ဒီမိုကရေစီ၏ အခြေခံအခွင့်အရေး

အယ်ဒီတာ့အာဘော်
------------------------
 
 
“တိုင်းရင်းသားပြည်သူများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ ဘက်လိုက်မှု ကင်းပြီး ဥပဒေနှင့်အညီ တရားမျှတသော စီမံဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုမျိုး ကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းမှာ ဒီမိုကရေစီ၏ အခြေခံအခွင့် အရေးဖြစ်ပါကြောင်း” ဖေဖော်ဝါရီလ ၇ ရက်နေ့က တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့်တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
 
နိုင်ငံတော်သမ္မတသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး (၃) ရပ်တွင် တာဝန်ထမ်းဆောင်နေကြသည့် သက်ဆိုင်ရာအဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိသူများအား နိုင်ငံတော်၏မူဝါဒအား တိတိ ကျကျ မှန်မှန်ကန်ကန် အကောင်အထည်ဖော်ပေးနိုင်စေရန်၊ တိုင်းရင်းသား ပြည်သူများ၏ အခက်အခဲများကို ဦးစားပေးဖြေရှင်းဆောင်ရွက်ပေးနိုင်စေရန် ယင်းသို့အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်ကြီး များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် စည်းလုံးညီညွတ်မှုကို အခိုင် အမာစိုက်ထူ၍ တောင်တန်း၊ မြေပြန့်မခွဲခြားဘဲ ဒီမိုကရေစီအခွင့်အရေးများ ရရှိစေရန် ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့သည်။ ထိုအခွင့်အရေးမျှော်လင့်ချက်များ နှင့် တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သဖြင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော သန္နိဋ္ဌာန်ကိုစိုက်ထူကာ လွတ်လပ် ရေးကို အရယူနိုင်ခဲ့သည်။
 
ကျွန်ုပ်တို့သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ခိုင်မာအောင် တည်ဆောက်ရာ၌၊ လွတ်လပ်ရေးကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာ၌ လွတ်လပ်ရေး၏ အနှစ်သာရများဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း စသည်တို့ပါဝင်သည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြရမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက် မည်ဟု မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ အားလုံး အခွင့်အရေးတန်းတူညီမျှရရှိစေမည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်မည်ဟုလည်း သန္နိဋ္ဌာန်ချမှတ်ထားသည်။
 
ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်မှလည်း ပြည်ထောင်စုဖွား တိုင်းရင်း သားပြည်သူအားလုံး တန်းတူညီမျှသည့်အခွင့်အရေးများ ရရှိကြမည်ဖြစ် သည်။ ဒီမိုကရေစီအခွင့်အရေးရှိမှ လူ့အခွင့်အရေးခံစားခွင့်များရရှိမည်ဖြစ်ပြီးတရားဥပဒေစိုးမိုးမှုရှိမည်ဖြစ်သည်။ အကယ်၍ လူ့အခွင့်အရေးချိုးဖောက် ခံရလျှင် ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာမည်ဖြစ်သည်။ တစ်နည်းဆိုလျှင် တရားဥပဒေစိုးမိုးမှုမရှိပါကလူ့အခွင့်အရေးချိုးဖောက်ခံရမည်ဖြစ်ပြီး ဒီမိုကရေစီအခွင့်အရေးများလည်း ဆိတ်သုဉ်းသွားမည်ဖြစ်သည်။ ယင်းအချက် သုံးချက်သည် အပြန်အလှန် ချိတ်ဆက်နေသဖြင့် နိုင်ငံတော်သမ္မတက မဏ္ဍိုင်ကြီး (၃) ရပ်တွင် တာဝန် ထမ်းဆောင်နေကြသူများအား ယင်းအချက်များကို အထူးဂရုစိုက်ရန် အသိ ပေးခဲ့ခြင်းဖြစ်သည်။
 
တိုင်းရင်းသားပြည်သူများ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီ နိုင်ငံ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် မဏ္ဍိုင် ကြီး (၃) ရပ်တွင် ပါဝင်ထမ်းဆောင်နေကြသူများအနေဖြင့် တိုင်းပြည်ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများအား မည်မျှပြုပြင်ပြောင်းလဲလုပ်ကိုင်နိုင်ကြ သည်ကို ပြန်လည်ဆန်းစစ်သုံးသပ်ရန်လိုအပ်သည်။ တာဝန်ထမ်းဆောင်ရာ တွင် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးနိုင်မှ၊ တရားမျှတသည့် လူ့အဖွဲ့ အစည်းကိုတည်ဆောက်နိုင်မှ ဒီမိုကရေစီတည်တံ့ခိုင်မြဲမည်ဖြစ်သည်။ ဒီမိုကရေစီ တည်တံ့ခိုင်မြဲအားကောင်းခိုင်မာမှ တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် နိုင်မည်ဖြစ်သည်။
 
သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ မျှော်လင့်ချက် ဖြစ်သော ဒီမိုကရေစီအခြေခံအခွင့်အရေးများ အပြည့်အဝရှိသည့် ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန် ခိုင်မာသည့်ယုံကြည်ချက်၊ ခံယူ ချက်များ ထားရှိကြမည်ဆိုလျှင် ငြိမ်းချမ်းရေးရရှိမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ရရှိလျှင် ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးအောင်၊ ခေတ်မီတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ အားလုံးတက်ညီလက်ညီ စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ် ပါသည်။ ။