
ဝါရှင်တန် စက်တင်ဘာ ၄
အမေရိကန်၊ ဂျာမနီနှင့် အခြားသောနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် အာဖဂန်နစ္စတန်အရေး ကို ဆွေးနွေးသွားရန် အစည်းအဝေးကျင်းပသွားမည် ဟုသိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က လာမည့်စက်တင်ဘာ ၈ ရက် တွင် ဂျာမနီနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း စက်တင်ဘာ ၃ ရက်တွင် သတင်းထောက်များကို ပြောသည်။
အာဖဂန်နစ္စတန်အရေး ဆွေးနွေးရန် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဟိုက်ကိုမက်စ်နှင့်အတူ ပူးတွဲ ဆောင်ရွက်သွားမည်ဟု ပြောသည်။ နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်များလည်း တက်ရောက် မည်ဟု မျှော်မှန်းထားသည်။
တာလီဘန်တို့ ကတိပြုထားသည့် လွတ်လပ်စွာ ခရီးသွားလာခွင့်နှင့် အာဖဂန်ပြည်သူများအပေါ် အမျိုးသမီးများအတွက် အပါအဝင် လူ့အခွင့်အရေး ထိန်းသိမ်းရန် အချက်များ အဓိကထား ဆွေးနွေးသွား မည်ဖြစ်သည်။
တာလီဘန်များသည် ၎င်းတို့၏ ကတိအတိုင်း မည်မျှဆောင်ရွက်နိုင်မည်ကို နိုင်ငံများစွာက စောင့်ကြည့်နေကြကြောင်း ဘလင်ကန်က ပြောသည်။
အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များကို ပြန်လည်ခေါ်ယူပြီးနောက် သံတမန်လုပ်ငန်းများကို ကာတာနိုင်ငံ ဒိုဟာမြို့သို့ ရွှေ့ပြောင်းခဲ့သည်။ စက်တင်ဘာ ၅ ရက်တွင်လည်း ကာတာနိုင်ငံ ဒိုဟာ မြို့သို့သွားရန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က စီစဉ်ထားသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုက်အော် စတင်ကလည်း စက်တင်ဘာ ၅ ရက်မှစတင်ကာ အရှေ့အလယ်ပိုင်း ငါးနိုင်ငံသို့ ခရီးသွားရောက်မည် ဖြစ်ပြီး ကာတာနိုင်ငံသို့ပါ သွားရန်စီစဉ်ထားသည်။
အာဖဂန်နစ္စတန်တွင် အကြမ်းဖက်သမားများ အတွက် နေရာမဖြစ်စေရေးအတွက် ကာတာနိုင်ငံနှင့် သံတမန်ရေးရာနှင့် စစ်ရေးအရ ချည်နှောင်မှုများတိုးမြှင့်သွားရန် အမေရိကန်ကရည်ရွယ်ထားသည်ဟု လေ့လာသူများက ပြောသည်။
အင်န်အိတ်ချ်ကေ