
တိုကျိူ သြဂုတ် ၁၇
ဂျပန်အစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်နေဆဲဖြစ်သည့်အတွက် နောက်ထပ် ခရိုင်ခုနစ်ခုတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေ ထပ်မံကြေညာလိုက်ပြီး သြဂုတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည့် မြို့တော်တိုကျိုနှင့် အခြားဒေသများရှိ အရေးပေါ် အခြေအနေကိုလည်း စက်တင်ဘာ ၁၂ ရက်အထိ သက်တမ်းထပ်မံတိုးမြှင့်ခဲ့သည်။
ဂျပန်အစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုထိန်းချုပ်ရန် အီဘာရာကီ၊ တိုချိဂီ၊ ဂန်မာ၊ ရှိဇွာကာ၊ ကျိုတို၊ ဟီယိုဂိုနှင့် ဖူကွာကာ စသည့် ခရိုင်ခုနစ်ခုတွင် အရေးပေါ်အခြေအနေ ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ဆိုင်ရာအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီးနောက် ဝန်ကြီးချုပ် ဆူဂါက ယင်းဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ဂျပန် နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်ခြင်း များနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း၊ ဆေးဝါး ကုသပေးခြင်းဖြင့် လူ့အသက်ကယ်တင်ရေးသည် ဂျပန်အစိုးရ၏ ထိပ်တန်းဦးစားပေးပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုကျိုမြို့သည် မသန်စွမ်းအားကစားပြိုင်ပွဲကို သြဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၅ ရက်အထိ အိမ်ရှင် အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ ဂျပန်အစိုးရ သည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေ အနေတွင် ခရိုင်ပေါင်း ၁၃ ခု ထည့်သွင်းထားပြီး ယင်းအရေးပေါ်အခြေအနေသည် ယခုသီတင်းပတ် သောကြာနေ့မှစ၍ စက်တင်ဘာ ၁၂ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။
အဆိုပါ အရေးပေါ်အခြေအနေအရ အရက်၊ ဘီယာသို့မဟုတ် ကာရာအိုကေခန်းမများကို ပိတ်ထားမည်ဖြစ်သည်။
ထို့အပြင် ဂျပန်အစိုးရသည် မီယာဂီ၊ ယာမာနာရှီ၊ တိုယာမာ၊ ဂီဖူ၊ မီအီ၊ အိုကာယာမာ၊ ဟီရိုရှီးမား၊ ကာဂါဝါ၊ အယ်ဟီမီနှင့် ကာဂိုရှီးမား ခရိုင်များကိုလည်း အရေးပေါ်အခြေအနေ ဒေသများ အဖြစ် ကြေညာထားပြီးဖြစ်သည်။ ဂျပန်နိုင်ငံ တစ်ဝန်း၌ လွန်ခဲ့သည့်တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၄၈၅၄ ဦး တွေ့ရှိပြီး ပြီးခဲ့သည့် သီတင်းပတ်အစော ပိုင်းမှစ၍ ရောဂါကူးစက်မှုနှုန်း ၁၇၀၀ ခန့်မြင့်တက် လာကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရ သည်။
ကိုးကား - ကျိုဒိုနယူးစ်၊ ဘာသာပြန် - ဂျေတီ