
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
============================
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ နာဂစ်မုန်တိုင်းဟာ ရခိုင်ပင်လယ်ကမ်းရိုးတန်းကို မဝင်တော့ဘဲ လမ်းကြောင်းပြောင်းပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဆီသို့ ဘာလို့ဝင်ရောက်လာရသလဲဆိုတဲ့ မေးခွန်းကို ဉာဏ်စွမ်းရှိသရွေ့ဖြေဆိုဖို့ စိတ်ဝင်စားခဲ့ပါတယ်။
p မြန်မာနိုင်ငံတွင် မုန်တိုင်းတွေဟာ ရခိုင်ကမ်းရိုးတန်း မြို့ကြီးတွေကို ဝင်ရောက်တိုက်ခတ် လေ့ရှိခြင်း၊
p မုန်တိုင်းကြီးတွေ ကျရောက်ပြီဆိုရင် မိုးမကျမီ ဧပြီနဲ့ မေလ၊ မိုးနှောင်း အောက်တိုဘာနဲ့ နိုဝင်ဘာလတွင် ဝင်ရောက်လေ့ရှိခြင်း၊
p ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ နာဂစ်မုန်တိုင်းကြီးဒဏ်ကို ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း နှစ်ခုဟာ အလူးအလဲခံရခြင်း၊
p ဒီသဘာဝမုန်တိုင်းကြီးတွေဘေးအန္တရာယ်က ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့အချက်တွေနဲ့ ဒီဆောင်းပါးကို စချင်ပါတယ်။
၁၉၉၄ ခုနှစ် မေလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ‘သဘာဝဘေးအန္တရာယ် စုပေါင်းကာကွယ်’ ခေါင်းစဉ်နဲ့ မောင်မြင့်ခိုင်ရေးသားတဲ့ဆောင်းပါးကို ကျွန်တော် မြစ်ကြီးနားဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဘဝတုန်းက ဖတ်ခဲ့ရပါတယ်။ ဆောင်းပါးရှင်မောင်မြင့်ခိုင်ဟာ သုတေသီ သို့မဟုတ် ပညာရှင်ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ အဲဒီသတင်းစာကို မသိမ်းထားနိုင်ခဲ့ပေမယ့် အလွန် စိတ်ဝင်စားစရာကောင်းတဲ့အတွက် ဒိုင်ယာရီထဲမှာ သေချာမှတ်သားခဲ့ပါတယ်။
၁၉၉၁-၁၉၉၄ ခုနှစ်တွေမှာ ကျွန်တော်ဟာ ဓာတုဗေဒတွဲဖက်ပါမောက္ခ မြစ်ကြီးနားဒီဂရီကောလိပ် ကျောင်းအုပ်ကြီးအဖြစ်နဲ့ မိမိရဲ့ဘဝ ကချင်ပြည်နယ် လူငယ်လူရွယ်တို့ရဲ့ မြင့်မားတဲ့ဘဝသစ်ထူထောင်ဖို့ ကြုံကြိုက်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်နောက်ပိုင်းမှာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်တာဝန်ထမ်းဆောင်တဲ့ ကာလမှာ ဘူမိဗေဒပညာရှင်တွေရေးသားခဲ့တဲ့ အင်းလေးကန်ဘူမိသွင်ပြင်စာတမ်းအရ ထုံးကျောက် (Lime Stone) မြေသားအခြေခံတဲ့အတွက် အနှစ်တစ်ရာကြာရင် အင်းလေးကန်ကြီး ရေခန်းခြောက်သွား နိုင်တယ်ဆိုတော့လည်း