
လင်းဟန်သစ်
ကူးစက်မြန်ပြင်းထန် ဒယ်လ်တာ ကိုဗစ်- ၁၉ ဗီဇ ပြောင်းမျိုးစိတ်သစ်ဟာ ဂျပန်နိုင်ငံမှာ သာမက ကမ္ဘာတစ်ဝန်းလုံးမှာ ပျံ့နှံ့ဖြစ်ပွားလျက်ရှိပါတယ်။ ဒယ်လ်တာမျိုးစိတ်သစ်ဟာ ပိုပြီးပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာမှာနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူတွေဟာ စိုးရိမ်နေကြပါ တယ်။ ပြီးတော့လည်း လက်ရှိမှာ အသုံးပြုနေတဲ့ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေဟာ ဒယ်လ်တာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို ထိရောက်စွာ ခုခံကာကွယ် နိုင်ပါ့မလားဆိုတာနဲ့ ပတ်သက်ပြီး သိချင်နေကြ ပါတယ်။
သန္ဓေပြောင်းပျံ့နှံ့ဖြစ်ပွားမှုကိုစစ်ဆေး
ဂျပန်ကူးစက်ရောဂါ အမျိုးသားအင်စတီကျုက L452R ဗီဇပြောင်းပျံ့နှံ့ဖြစ်ပွားမှုကို စစ်ဆေးခဲ့ပါ တယ်။ အဲဒါကို မကြာသေးမီက အတည်ပြုခဲ့တဲ့ ဒယ်လ်တာကိုဗစ်- ၁၉ ဗီဇပြောင်းကူးစက်ဖြစ်ပွား မှုမှာ တွေ့ရှိခဲ့ပါတယ်။ ဂျပန်ကူးစက်ရောဂါအမျိုး သားအင်စတီကျုက ပုဂ္ဂလိက စစ်ဆေးရေးအဖွဲ့ ခုနစ်ဖွဲ့က ပေးပို့လိုက်တဲ့ အချက်အလက်တွေကို အသုံးပြုလေ့လာခဲ့ပြီး ၎င်းတို့ရဲ့ ခန်းမှန်းချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်အဖွဲ့ကို သြဂုတ် ၁၈ ရက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အဲဒီလေ့လာမှုက တိုကျိုမှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အားလုံးနီးပါးနဲ့ အိမ်နီးချင်း ကာနာဂါဝါ၊ ဆိုင်တမာနဲ့ ချီဘာခရိုင် တွေမှာဖြစ်ပွားခဲ့တဲ့ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု အားလုံးနီးပါးမှာ ဒယ်လ်တာမှာ တွေ့ရှိခဲ့တဲ့ ဗီဇ ပြောင်း ကူးစက်ဖြစ်ပွားမှုကို တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိနှုန်းကတော့ ၉၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။
ဒယ်လ်တာ ဗီဇပြောင်းမျိုးစိတ်သစ်ဟာ ဂျပန်နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေမှာလည်း အမြစ်တွယ် ကူးစက်ဖြစ်ပွားလျက်ရှိပါတယ်။ ဒယ်လ်တာ ဗီဇပြောင်းမျိုးစိတ်သစ်ဟာ အိုဆာ ကာ၊ ကျိုတို၊ ဟိုဂိုခရိုင်တွေမှာဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုရဲ့ ၉၂ ရာခိုင်နှုန်းရှိပါတယ်။ အိုကီနာဝါမှာ ၉၉ ရာခိုင်နှုန်း၊ ဖူကူအိုကာမှာ ၉၇ ရာခိုင်နှုန်း၊ အိုင်ချီမှာ ၉၄ ရာခိုင်နှုန်း၊ ဟော့ကိုင်းဒိုးမှာ ၈၅ ရာခိုင်နှုန်းရှိပါတယ်။
