
ဖနောင်ပင် စက်တင်ဘာ ၆
ကမ္ဘောဒီးယားနိုင်ငံ၌ ကူးစက်မြန် ဒယ်လ်တာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၅၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် အဆိုပါ ရောဂါ ကူးစက်ခံရသူပေါင်း ၂၆၄၇ ဦး ရှိလာကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
စစ်ဆေးတွေ့ရှိ
ဒယ်လ်တာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲ အတည်ပြုလူနာသစ် ၂၅၁ ဦးအနက် အများစုမှာ မြို့တော်ဖနောင်ပင်၌ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်လူနာများကို နိုင်ငံအတွင်းရှိ ပြည်နယ် ၂၂ ခုတွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားကျန်းမာရေး ဝန်ကြီး မမ်ဘွန်ဟင်က ဒယ်လ်တာဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သည် ယခင်မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ထက် ကူးစက်မှုနှုန်း ပို၍လျင်မြန်သည့်အတွက် သတိရှိကြရန် ပြည်သူများအား တိုက်တွန်းထားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန် အတွက် နှာခေါင်းစည်းများကို ဆက်လက်ဝတ်ဆင် ကြရန်၊ လက်များကို မကြာခဏဆေးကြောကြရန်၊ တစ်ဦးနှင့် တစ်ဦးအကြား ခပ်ကွာကွာနေကြရန်၊ လူစည်းကားသည့်နေရာများကို ရှောင်ကြဉ်ရန်နှင့် ကာကွယ်ဆေးထိုးနှံရန် မိမိအလှည့်ရောက်ပါက ကာကွယ်ဆေးထိုးနှံရေးစင်တာများသို့သွားကာ ကာကွယ်ဆေးထိုးနှံမှု အခမဲ့ခံယူကြရန် ဝန်ကြီးက တိုက်တွန်းလိုက်သည်။
စတင်ဆောင်ရွက်
ကမ္ဘောဒီးယားအစိုးရသည် ယခုနှစ်ကုန်ပိုင်း တွင် လူဦးရေ ၁၂ သန်း သို့မဟုတ် နိုင်ငံတော်လူဦးရေ ၁၆ သန်း၏ ၇၅ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေး ထိုးနှံပေးရန် ရည်ရွယ်ခြင်းနှင့်အတူ ဖေဖော်ဝါရီလမှ စ၍ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည်။
စက်တင်ဘာ ၄ ရက်အထိရရှိသည့် အချက် အလက်များအရ ကမ္ဘောဒီးယားနိုင်ငံ၌ လူဦးရေ ၁၁ ဒသမ ၂ သန်းခန့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ပြီး ကျန်ပြည်သူ ၈ ဒသမ ၈၇ သန်းခန့် သည် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