
တိုကျို သြဂုတ် ၂၄
ဂျပန်နိုင်ငံ တိုကျိုတွင် နေအိမ်တွင်းအသွားအလာကန့်သတ်ထိန်းချုပ်စောင့်ကြည့်နေသည့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက် မြင့်တက်လာ ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် သြဂုတ် ၂၄ ရက်ကဖော်ပြလိုက်သည်။
မြို့တော် တိုကျိုတွင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရောက်ရသည့် လူနာအရေအတွက်သည် ပထမဆုံးအကြိမ်အဖြစ် ၄၀၀၀ ကျော်လွန်လာပြီဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသော်လည်း မစိုးရိမ်ရ သို့မဟုတ် ရောဂါလက္ခဏာမပြသော လူပေါင်း ၂၅၀၀၀ ခန့်ကို နေအိမ်တွင်း၌ အသွားအလာကန့်သတ်ထိန်းချုပ်နေထိုင်လျက်ရှိသည်။
တိုကျိုအစိုးရ၏ တောင်းဆိုမှုကြောင့် Fast Doctor ဟုခေါ်သော သမားတော်အဖွဲ့တစ်ဖွဲ့သည် လူနာများကို အိမ်တိုင်ရာရောက် လိုက်လံကြည့်ရှုပေး လျက်ရှိသည်။
အသက် ၂၀ ကျော်အရွယ်ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူတစ်ဦးက သူသည် ရောဂါအခြေအနေကို စစ်ဆေးပေးသည့် ဒေသန္တရကျန်းမာရေးဌာနက ဖုန်းခေါ်ဆိုမှုကို မကြာခဏလက်ခံ ရရှိကြောင်း ပြောသည်။
သို့သော်လည်း ဖုန်းခေါ်ဆိုမှုများကြား သူ့ရောဂါ အခြေအနေပိုဆိုးလာမည်ကို စိုးရိမ်လျက်ရှိကြောင်း အဆိုပါလူနာက ပြောကြားလိုက်သည်။
နောက်ထပ်နေအိမ်တွင် သီးသန့်ကန့်သတ် စောင့်ကြည့်မှု ပြုလုပ်နေသော အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သူ့တွင် အဆုတ်ရောင်ရောဂါ ဖြစ်နေကြောင်း ပြောကြားခဲ့သော်လည်း ဒေသန္တရ ကျန်းမာရေးဌာနက သူ့ကို လက်ခံမည့်ဆေးရုံကို မညွှန်းပို့နိုင်ခဲ့ပေ။ ထိုသို့မပြုလုပ်ပေးနိုင်ခဲ့သည့် အတွက် အိမ်တိုင်ရာရောက် ကြည့်ရှုပေးသည့် ဆရာဝန်အဖွဲ့က အောက်ဆီဂျင်စက်ကို သုံးကာ သူ့ကို အသက်ရှူနိုင်အောင် ကူညီပေးခဲ့ရသည်။
အဆိုပါဆရာဝန်များက တချို့ဖုန်းခေါ်ဆိုမှုများ ကို လက်မခံဘဲ ပယ်ချခဲ့ရကြောင်း အထူးသဖြင့် အောက်ဆီဂျင်စက်မရှိသည့်အခါမျိုးတွင် ဖုန်းခေါ် ဆိုမှုများကို ငြင်းပယ်ကြောင်း သိရသည်။ အဆိုပါ ကိစ္စမျိုးတွင် အရေးပေါ် အကူအညီပေးရန် လူနာ တင်ယာဉ်ကို ခေါ်ရသည်။
ဆေးရုံမတက်ရောက်ရဘဲ နေအိမ်တွင် ကိုဗစ်-၁၉ ကန့်သတ်စောင့်ကြည့်မှု ပြုလုပ်နေသော လူနာ များတွင် အဆုတ်ရောင်ရောဂါဖြစ်ပွားသူပိုမိုများပြားလာကြောင်းအဖွဲ့၏ ကိုယ်စားပြုဒေါက်တာ ကီကူ ချီရိုက ပြောသည်။
တိုကျိုမသန်စွမ်းအားကစားပြိုင်ပွဲကိုလည်း ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ပြည်သူများအနေဖြင့် အပြင် ထွက်နိုင်ခြေများသဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မည့်အန္တရာယ်ကို စိုးရိမ်မိကြောင်း ၎င်းကပြောသည်။
အင်န်အိတ်ချ်ကေ