
နယူးဒေလီ သြဂုတ် ၂၅
အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ဆရာ ဆရာမများအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် အိန္ဒိယကျန်းမာရေးဝန်ကြီး မန်ဆူခ်မန်ဒါဗီယာက ပြည်နယ် တာဝန်ရှိသူများအား တိုက်တွန်း ပြောကြားသည်။
ကမ္ဘာ့ဆရာများနေ့မတိုင်မီ
အပြီးဆောင်ရွက်ရန်
ပြည်နယ်အားလုံးရှိ ဆရာ ဆရာမများအားလုံး ကာကွယ်ဆေးထိုးနှံမှုကို စက်တင်ဘာ ၅ ရက်တွင် ကျရောက်သည့် အိန္ဒိယနိုင်ငံ၏ဆရာများနေ့မတိုင်မီ အပြီးသတ် ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီး မန်ဒါဗီယာက ဆိုသည်။
ပြည်နယ်အားလုံးရှိ ဆရာ ဆရာမများအား ထိုးနှံပေးရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ သန်း ၂၀ ကျော်ကို ယခုလအတွင်း ထပ်ဆောင်းဖြန့်ဝေပေးမည်ဖြစ်ကြောင်း မန်ဒါဗီယာ က ဆိုသည်။
ပြန်လည်ပိတ်သိမ်းခဲ့
နိုင်ငံအတွင်းရှိ စာသင်ကျောင်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ ပြီးခဲ့သော အောက်တိုဘာလအတွင်း ပြန်လည် ဖွင့်လှစ်ရန် ဗဟိုအစိုးရက ခွင့်ပြုခဲ့သည်။ သို့သော် ယခုနှစ်ဧပြီလအတွင်း ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်း ပြန်လည်ဖြစ်ပွားခဲ့သည့်အတွက် စာသင်ကျောင်းများကို ပြန်လည်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-အောင်ကျော်ကျော်