
ဘန်ဒါဆီရီဘီဂါဝမ် ဩဂုတ် ၂၃
ဘရူနိုင်းနိုင်ငံတွင် ဩဂုတ် ၂၂ ရက်၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၁၄ ဦးတွေ့ရှိခဲ့ပြီး ကူးစက်မှုစံချိန် တင်များပြားသည့် နောက်ထပ် နေ့တစ်နေ့အဖြစ် စံချိန်တင်ခဲ့သည်။ တစ်နိုင်ငံလုံးအနှံ့ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်းမှာ ၁၇၆၉ ဦး ရှိပြီဖြစ်သည်။ နောက်ထပ် ကူးစက်ခံရသူများထဲတွင် ပြည်တွင်း ကူးစက်ခံရသူ ၃၀၈ ဦးနှင့် ပြည်ပမှ ကူးစက်ခံလာရသူ ခြောက်ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ ကူးစက်မှုများကို ခြေရာခံလိုက်ရာတွင် ဒေသတွင်းကူးစက်ခံရသူ ၁၄၁ ဦးမှာ စုံစမ်းမှုများ ပြုလုပ်နေဆဲဖြစ်သည်။ ဘရူနိုင်းနိုင်ငံတွင်နေ့စဉ်ကူးစက်မှု ၁၀၀ အထက်တွင် ရှိနေသည်မှာ လေးရက် ဆက်တိုက်ရှိနေပြီဖြစ်သည်။
လက်ရှိတွင် ရောဂါကူးစက်ခံရသူ ၁၃၄၆ ဦးကို ကုသမှုများပေးနေပြီး အမျိုးသားသီးသန့်ထား စောင့်ကြည့်ရေးစင်တာတွင် အခြေအနေစောင့်ကြည့် မှုများ ပြုလုပ်နေသည်။ ၎င်းတို့ထဲမှ လေးဦးမှာ အခြေအနေစိုးရိမ်ရပြီး အသက်ရှူအထောက်အကူပြု ကိရိယာတပ်ဆင်ထားရသည်။ ဩဂုတ် ၇ ရက် မတိုင်မီအထိ ဘရူနိုင်းနိုင်ငံသည် ဒေသတွင်း ကူးစက်မှုမရှိဘဲ ရက်ပေါင်း ၄၅၇ ရက်ကြာအောင် ထိန်းထားနိုင်ခဲ့သည်။ ဩဂုတ် ၂၂ ရက်တွင် ပြန်လည် ကျန်းမာလာသူ ၆၄ ဦးရှိပြီး စုစုပေါင်းကျန်းမာလာသူ အရေအတွက်မှာ ၄၁၉ ဦးရှိသည်။ ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီး သေဆုံးသူဦးရေမှာ လေးဦးသာ ရှိသည်။ ဆင်ဟွာ