
နေပြည်တော် မတ် ၁၂
2019 Novel Coronavirus(COVID-19) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အရေးပေါ်အစည်းအဝေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်၍ ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ 2019 Novel Coronavirus(COVID-19)ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပူးတွဲဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဗဟို ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 ရောဂါကူးစက်ပြန့်ပွားနေမှုကြောင့် ရေရှည်တွင် ပြည်သူပြည်သားများ အပေါ် ရိုက်ခတ်လာနိုင်သည့် အကျိုး ဆက်များ လျော့နည်းစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များ၊ အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့ အစည်းအဝေးခေါ်ယူကျင်းပခြင်း ဖြစ်ကြောင်း၊ Novel Coronavirus (COVID-19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟို ကော်မတီကို ဇန်နဝါရီ ၃၀ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီးနောက် ဗဟိုကော်မတီ ၏ ပထမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက်တွင် လည်းကောင်း၊ ဒုတိယအကြိမ် အစည်းအဝေးကို မတ် ၃ ရက်တွင် လည်းကောင်း ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် အစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုသည် ယခု အခါ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကူးစက်ပျံ့နှံ့သောကပ်ရောဂါ(Pandemic)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က မတ် ၁၁ ရက်က ထုတ်ပြန် ကြေညာခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် လည်း အထူးအလေးထားပြီး ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ အစီအမံများချမှတ်ခြင်းနှင့် ရေရှည်ထိခိုက်လာနိုင်သည့် အကျိုး ဆက်များ၊ ဆိုးကျိုးများကို ဖြေရှင်းရေး ဆိုင်ရာ နည်းလမ်းများ အဖြေရှာခြင်း တို့ကို ပိုမိုထိရောက်စွာ ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ အစီအမံများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ ယင်းရောဂါ၏ အကျိုးဆက်ကြောင့် ပြည်တွင်းစီးပွားရေးကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံတွင် ရိုက်ခတ်လာမည့် အကျိုးဆက်များနှင့် ထပ်မံဖြစ်ပေါ် လာနိုင်သည့် အခြားထိခိုက်နစ်နာမှု များအား လျှော့ချနိုင်ရေးအတွက် တုံ့ပြန်ဆောင်ရွက်ကြရန်၊ ကျန်းမာရေး အသိပေး လမ်းညွှန်ချက်များနှင့် ဆောင်ရန်/ရှောင်ရန် သတင်းအချက် အလက်များအား ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ဖြန့်ဝေပေးကြရန်နှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအစီအမံများတွင် ပြည်သူလူထုမှ ကျန်းမာရေးအသိ ရှိစွာဖြင့် ပါဝင်လိုက်နာဆောင်ရွက် သွားစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း ထည့်သွင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စား လှယ်များက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ တွင် သက်ဆိုင်ရာ အခန်းကဏ္ဍများ အလိုက် ဆောင်ရွက်နေမှုအခြေအနေ များ၊ WHO ၏ အသိပေး ထုတ်ပြန်ချက် များနှင့်အညီ တုံ့ပြန်ဆောင်ရွက်ရန် ရှိသည့်ကိစ္စရပ်များနှင့် ဝန်ကြီးဌာန အချင်းချင်းပေါင်းစပ်၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရ မည့် ကိစ္စရပ်တို့အပေါ် တင်ပြဆွေးနွေး ခဲ့ကြသည်။
