို့ကို ထည့်သွင်းဆုံးဖြတ်သွားရန်ပင် ဖြစ်သည်။
ကင်းလွတ်ခွင့်ရမည်ဖြစ်
နယူးဇီလန်နိုင်ငံအတွင်းသို့ရောက်ရှိလာပါကလည်း နှစ်ပတ်ကြာ အသွားအလာကန့်သတ်မှု ခံယူ ခြင်း၊ တစ်ကိုယ်တည်း သီးခြားခွဲနေထိုင်ခြင်း၊ နေအိမ်၌ အသွားအလာကန့်သတ်မှုခံယူခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။ အကယ်၍ ကာကွယ်ဆေး ထိုးထားပြီး ကူးစက်မှုနိမ့်သည့်နေရာမှ လာပါက အသွားအလာကန့်သတ်မှု ကင်းလွတ်ခွင့်ရမည် ဖြစ် သည်။ ကာကွယ်ဆေးအပြည့်ထိုးထားသည့် ခရီး သွားများအတွက် အသွားအလာကန့်သတ်စောင့် ကြည့်မှုကင်းလွတ်ခွင့်ပေးရန်အထိ ရည်မှန်းချက် ထားသည်ဟု နယူးဇီလန်ဝန်ကြီးချုပ်က ပြောသည်။ သို့သော်လည်းမည်သည့်အချိန်တွင် အဆိုပါကိစ္စရပ် ကို အကောင်အထည်ဖော်နိုင်မည်ကိုမူ အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။
ဆိုင်းငံ့လိုက်ရ
ခရီးသွားများအနေဖြင့် ကပ်ရောဂါကာလ မတိုင်မီက အခြေအနေမျိုးနှင့် တူညီတော့မည် မဟုတ်ပေ။ ကာကွယ်ဆေး ထိုးထားကြောင်း စစ်ဆေးခြင်းနှင့် ခရီးသွားလာရာတွင် ရောဂါ လက္ခဏာရှိ မရှိ အသေးစိတ်စစ်ဆေးခြင်းတို့မှာ အခြေခံလုပ်ဆောင်ရမည့် အရာများဖြစ်လာမည် ဖြစ်သည်။ ယင်းအရာများနှင့် အသားကျအောင် ကြိုးစားရမည်ဖြစ်သည်။ နယူးဇီလန်နိုင်ငံ၏ နယ်စပ်ထိန်းချုပ်မှု ဖြေလျှော့ပေးရန် ကြိုးပမ်းမှုမှာ ဆောင်ရွက်နေဆဲပင်ဖြစ်သည်။ ခရီးသွားလာခွင့်ကို အလျင်စလိုခွင့်ပြုပေးခဲ့သည့်အတွက် ဩစတြေးလျ နိုင်ငံသည် လက်ရှိတွင် အခက်အခဲများနှင့် ရင်ဆိုင် နေရပြီး ဇွန်လအတွင်း ခရီးသွားလာခွင့်ကို ဆိုင်းငံ့ လိုက်ရသည်။
ကြေညာခဲ့
နယူးဇီလန်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် မတ်လ အတွင်းမှစတင်ကာ နယူးဇီလန်နိုင်ငံသား မဟုတ် သူများအတွက် နယ်စပ်ကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့ သည်။ ယင်းကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းကြောင့် နိုင်ငံသားများကို ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ လုံခြုံစိတ်ချအောင်ထားနိုင်ခဲ့သည်။ အလားတူ ကျန် ကမ္ဘာ့အစိတ်အပိုင်းနှင့် သီးခြားစီဖြစ်ခဲ့ရသည်။ နယ်စပ်ကန့်သတ်မှုများကို အမြဲလိုလို ပြုလုပ်ထား ရန်မဖြစ်နိုင်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ထို့ကြောင့် ၂၀၂၂ အစောပိုင်း တွင် ကူးစက်မှုနိမ့်သည့်နိုင်ငံများမှ ကာကွယ်ဆေး အပြည့်ထိုးပြီးသား ခရီးသွားများကို လက်ခံသွား မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်သင့်
သို့သော်လည်း မည်သည့်ကူးစက်မှုမြင့်သည်၊ နိမ့်သည်နှင့်အလယ်အလတ်အဆင့်ရှိသည်တို့ကိုမူ နယူးဇီလန်အစိုးရက သတ်မှတ်ရခြင်းမရှိသေးပေ။ နယူးဇီလန်နိုင်ငံသည်ကပ်ရောဂါမတိုင်မီက နှစ်စဉ် နိုင်ငံခြားခရီးသွားသုံးသန်း လာရောက်လည်ပတ်ရာ နေရာဖြစ်ပြီး ခရီးသွားလုပ်ငန်းမှာ တိုင်းပြည် အတွင်း အကြီးဆုံးစီးပွားရေးလုပ်ငန်းလည်း ဖြစ် သည်။ အတိုက်အခံခေါင်းဆောင် ဂျူဒစ်ကော်လင်းကမူ ဂျက်စင်ဒါအာဒန်၏ကြေညာချက်မှာ မှန်ကန်သည့် လမ်းကြောင်းတစ်ခုဖြစ်သော်လည်း အစိုးရအနေ ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဉ်များကို အရှိန်အဟုန်မြှင့် လုပ်ကိုင်ပေးသင့်သည်ဟု ပြော သည်။
ဖြေလျှော့ပေးမှုများရှိလာ
နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ တစ်ကြိမ် ကာကွယ်ဆေးထိုးပြီးသူ ၂၉ ရာခိုင်နှုန်းရှိပြီး နှစ်ကြိမ် ကာကွယ်ဆေးထိုးပြီးသူ ၁၇ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာ့အချို့သောနိုင်ငံများတွင်မူ နယ်စပ်ကန့်သတ် ချက်များကို ဖြေလျှော့ပေးမှုများ ရှိလာသည်။ ကနေဒါနိုင်ငံဿည် ကာကွယ်ဆေးအပြည့် ထိုးပြီး သား အမေရိကန်နိုင်ငံသားများအတွက် နယ်စပ် ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်။ အမေရိကန် နိုင်ငံသားများသည် ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစတင်ကာ မလိုအပ်ဘဲခရီးသွားလာခွင့်ကို တားဆီးခံခဲ့ရသည်။ သို့သော်လည်း ယခုအခါ ဇိမ်ခံ ခရီးထွက်ခြင်းများကို ပြန်လည်ခွင့်ပြုလာပြီ ဖြစ် သည်။ ။
ကိုးကား - အေအက်ဖ်ပီ