
နေပြည်တော် ဩဂုတ် ၃၀
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ယမန်နေ့ နံနက် ၆ နာရီခွဲတွင် နောင်ချိုမြို့နယ် လားရှိုး-မန္တလေးသွားကားလမ်း အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သတင်းအရ သီပေါမှမန္တလေးသို့ စိုင်းဘိုးစာ(၃၁) နှစ် မောင်းနှင်ပြီး အောင်မိုး(၂၈)နှစ် လိုက်ပါလာသည့် ခြောက်ဘီးယာဉ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၉ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ နောက်မှလိုက်ပါ လာသည့် မျိုးချစ်(၅၀)နှစ်မောင်းနှင် ပြီး ထွန်းနိုင်(၃၁) နှစ် လိုက်ပါလာ သည့် ခြောက်ဘီးယာဉ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) တစ်ကီလို၊ ဘိန်းစိမ်း ၁၂၄ ဒသမ ၈ ကီလိုတို့ကို ရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်းရမိ မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်ဖြစ်ပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူ ထားရှိကြောင်းနှင့် ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်