ကျွန်တော်စိတ်ပူခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်တာဝန်မှ အနားယူခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ နာဂစ်မုန်တိုင်းဒဏ်ကို ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းနှစ်ခုဟာ အလူးအလဲခံရတော့ ၁၉၉၄ ခုနှစ် မေလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ မောင်မြင့်ခိုင်ရဲ့ဆောင်းပါးကို အသည်းအသန် ပြန်လည်ရှာဖွေခဲ့ပါတယ်။
အကြောင်းရင်းက-
မုန်တိုင်းတွေဟာ ရခိုင်ကမ်းရိုးတန်းမြို့ကြီးတွေကို ဝင်ရောက်တိုက်ခတ်လေ့ရှိကြောင်း၊ ၁၈၆၈ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ နှစ်ပေါင်း ၁၁၅ နှစ်အတွင်း ရခိုင်ပြည်နယ်ကို မုန်တိုင်းကြီး ၄၀ ခန့် ဝင်ရောက် ခဲ့ကြောင်း ဆောင်းပါးက ဖော်ပြတဲ့အချက်တွေကို ကျွန်တော်အထူးစိတ်ဝင်စားကာ လေ့လာခဲ့လို့ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၅ နှစ်အတွင်း မုန်တိုင်းကြီး ၄၀ ခန့်ဝင်ရောက်ခဲ့တဲ့အနက် အချို့ကိုမောင်မြင့်ခိုင်ရဲ့ဆောင်းပါးအရ အောက်ပါဇယားမှာဖော်ပြဆွေးနွေးချင်ပါတယ်။
မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်တွေအနက် လေပြင်းမုန်တိုင်းဒဏ်နဲ့ ရေကြီးရေလွှမ်းမိုးတဲ့ အန္တရာယ်ကို မကြာခဏခံစားကြရကြောင်း၊ လေပြင်းမုန်တိုင်းကိုမူ ရခိုင်ပြည်နယ်ကတော့ နှစ်စဉ်လိုပင် ခံစားရတာကို တွေ့ရပါတယ်။ မုန်တိုင်းသတင်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်း မုန်တိုင်းဒဏ်အကြီး အကျယ်ခံနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းမတိုင်မီက ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ ဘိုလာ (Bhola) မုန်တိုင်းဝင်ရောက်ခဲ့ရာ လူပေါင်းသန်းချီပြီး အိုးအိမ်စည်းစိမ်ကြီးမားစွာ ဆုံးရှုံးခဲ့ရကြောင်း သိရှိခဲ့ရပါတယ်။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ စတင်ဖြစ်ပေါ်လာတဲ့မုန်တိုင်းကြီးတွေဟာ မြောက်ဘက်ကို ရွေ့လျားကာ အိန္ဒိယနိုင်ငံအရှေ့ပိုင်းကမ်းခြေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကမ်းရိုးတန်းအတိုင်း ထွက်ပေါက်ရှာ တိုက်ခတ်တဲ့သဘောရှိကြောင်း၊ လမ်းကြောင်းသင့်ရာ ကမ်းခြေ ပင်လယ်တစ်ခုခုမှ ပြင်းထန်တဲ့အရှိန်အဟုန်နဲ့ ဖြတ်ကျော်တိုက်ခတ်ပြီး ထွက်ပေါက်ရရှိတဲ့နေရာမှ ကုန်တွင်းကို ဝင်ရောက်တဲ့သဘောကို တွေ့ရှိရပါတယ်။ မုန်တိုင်းတွေရဲ့ထွက်ပေါက်ဟာ အကျယ်ဝန်းဆုံး သော ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်တယ်ဆိုတာ ပထဝီဝင်သဘောအရလည်းကောင်း၊ အထောက်အထားတွေအရ လည်းကောင်း တွေ့ရှိနိုင်ပါတယ်။
