
ဗန်ကောက် သြဂုတ် ၂၉
ထိုင်းနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၅၃၆ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံ အတွင်း ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၁၇၄၀၉၁ ဦးရှိလာပြီဖြစ်သည်။
အဆိုပါကူးစက်ခံရသူအရေအတွက် သည် ဇူလိုင် ၂၉ ရက်မှစပြီး ၁၇၀၀၀ အောက် ပထမဆုံးအကြိမ် ကျဆင်းခြင်း ဖြစ်သည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြောင့် ၂၆၄ ဦးထပ်မံသေဆုံးခဲ့ရာ အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၁၁၄၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ရောဂါထပ်မံကူးစက်ခံရသူများအနက် ၇၀၀၀ နီးပါးသည် မြို့တော်ဗန်ကောက် မှဖြစ်ပြီး ကျန်အရေအတွက်သည် ဗန်ကောက်နှင့်အနီးတစ်ဝိုက်ရှိ ခရိုင်များ မှဖြစ်သည်။ နိုင်ငံအတွင်း၌ ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်ခြင်းသည် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်ကို နှောင့်နှေးကြန့်ကြာစေသည်။
နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့ပြီး လက်ရှိအချိန်အထိ နိုင်ငံ လူဦးရေ ၁၀ ဒသမ ဝ၄ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံမှုခံယူပြီးဖြစ်သည်။ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံ လူဦးရေ ၆၉ သန်း၏ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်ထား သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်