COVID-19 နှင့်ပတ်သက်၍ စောင့်ကြည့်စစ်ဆေးကုသရေး တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေး    မတ်     ၁၂ 
 
COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍      စောင့်ကြည့်စစ်ဆေးကုသရေး တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီ၏ ၄/၂၀၂၀ ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက မန္တလေးတိုင်း ဒေသကြီး  အစိုးရအဖွဲ့ရုံး သုံးထပ်ဆောင်ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 
 
တိုက်တွန်းပြောကြား
 
အဆိုပါအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က COVID-19 ရောဂါနှင့် ပတ်သက်၍   WHO  မှ  ကြေညာသည့်   အတိမ်အနက်ကို ကြည့်၍ တိုင်းဒေသကြီးအတွင်း၌  COVID-19   ရောဂါ ဖြစ်ပွားလာခဲ့ပါက  ကာကွယ်ထိန်းချုပ်ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများကို    ခေါ်ယူ၍    ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊  အကယ်၍ COVID-19 ရောဂါသည် မိမိတို့နိုင်ငံသို့ ရောက်ရှိလာပါက ထိန်းချုပ်ရန်အတွက်   သီးသန့်ဆေးရုံများ   လိုအပ်လာမှာ ဖြစ်ကြောင်း၊   လက်ရှိတွင်   ကန်တော်နဒီဆေးရုံအပြင် ကမ်းနားလမ်းရှိ     ယခင်က    ကူးစက်ရောဂါကုသရေး ဆေးရုံအဖြစ်ထားရှိသည့်ဆေးရုံနှင့်        ဟိုတယ်အဖြစ် မဆောင်ရွက်ဘဲထားရှိသည့် ၆၂ လမ်းပေါ် ရှိ နဒီမြန်မာ ဟိုတယ်များကိုလည်း လိုအပ်လာပါက သီးသန့်ဆေးရုံအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက် ဖြင့်  တိုင်းဒေသကြီးအစိုးရအဖွဲ့မှ   ပြင်ဆင်နေကြောင်း၊ ယခုကာလအတွင်း၌       ဗိုင်းရပ်စ်ရောဂါကာကွယ်ရန်  လူတစ်ဦးချင်းစီကလည်း ပွဲလမ်းသဘင်များနှင့် လူစုလူဝေး နေရာများသို့     အတတ်နိုင်ဆုံးရှောင်ရှားစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပွဲလမ်းသဘင်များနှင့် ပတ်သက်၍ မဖြစ်မနေ ကျင်းပရန်ရှိပါကလည်း အချိန်နှင့် လူဦးရေလျှော့ချရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ အကြောင်းကြားထားပြီးဖြစ်ပါကြောင်း ပြောကြားသည်။
 
ဆက်လက်၍ ခေတ္တဝန်ကြီးချုပ်က သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍    အထူးအလေးနက်ထား   စဉ်းစားရမှာဖြစ် ကြောင်း၊ သင်္ကြန်ပွဲတော်ကျင်းပရန် တစ်လခန့်သာ လိုတော့ သည့်ကာလအတွင်း၌      နိုင်ငံသူနိုင်ငံသားအားလုံးမှ COVID-19  ရောဂါကာကွယ်ထိန်းသိမ်းရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊      ပြည်ပနိုင်ငံများမှ ပြန်လာသူများရှိခဲ့ပါက အိမ်တွင်း၌ ၁၄ ရက်ကြာ နေထိုင်ကြ ရန်နှင့် ထူးခြားသည့် ကျန်းမာရေးအခြေအနေ ဖြစ်ပေါ် ခဲ့ပါ က  နီးစပ်ရာ  ကျန်းမာရေးဌာနသို့  အမြန်ဆုံးသတင်းပို့ရန် ခရိုင်မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း၊   ယခုတက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေစဉ်ကာလတွင် ကျောင်းသား ကျောင်းသူ များ၊ ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းအားလုံးကို ရောဂါလက္ခဏာနှင့်ပတ်သက်သော   ထောက်လှမ်းသည့် လုပ်ငန်းများကို     လုပ်ကိုင်ပေးရန်နှင့်        ထူးခြားသည့် ကျန်းမာရေးအခြေအနေများရှိခဲ့ပါက     လိုအပ်သည့် ဆောင်ရွက်မှုများကို      ချက်ချင်းလုပ်ဆောင်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်။
 
ဆက်လက်၍   COVID-19  ရောဂါ   စောင့်ကြည့် စစ်ဆေးကုသရေး  တိုင်းဒေသကြီး   ကြီးကြပ်မှုကော်မတီ (SRT) ဥက္ကဋ္ဌ ဒေါက်တာရဲလွင်က    SRT   လုပ်ငန်းများနှင့် ပတ်သက်၍  ဆွေးနွေးပြီးနောက်  SRT  အတွင်းရေးမှူး  ဒေါက်တာ သန်းသန်းမြင့်က  COVID-19  နှင့်ပတ်သက်၍   ကြိုတင်ကာကွယ်တားဆီးမှု  လုပ်ငန်းဆောင်ရွက်နေမှု များနှင့်   အသိပညာပေးလုပ်ငန်းများ   ဆောင်ရွက်မှု အခြေအနေများကို      အသေးစိတ်ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများက လိုအပ်မည့်အစီအမံများနှင့်စပ်လျဉ်း၍ အကြံပြုတင်ပြ ဆွေးနွေးကြသည်။ 
ထို့နောက်            ရှင်းလင်းတင်ပြချက်များအပေါ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့    ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က  COVID-19  စောင့်ကြည့်စစ်ဆေး ကုသရေးလုပ်ငန်းဆိုင်ရာ လိုအပ်မည့်အစီအမံများအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
 
မင်းထက်အောင်(မန်းကိုယ်ပွား)