အယ်ဒီတာ့အာဘော်
-----------------------
ပြည်သူလူထု နေ့စဉ်ကျန်းမာမှုအတွက် ကျန်းမာရေးနှင့်ညီညွတ်သော လူမှုဘဝနေထိုင်စားသောက်မှုနှင့် သန့်ရှင်းသောပတ်ဝန်းကျင်ကောင်းများ ဖြစ်ထွန်းတည်ရှိနေရန် လိုအပ်ပါသည်။ နေထိုင်စားသောက်မှုနှင့် ပတ်ဝန်းကျင် ကောင်းမွန်မှသာ ရောဂါဘေးဘယာကင်းဝေးပြီး သက်ရှည်ကျန်းမာ စိတ်အေးချမ်းသာစွာ ရပ်တည်နေထိုင်နိုင်ကြမည်ဖြစ်သည်။
ယခုအခါ ကူးစက်မြန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး 2019 (COVID- 19) ကြောင့် ကမ္ဘာတစ်ဝန်းမှ ပြည်သူများ စိုးရိမ်ကြောင့်ကြဖြစ်နေကြသော အချိန်ကာလ၌ လူတိုင်းလူတိုင်း ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းမရှိစေရေး၊ ကိုယ်ခံအားကောင်းစေရေး အတွက် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှုနှင့် သန့်ရှင်း သောလေကို ရှူရှိုက်နိုင်ရန် အထူးလိုအပ်ပါသည်။
သန့်ရှင်းသောအစားအသောက်များ စားသောက်ရန်အတွက် ရောင်းချ သူရော၊ စားသုံးသူပြည်သူများပါ သတိမူဆင်ခြင်၍ ရောင်းချဝယ်ယူ စားသောက်မှုပြုလုပ်ကြရန်လိုအပ်ပြီး သန့်ရှင်းသောလေကို ရှူရှိုက်နိုင်ရေး အတွက် ပြည်သူများကိုယ်နှိုက်ရော၊ သက်ဆိုင်ရာတို့ကပါ ဝိုင်းဝန်း ပါဝင် လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မကြာသေးမီက လူတို့ ကျန်းမာ ရေးအတွက် လေထုအရည်အသွေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ဖွယ် သတင်း အချို့ ကြားသိလိုက်ရပါသည်။
ရာသီဥတုပြောင်းလဲခြင်းကြောင့်လည်းကောင်း၊ လူဦးရေတိုးပွားများပြား လာမှုနှင့်အတူ လူမှုဘဝတိုးတက်ဖြစ်ထွန်းမှုများကြောင့်လည်းကောင်း လေထုညစ်ညမ်းမှုဖြစ်ပေါ်လာခြင်းသည် အပြန်အလှန်အကြောင်းအကျိုး ဆက်စပ်မှုရှိသဖြင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ အထူးသဖြင့် ရန်ကုန်မြို့ ကဲ့သို့ လူဦးရေထူထပ်သောမြို့ကြီးများတွင် မြို့ပြဖွံ့ဖြိုးတိုးတက်မှု အမျိုးမျိုး အဖုံဖုံတို့ကြောင့် လေထုညစ်ညမ်းမှုဖြစ်ရသည်မှာ အချိန်ကာလအတိုင်း အတာအလိုက် ကွာခြားမှုရှိမည်ဖြစ်သည်။
ရန်ကုန်မြို့ လေအရည်အသွေးကို ယခင်က ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ်သာ ထုတ်ပြန်လေ့ရှိသော်လည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်(ကမ္ဘာအေး)စခန်းက ဖေဖော်ဝါရီလ ၆ ရက်နေ့ မှစ၍ နေ့စဉ်ထုတ်ပြန်ပေးခဲ့ရာ ရန်ကုန်မြို့၏ လေအရည်အသွေးအခြေအနေ မှန်ကို မြို့နေလူထုသိရှိရသဖြင့် စိတ်သက်သာရဖွယ်ဖြစ်မည်ဟုထင်ပါ သည်။ ညစ်ညမ်းသောလေထုသည် ပြည်သူလူထုကျန်းမာရေးကို ထိခိုက်မှု ဖြစ်စေခဲ့ရာ၌ လေထုအရည်အသွေးအညွှန်းကိန်းတန်ဖိုးသည် အိမ်နီးချင်းနိုင်ငံနှင့်နှိုင်းစာလျှင် များစွာလျော့နည်းနေသဖြင့် စိုးရိမ်မှုလျော့နည်းမည် ဖြစ်သည်။
ရန်ကုန်မြို့ လေအရည်အသွေး အညွှန်းကိန်းတန်ဖိုးမှာ ၅၀ နှင့် ၁၀၀ ကြားတွင်သာရှိသည့်အတွက် ပြည်သူလူထုကျန်းမာရေး ထိခိုက်နိုင်သည့် အနေအထားမရှိပေ။ အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့တို့၏ လေအရည်အသွေး ၂၄ နာရီ တိုင်းတာမှုမှာ အညွှန်းကိန်း တန်ဖိုး ၁၅၀ အထက်တွင်ရှိနေပြီး အချို့ရက်များတွင် ၃၀၀ ကျော်အထိ ပင်ရှိနေ၍ ထိုနိုင်ငံများ၏စိုးရိမ်ပူပန်မှုအဆင့်ကို ရောဂါကူးစက် ဖြစ်ပွားမှု အနေအထားများနှင့် ချိန်ဆကြည့်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် လေအရည်အသွေးအညွှန်းကိန်းသည် စိုးရိမ်ပူပန်ဖွယ်မဖြစ်သော်လည်း လူဦးရေထူထပ်မှုနှင့် မြို့ပြမွန်းကျပ်မှုအရ ယခင်ကာလများကထက်စာလျှင် လေအရည်အသွေး အညွှန်းကိန်းတန်ဖိုး မြင့်မားလာသည်ဟု ဆိုနိုင်သည်။ လေအရည်အသွေး အညွှန်းကိန်းအဆင့် သည် ၅၀ နှင့် ၁၀၀ ကြား၌ အလယ်အလတ်အဆင့်ရှိပြီး ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု မရှိဟုသိရသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ နေ့စဉ်တိုင်း ထွာမှုအရ လေအရည်အသွေး တစ်ရက်နှင့် တစ်ရက် တူညီခြင်းမရှိသော်လည်း ၉၀ အထက်ရှိသော ဖေဖော်ဝါရီ ၈ ရက်၊ ၉ ရက်၊ ၁၁ ရက်နေ့များတွင်မူ ၁၀၀ ဘက်သို့ကပ်လာသဖြင့် သတိထားဆင်ခြင်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ အညွှန်းကိန်း ၁၀၀ အထက်ဆိုလျှင် ခံနိုင်ရည်နည်းပါး သောသူများအတွက် ကျန်းမာရေးထိခိုက်နိုင်သောအဆင့်ဖြစ်၍ လေအရည် အသွေးအညွှန်းကိန်းတက်လာနိုင်သည့် အကြောင်းအချက်များကို သတိပြုရ မည်ဖြစ်သည်။ အညွှန်းကိန်း ၁၀၀ အထက်ရှိလာမည်ဆိုပါက အသက်ရှူ လမ်းကြောင်းဆိုင်ရာ သို့မဟုတ် နှလုံးရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ နှင့် ကလေးသူငယ်များ အသင့်အတင့် ထိခိုက်နိုင်ဖွယ်ရှိသဖြင့် လေထု ညစ်ညမ်းမှုမဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။ ။
Remark Type