Cyclone 02B. (On April 22, 1991)
မြန်မာနိုင်ငံအတွက် ဒီမုတ်သုံလေ မုန်တိုင်းငယ်လေးတွေကြောင့် နှစ်စဉ်ဆိုသလို မိုးရွာသွန်းခြင်း၊ ရံဖန်ရံခါ ရေကြီးရေလွှမ်းခြင်းတို့ကို ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ တွေ့ကြုံရ၊ စိုက်ပျိုး ရေရတာဖြစ်ပါတယ်။ ပြောမယ်ဆိုရင် မုတ်သုံလေနဲ့ မုန်တိုင်းတွေအတွက် ထွက်ပေါက်ဟာ ပင်လယ် ကမ်းရိုးတမ်းတစ်လျှောက် အောက်မြန်မာနိုင်ငံ ပြည်တွင်းကို ဝင်လာတာဟာ ပထဝီ၊ ရေမြေတောတောင် တို့ကြောင့်ဖြစ်ကြောင်း သိနိုင်မြင်နိုင်ပါတယ်။ မုန်တိုင်းသဘောအရ ကြီးငယ်မဟူ ပြင်ထန်းလေ့ရှိရာ ရခိုင်ရိုးမတောင်တန်းကို ဖြတ်ကျော်ကာ နိုင်ငံရဲ့မြောက်ဖျားအထိ မိုးရွာသွန်းဖို့ အကြောင်းတရားပဲဖြစ်ပါ တယ်။ b စာမျက်နှာ ၁၆ မှ
ရခိုင်ပြည်နယ်ကတော့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်အကျဆုံးဒေသ၊ ရခိုင်ရိုးမနဲ့ ဘင်္ဂလားပင်လယ် အော်အကြားမှာတည်ရှိကြောင်း၊ အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၁၄၂၀၀၊ ကမ်းရိုးတန်းမိုင် ၃၆၀၊ မြောက်ဘက်ပိုင်း အကျယ်ဆုံးနေရာ မိုင် ၁၀၀၊ တောင်ဘက်ပိုင်းအကျယ်ဆုံးနေရာ မိုင် ၂၀ ရှိကြောင်း၊ မြောက်ဘက်ပိုင်းမှာ တောင်တန်းမြင့်မားပြီး တောင်ဘက်ပိုင်းမှာ ဆင်ခြေလျှောဖြစ်ကာ တောတောင် များပြားကြောင်း သိနိုင်မြင်နိုင်ပါတယ်။
ရခိုင်ကမ်းရိုးတန်းမှာရှိတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ ဂွမြို့တွေကို မုန်တိုင်းကြီးတွေ ဝင်ရောက်တိုက်ခတ် တဲ့လဟာ မေလဖြစ်ကြောင်းတွေ့ရှိရပါတယ်။ နာဂစ်မုန်တိုင်းကြီးကတော့ ရခိုင် ပင်လယ်ကမ်းရိုးတန်းကို မဝင်တော့ဘဲ ဧရာဝတီနဲ့ ရန်ကုန်တိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တာဟာလည်း မေလ ၂ ရက်နေ့ ဖြစ်ပါတယ်။
တွေ့ရှိချက်က ဘာလဲဆိုတော့ မုန်တိုင်းကြီးတွေဟာ မြောက်မှ တောင်ဘက်သို့ ရွေ့လျားဝင်ရောက် တိုက်ခိုက်လာတဲ့သဘောရှိကြောင်း မိုးဦး ဧပြီနဲ့မေလမှာ မုန်တိုင်းကြီးတွေ ဝင်ရောက်တိုက်ခတ်နိုင် တယ်ဆိုတာဖြစ်ပါတယ်။
၁၈၈၄ ခုနှစ် စစ်တွေ
၁၈၉၅ ခုနှစ် စစ်တွေ
၁၉၁၆ ခုနှစ် စစ်တွေ
၁၉၂၆ ခုနှစ် စစ်တွေ
၁၉၃၀ ခုနှစ် ကျောက်ဖြူ
၁၉၆၇ ခုနှစ် ကျောက်ဖြူ
၁၉၆၈ ခုနှစ် စစ်တွေ
၁၉၇၈ ခုနှစ် ကျောက်ဖြူ
၁၉၈၂ ခုနှစ် ဂွ
