
ဝါရှင်တန် မတ် ၁၁
အမေရိကန်ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်သည် အကြို ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက် ဘာနီဆန်းဒါးကို အနိုင်ရခဲ့ပြီးနောက် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဖယ်လာဒီဖီးယားမြို့တွင် ၎င်း၏ထောက်ခံသူများကို ဂျိုးဘိုင်ဒင်ကပြောကြားရာတွင် ၎င်းသည် အမေရိကန် နိုင်ငံသားများအတွက် ပြန်လည်ရှင်သန်ပြီး တာဝန် ထမ်းဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်ဟု ပြောကြား ခဲ့သည်။ ယနေ့ညတွင် အိမ်ဖြူတော်အတွက် ဂုဏ်သိက္ခာ နှင့် ဂုဏ်ပြုမှု၊ အဆင်ပြေချောမွေ့မှုတို့ကို ပြန်လည် ဆောင်ကြဉ်းလာရန် ခြေလှမ်းလှမ်းနိုင်ခဲ့ပြီဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။ ၎င်း၏အဓိကပြိုင်ဘက်ဖြစ်သော ဘာနီဆန်းဒါးနှင့် ၎င်း၏ထောက်ခံသူများကို မိမိတို့တွင် တူညီသော ရည်မှန်းချက်များရှိကြောင်း ဘိုင်ဒင်က ပြောကြားသည်။
“ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ရင် ထရမ့်ကို အနိုင်ရမှာပါ” ဟု ဘိုင်ဒင်က ပြောကြားသည်။ မစ္စစ္စပီ ပြည်နယ်တွင် ဂျိုးဘိုင်ဒင်အနေဖြင့် အောင်မြင်မှုကြီးကြီး မားမားအဖြစ် မဲအားလုံး၏ ၈၀ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး မစ်ချီဂန်ပြည်နယ်တွင်လည်း အနိုင်ရခဲ့သည်။ ဘိုင်ဒင်သည် ယခုလက်ရှိအခြေအနေတွင် ဒေါ်နယ်ထရမ့်အား ပြိုင်ဆိုင် မည့် ဒီမိုကရက်တစ်ဦးဖြစ်လာခဲ့သည်။ မိမိကိုယ်မိမိ ဆိုရှယ်ဒီမိုကရက်တစ်ဦးအဖြစ် ခံယူထားသော ဘာနီ ဆန်းဒါးသည် ဟီလာရီကလင်တန်၏ ရပ်တည်ချက်ကို ပျက်စီးစေသူအဖြစ် ဒီမိုကရက်များက စွပ်စွဲခဲ့သည်။ ဘာနီဆန်းဒါး၏ ပြန်ကြားရေးတာဝန်ခံကမူ ဆန်းဒါးအနေ ဖြင့် ရွေးကောက်ပွဲမှ နုတ်ထွက်သွားမည်မဟုတ်ကြောင်း ပြောကြားသည်။ ဘာနီဆန်းဒါးအား ထောက်ခံသူတစ်ဦး ဖြစ်သည့် နယူးယောက်ပြည်နယ် အမျိုးသမီးလွှတ်တော် အမတ် အလက်ဇန်းဒါးအိုကာဆီယိုကောတစ်က အကြို ရွေးကောက်ပွဲ ၏ရလဒ်များသည် လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောကြားသည်။ ထရမ့်၏ မဲဆွယ်စည်းရုံးရေးဆိုင်ရာ မန်နေဂျာက ဒီမိုကရက်သမ္မတလောင်းသည် မည်သူပင် ဖြစ်စေကာမူ စိုးရိမ်ဖွယ်အကြောင်းမရှိဟု ပြောကြားခဲ့သည်။ အင်္ဂါနေ့က ပြည်နယ်ခြောက်ခု၌ အကြိုရွေးကောက်ပွဲများ ကျင်းပပြီးချိန်တွင် ဂျိုးဘိုင်ဒင်သည် ထရမ့်အား ယှဉ်ပြိုင်ရန် အသင့်ဖြစ်သော အခြေအနေသို့ ရောက်ရှိခဲ့သည်။ ဂျိုးဘိုင်ဒင်က ၎င်းအနေဖြင့် ကွဲပြားနေသောတိုင်းပြည်ကို ပြန်လည်စုစည်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား - အေအက်ဖ်ပီ၊ ဘာသာပြန် - စိုးသူရ