အဆင့်မြှင့်တင်ဖွဲ့စည်း
အစည်းအဝေးတွင် လက်ရှိအချိန်၌ COVID-19 ရောဂါပြန့်ပွားမှုကို ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများအား အချိန် အတိုင်းအတာတစ်ခုအထိ အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက် သွားရေး၊ ယခုလက်ရှိဖွဲ့စည်းထား သော ဗဟိုကော်မတီကို ဝန်ကြီးဌာန များအကြား ပိုမိုပူးပေါင်းညှိနှိုင်း ပေါင်းစပ်မှုများ ပြုလုပ်သွားနိုင်ရန် အတွက် အဆင့်မြှင့်တင်ဖွဲ့စည်းသွား ရေး၊ COVID-19 ရောဂါမှာ နိုင်ငံတကာ တွင် လူစုလူဝေးဖြင့် တက်ရောက်သော ပွဲများ၊ အခမ်းအနားများမှတစ်ဆင့် လွယ်လင့်တကူ ကူးစက်သည့် သာဓက များကို တွေ့ရှိရသဖြင့် မိမိတို့နိုင်ငံတွင် လည်း အစိုးရမှ ဦးစီးကျင်းပသည့် လူအများအပြား တက်ရောက်မည့် အခမ်းအနားများနှင့် အစည်းအဝေး များ ကျင်းပမှုကို ပြန်လည်သုံးသပ်ရေး၊ လူအများ လာရောက်ဖူးမြော်သည့် တန်ခိုးကြီး ဘုရားစေတီများ၏ မုခ်ဦး အဝင်ဝများတွင် ဘုရားဖူးများ၏ ခန္ဓာကိုယ် အပူချိန်မြင့်တက်မှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုသွားရန် စီစဉ် ဆောင်ရွက်သွားရေး၊ လတ်တလော ရောဂါဖြစ်ပွားမှုနှင့် ကူးစက်မှုနှုန်း များပြားနေသည့်နိုင်ငံများမှ လာရောက် သူများအား မြန်မာနိုင်ငံသို့ ရောက်ရှိပြီး နောက် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Quarantine)ကို စနစ်တကျ ကြီးကြပ် ဆောင်ရွက်သွားရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များအနေ ဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် အသွားအလာ တားမြစ်ပိတ်ပင်ခြင်း (Quarantine)ပြုလုပ်နိုင်ရန် ထားရှိ မည့် နေရာများကို ကြိုတင်ရှာဖွေ ပြင်ဆင်ထားရှိရေး၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်းပါဝင် လုပ်ဆောင်လာနိုင် စေရန် ကျယ်ကျယ်ပြန့်ပြန့်အသိ ပညာပေးဆောင်ရွက်သွားရေး၊ ပြည်သူ များအကြား ထင်ယောင်ထင်မှား ဖြစ်စေသော သတင်းများ၊ စိုးရိမ် ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်ချက် ဖြင့် ဖြန့်ချိသည့် သတင်းမှားများအား စောင့်ကြည့်၍ သက်ဆိုင်ရာဌာနများမှ အချိန်နှင့်တစ်ပြေးညီ သတင်းအမှန် ထုတ်ပြန်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများနှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်များနှင့် ပန်ကြားချက် များအား ပြည်သူများသိရှိနိုင်စေရန် အသိပေးထုတ်ပြန်သွားရေး၊ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု၏ အကျိုးဆက် ကြောင့် ကုန်သွယ်ရေး၊ စီးပွားရေး အပေါ် ထိခိုက်နစ်နာမှုများအား လျော့ပါးသက်သာစေရေး၊ ရပ်ဆိုင်း သွားသည့် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်များနှင့် အလုပ်သမားများ အတွက် ထိခိုက်မှုအနည်းဆုံးဖြစ် စေရန် နိုင်ငံတော်မှ ကူညီပံ့ပိုးပေးနိုင် မည့် နည်းလမ်းများကို အမြန်ဆုံး ပူးပေါင်းရှာဖွေရေး၊ တရုတ်နိုင်ငံတွင် စက်ရုံများပိတ်သိမ်းမှုကြောင့် အခက် အခဲကြုံတွေ့နေရသည့် မြန်မာအလုပ် သမားများအား သက်ဆိုင်ရာ မြန်မာ သံရုံးအနေဖြင့် တရုတ်အစိုးရနှင့် ညှိနှိုင်း၍ အတတ်နိုင်ဆုံး ကူညီပံ့ပိုး သွားရေး၊ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ညွှန်ကြားချက်များ နှင့် ပြည်သူလူထုထံ ပန်ကြားချက်များ ထုတ်ပြန်ရေးကိစ္စများကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်