၂၀၀၈ ခုနှစ် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း
ပြောမယ်ဆိုရင် နှစ်တစ်ရာအတွင်းမှာ အင်အားကြီးမုန်တိုင်း ၁၁ ခု ဝင်ရောက်တိုက်ခတ်တဲ့လဟာ ဧပြီ၊ မေလလို့ ဆိုတာတွေ့ရှိရပါတယ်။
ဧပြီလကုန် မေလဆန်းထဲမှာ မုန်တိုင်းကြီး၊ မုန်တိုင်းလတ်တို့ ဝင်ရောက်လေ့ရှိတယ်ဆိုတဲ့ တွေ့ရှိချက်ပဲဖြစ်ပါတယ်။ ဒုတိယတွေ့ရှိချက်က မိုးနှောင်း အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာလည်း မုန်တိုင်းကြီးဝင်ရောက်တိုက်ခတ် ဖျက်ဆီးနိုင်သေးတယ်ဆိုတာ ဖြစ်ပါတယ်။
၁၈၆၈ ခုနှစ် စစ်တွေ
၁၈၉၇ ခုနှစ် စစ်တွေ
၁၉၀၈ ခုနှစ် စစ်တွေ
၁၉၂၂ ခုနှစ် စစ်တွေ
၁၉၄၈ ခုနှစ် စစ်တွေ
၁၉၅၂ ခုနှစ် စစ်တွေ
၁၉၆၇ ခုနှစ် စစ်တွေ
ကောက်ချက်ချရမယ်ဆိုရင် နှစ်တစ်ရာအတွင်းမှာ အင်အားကြီး မုန်တိုင်း ခုနစ်ခုဝင်ရောက်တိုက်ခတ် ခဲ့တဲ့ လဟာ အောက်တိုဘာ၊ နိုဝင်ဘာလဆိုတာ သိရပါတယ်။ မိုးနှောင်းကာလ မြန်မာနိုင်ငံအောက်ပိုင်း ရခိုင်ကမ်းရိုးတန်းတွေမှာ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းထဲမှာ မုန်တိုင်းကြီး၊ မုန်တိုင်းလတ်တွေ ဝင်ရောက်လေ့ရှိတယ်ဆိုတဲ့ တွေ့ရှိချက်ပဲ ဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိတဲ့ မုန်တိုင်းကြီးတွေကြောင့် ၂၀ ရာစုအတွင်း ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး၊ အိုးအိမ်စည်းစိမ်၊ ကျွဲ၊ နွား တိရစ္ဆာန် အများဆုံးပျက်စီး ဆုံးရှုံးခဲ့ရကြောင်း လေ့လာမှတ်သားခဲ့ရပါတယ်။
မြန်မာ့ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြီးတွေရဲ့ ၉၇ ရာခိုင်နှုန်းခန့်ဟာ ရခိုင် ကမ်းရိုးတန်းကို ကျရောက်ခဲ့ကြောင်း၊ ကျရောက်ပြီဆိုရင် မိုးမကျမီ ဧပြီနဲ့ မေလ၊ မိုးနှောင်းအောက်တိုဘာ နဲ့ နိုဝင်ဘာလတွေမှာ ဝင်ရောက်ကြောင်းတွေ့ရှိရပါတယ်။ ဒါကြောင့် ဒီကာလတွေမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ကျွန်တော်တို့မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသရှိပြည်သူတွေ၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ နေကြကုန်သောပြည်သူတွေ၊ တာဝန်ရှိသူတွေဟာ အထူးစိုးရိမ်ပူပန်လျက်ရှိကြသလို မုန်တိုင်းအန္တရာယ်ကို လည်း ကြိုတင်ကာကွယ်ဖို့လိုအပ်ပါတယ်။
