
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ညောင်ဦးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
=============================================================
နေပြည်တော် ဇန်နဝါရီ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ဇန်နဝါရီ ၅ ရက် ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် တံခါးကြီးကျေးရွာနှင့် ညောင်ဦးမြို့နယ် ချောက်ကန်ကျေးရွာ များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသနေ ပြည်သူများ ကျေးရွာရပ်မိရပ်ဖများ၊ စီမံကိန်းအထောက် အကူပြုကော်မတီဝင်များနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ် တံခါးကြီးကျေးရွာသို့ ရောက် ရှိကြပြီး ကျေးရွာရေပေးဝေရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တိုင်းဒေသကြီး ဦးစီးမှူး တို့က မန္တလေးတိုင်းဒေသကြီးအတွင်း နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု အခြေအနေများ၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း မန္တလေးတိုင်းဒေသကြီး၌ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေရရှိရေး လုပ်ငန်းများနှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးလက်ရေရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့မှုများကို ရှင်းလင်း တင်ပြကြသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၁၀၉ အုပ်စုရှိပြီး ကျေးရွာပေါင်း ၃၃၉ ရွာ၊ အိမ်ခြေ ၄၆၉၄၀ နှင့် လူဦးရေ ၂၅၁၉၃၅ ဦး ရှိသည်။ သောက်သုံးရေ ရရှိမှု အနေဖြင့် တွင်းတိမ် ၇၂၀၊ တွင်းနက် ၁၈၆ တွင်း၊ လက်တူးတွင်း ၇၂ တွင်း၊ မြေသားရေကန် ၁၃၁ ကန်၊ စိမ့်စမ်း ၆၄ တွင်း၊ အိမ်တိုင်ရေသွယ်စနစ် ကိုးခုတို့မှ ရယူအသုံးပြုနေ ခြင်းဖြစ်ပြီး နွေရာသီ သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ကြုံတွေ့နေရခြင်းအပေါ် ထိရောက်စွာ ကူညီဆောင်ရွက်ပေး နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် ရေရရှိရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်ဦးမြို့နယ် ချောက်ကန်ကျေးရွာသို့ ရောက်ရှိကြပြီး ဒေသနေပြည်သူများ၊ ကျေးရွာရပ်မိရပ်ဖများ၊ စီမံကိန်း အထောက်အကူပြုကော်မတီဝင်များနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံကာ ကျေးရွာအတွင်း အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းနှင့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ၊ ဒေသနေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ ကူညီ ဖြည့်ဆည်းပေးနိုင်ရေး မေးမြန်းဆွေးနွေးရာ ကျေးရွာသူ ကျေးရွာသားများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြ ကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနတာဝန်ရှိသူများက အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးရန်နှင့် ဘဏ္ဍာငွေခွင့်ပြုချက်အရ ဆောင်ရွက် ရန်အခက်အခဲရှိသော လုပ်ငန်းများအတွက် ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသည့် မျှဝေခြင်းအစီအစဉ်မှ ကူညီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်