ဒီအရေအတွက်ကိုကြည့်ရင် ဂျပန်နိုင်ငံ တစ်ဝန်းမှာ မူလဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ဒယ်လ်တာမျိုးစိတ်သစ်က လုံးဝနီးပါး လွှမ်းမိုးလာ တာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒယ်လ်တာ ကိုဗစ်-၁၉ ပျံ့နှံ့ဖြစ်ပွားမှုဟာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု မြင့်တက်လာခြင်းကို အဓိက ဖြစ်စေပါတယ်။ ထို့အတူ ဆေးရုံတက်ရောက်သူ အရေအတွက်ကိုလည်း တိုးလာစေပါတယ်။ တိုကျိုနဲ့ တခြားဒေသတွေမှာရှိတဲ့ ဆေးဘက်ဆိုင်ရာ စနစ်ကို ဆိုးရွားတဲ့အခြေအနေတွေ ဖြစ်စေပါတယ်။
နှစ်ဆ ပိုမိုကူးစက်နိုင်ခြေများ
ဗြိတိန်မှာ ပထမဆုံး စမ်းသပ်တွေ့ရှိခဲ့တဲ့ အယ်လ်ဖာမျိုးစိတ်ထက်ကိုပဲ ဒယ်လ်တာမျိုးစိတ်က ပိုပြီး ကူးစက်ဖြစ်ပွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဂျပန်နိုင်ငံနဲ့ တခြားနိုင်ငံတွေရဲ့ သုတေသနပြုလုပ်ချက်တွေအရ ဒယ်လ်တာဗီဇ ပြောင်းမျိုးစိတ်သစ်ဟာ မူလကိုဗစ်- ၁၉ ထက်နှစ်ဆ ပိုမိုကူးစက်နိုင်ခြေများပြီး အယ်လ်ဖာမျိုးစိတ်ထက် ၁ ဒသမ ၅ ဆ ပိုများတယ်လို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံရဲ့ လေ့လာမှုတစ်ခုကို ကိုးကားဖော်ပြခဲ့တာ ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့တာက တော့ ဒယ်လ်တာကိုဗစ်- ၁၉ ဗီဇပြောင်းမျိုးစိတ်သစ် ကူးစက်ဖြစ်ပွားခံရသူဟာ မူလ ကိုဗစ်- ၁၉ ဗိုင်းရပ်စ် ကူးစက်ခံရတာထက် အဆပေါင်း ၁၂၀၀ လောက် ဗိုင်းရပ်စ်ပိုးရဲ့ဒဏ်ကို ပိုမိုခံစားရတယ်လို့ ဖော်ပြထား ပါတယ်။
အခုချိန်အထိ ဒယ်လ်တာဗီဇပြောင်းမျိုးစိတ် သစ်ဟာ ပိုပြီးပြင်းထန်တဲ့ ရောဂါလက္ခဏာရှိသလား မရှိသလားဆိုတဲ့အဖြေကို တိတိကျကျ မသိရသေးပါ ဘူး။
ကမ္ဘာတစ်ဝန်းသုတေသနတွေကို ဆက်လက် လုပ်ဆောင်လျက်ရှိပါတယ်။ သို့သော်လည်း တစ်ချိန် တည်းမှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ဆေးရုံ တက်ရောက်ရတဲ့ အရေအတွက် မြင့်တက်လာတယ် လို့ မှတ်ချက်ပြုဖော်ပြထားပါတယ်။
သုတေသနရလဒ်များ
သြဂုတ်လက တိုရန်တိုတက္ကသိုလ်က အချင်းချင်း ဝေဖန်အကြံပြုချင်းမပြုလုပ်ထားဘဲ ထုတ်ပြန်လိုက် တဲ့ သုတေသနတစ်ခုမှာ ဒယ်လ်တာကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရောက်ရတဲ့ အခြေအနေဟာ မူလ ကိုရိုနာဗိုင်းရပ်စ်ထက် ၂ ဒသမ ၀၈ ဆ ပိုများ တယ်ဆိုတာကို တွေ့ရှိထားပါတယ်။ ဒယ်လ်တာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် အထူးကြပ်မတ် ကုသဆောင်ထဲကို ၃ ဒသမ ၃၄ ဆလောက် ပိုသွား ရပါတယ်။ သေဆုံးနိုင်ခြေလည်း ၂ ဒသမ ၃၂ ဆ လောက် ပိုများပါတယ်။ သုတေသီတွေက ကိုရိုနာ ဗိုင်းရပ်စ်ဝေဒနာသည် ၂၀၀၀၀၀ ကို နမူနာစံနှုန်းနဲ့သရုပ်ခွဲလေ့လာခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင် ၂၇ ရက်ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကတော့ ဓာတ်ခွဲခန်းလေ့လာမှုတွေက ဒယ်လ်တာမျိုးစိတ်သစ် ကို တုံ့ပြန်ဖို့ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေက ခုခံကာကွယ်နိုင်စွမ်း အနည်းငယ်ပဲ ထုတ်ပေးတယ် လို့ ဖော်ပြထားပါတယ်။
သို့သော်လည်း ဆိုလိုတာကတော့ ကိုဗစ်- ၁၉ ကာကွယ်ဆေးရဲ့ အစွမ်းထက်ထိရောက်မှုက လျော့နည်းသွားတာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ လက်ရှိကာကွယ်ဆေးတွေကတော့ ပိုပြီးအစွမ်း ထက် ထိရောက်တာကို သက်သေသာဓက ဖော်ပြ ထားပါတယ်။
ကာကွယ်ဆေးတွေရဲ့ ခုခံကာကွယ်နိုင်စွမ်း
သြဂုတ်လက နယူးအင်္ဂလန်ဆေးပညာဂျာနယ် မှာ ဖော်ပြထားတဲ့ ဗြိတိန်လေ့လာမှုတစ်ခုက ဖိုက်ဇာတစ်ကြိမ်ထိုးလိုက်ရုံနဲ့ ဒယ်လ်တာဗီဇ ပြောင်း ကိုဗစ်- ၁၉ မျိုးစိတ်သစ်ရဲ့ ရောဂါလက္ခဏာ တွေကို ခုခံကာကွယ်နိုင်စွမ်း ၃၅ ဒသမ ၆ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒုတိယတစ်ကြိမ် ထပ်ထိုးပြီးရင်တော့ ခုခံနိုင်စွမ်းဟာ ၈၈ ဒသမ ၀ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။
အက်စ်ထရာဇနီကာ ကိုဗစ်- ၁၉ ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးလိုက်ရင် ရရှိလာမယ့် ဒယ်လ်တာကိုဗစ်- ၁၉ ဗီဇပြောင်း မျိုးစိတ်ကို ခုခံကာကွယ်နိုင်စွမ်း ၃၀ ဒသမ ၀ ရာခိုင်နှုန်းနဲ့ ဒုတိယတစ်ကြိမ်ထပ်တိုးလိုက်ရင်တော့ ၆၇ ဒသမ ၀ ရာခိုင်နှုန်းရှိတာနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဖိုက်ဇာကိုဗစ်-၁၉ ကာကွယ်ဆေးက ပိုမိုအစွမ်း ထက် ထိရောက်တာကို တွေ့မြင်နိုင်ပါတယ်။
လက်ရှိမှာတော့ သုတေသနပြုလုပ်ဖော်ပြခဲ့တဲ့ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေကတော့ ဒယ်လ်တာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ်ကို ကောင်း မွန်စွာ ခုခံကာကွယ်နိုင်တာကို သုတေသီတွေက တွေ့ရှိထားပါတယ်။
သို့သော်လည်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုကို ကာကွယ်ရာမှာ ဘယ်ကာကွယ်ဆေးမှ မထိုးဘဲ နေတာထက်စာရင် ကာကွယ်ဆေးတစ်ခုခုထိုးထား တာက ပိုကောင်းမွန်တဲ့ သဘောကိုလည်း တွေ့နိုင် ပါတယ်။ ။
ကိုးကား-အင်န်အိတ်ချ်ကေ