ကျွန်တော့်ဆောင်းပါးဟာ လက်တွေ့ ဒီမုန်တိုင်းအန္တရာယ်က ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့ဆီကို ဆက်သွားနိုင်ဖို့ရည်ရွယ်ပါတယ်။ စုပေါင်းကာကွယ်နိုင်ဖို့ စုပေါင်းသုတေသနပြုပြီး စုပေါင်းအကောင် အထည်ဖော်ရမယ့်တာဝန်ကြီးဖြစ်ပါတယ်။ သိပ္ပံနည်းကျလေ့လာပြီး ကြိုတင်ကာကွယ်မှုတွေကို ဆောင်ရွက်ကြရပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ မောင်မြင့်ခိုင်ရဲ့ ဆောင်းပါးပါအချက်အလက်တွေဟာ သိပ္ပံနည်းကျရှေ့ဆက်သွားနိုင်ဖို့ အထောက်အထားတွေဖြစ်လို့ တန်ဖိုးရှိလှပါတယ်။ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှာ တန်ဖိုးရှိတဲ့အချက်အလက်တွေကို ဆက်လက် ရှာဖွေကိုးကားသွားရမှာ ဖြစ်ပါတယ်။
ဒီလိုနဲ့ မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေရဲ့ မြို့ကြီးတွေကို ဝင်ရောက်တိုက်ခတ်တဲ့ နာဂစ်မုန်တိုင်းအပြီး နှစ်နှစ်အကြာ ၂၀၁၀ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၆ မှာ ဆောင်းပါးရှင် ချစ်ကျော်(မိုး/ဇလ) ရေးသားပြုစုတဲ့ မုန်တိုင်းဆိုင်ရာ အကြောင်းခြင်းရာတွေကို ဖတ်ရပြန်ပါတယ်။
p မည်ကဲ့သို့သောအခြေအနေတွင် မုန်တိုင်းဖြစ်ပေါ်ရသနည်းဆိုတဲ့မေးခွန်းတွေရဲ့ အဖြေတွေ ဖတ်ရှုရခြင်း၊
p မည်သည့်ကာလများတွင် မုန်တိုင်းဖြစ်ပေါ်လေ့ရှိသနည်း၊
p မုန်တိုင်းဖြစ်တိုင်း မြန်မာနိုင်ငံသို့ ဦးတည်လာနိုင်သလား၊
p မုန်တိုင်းလာလျှင် ဘာဆက်လုပ်ရမည်လဲဆိုတဲ့ အမေးအဖြေလည်း ဖတ်ရှုရတော့ တန်းဖိုးရှိ ပြန်တယ်။
ဒါကြောင့် မြန်မာ့သတင်းစာကြီးတွေက ၂၀-၄-၂၀၁၀ ကြေးမုံသတင်းစာပါ ချစ်ကျော် (မိုး/ဇလ)ရဲ့ဆောင်းပါးကိုလည်း ပြန်လည်ဖော်ပြပေးစေချင်ပါတယ်။ ချစ်ကျော်ရဲ့ဆောင်းပါးမှာ ရေးသားတွက်ချက် မှုတွေဟာ လွန်စွာတန်ဖိုးရှိလှတာကို အောက်မှာကောက်နုတ်ချက်အဖြစ် ဖော်ပြလိုက်ပါတယ်။
(က) လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၂ နှစ် (၁၈၈၇-၂၀၀၉ ခုနှစ်) အတွင်း ဘင်္ဂလားပင်လယ်အော် အခြေပြု မုန်တိုင်း ၃၂ ကြိမ်ဟာ ဧပြီလတွင် ဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၅ ကြိမ်မှာ မြန်မာ ကမ်းရိုးတန်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၄၆ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း၊
(ခ) မေလတွင် မုန်တိုင်း ၉၂ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ၂၇ ကြိမ်မှာ မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၂၉ ဒသမ ၃၄ ရာခိုင်နှုန်းရှိကြောင်း ဒီအချက် အလက်တွေအပေါ်အခြေခံပြီး ကောက်နုတ်ဆွေးနွေးသွားပါမယ်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments