
တိုကျို စက်တင်ဘာ ၁၁
ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးတတိယအကြိမ် ထိုးသင့်မသင့်ကိုလာမည့် သီတင်းပတ်မှစတင်ကာ ဆွေးနွေးမှုများ စတင်သွားမည်ဖြစ်သည်။ ကူးစက်မြန် ဒယ်လ်တာ ဗိုင်းရပ်စ်ပျံ့နှံ့နေချိန် ယခုနှစ်ကုန်ပိုင်း တွင် တတိယအကြိမ် ကာကွယ်ဆေးထိုးသင့်မသင့်ကို ဆွေးနွေးသွားမည်ဖြစ်သည်ဟု စက်တင်ဘာ ၁၀ ရက်က ကျိုဒိုသတင်း၌ ဖော်ပြသည်။
လက်ရှိဂျပန်နိုင်ငံတွင် ဖိုက်ဇာ၊ မော်ဒါနာနှင့် အက်စ်ထရာဇနီကာတို့မှ ထုတ်လုပ်သည့် ကာကွယ် ဆေးများကို ခွင့်ပြုချက်ပေးထားပြီး အဆိုပါကာကွယ် ဆေးများမှာ နှစ်ကြိမ်ထိုးရသည့် ကာကွယ်ဆေးများ ဖြစ်ကြသည်။
ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများသည် ကာကွယ်ဆေး၏ အစွမ်းထက်မှုကို တိုးမြှင့်ရန် အတွက် တတိယအကြိမ် ကာကွယ်ဆေးထိုးရန် လိုအပ်သည်ဟု ပြောသည်။
ဂျပန်နိုင်ငံနှင့် တခြားသောနိုင်ငံများတွင် နှစ်ကြိမ်ကာကွယ်ဆေး ထိုးပြီးသူများတွင်လည်း ကိုဗစ်-၁၉ ကူးစက်မှုများရှိလာသည်ကို တွေ့ရသည်။ လေ့လာမှုများအရ ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယ အကြိမ် ထိုးပြီးခြောက်လအကြာတွင် အစွမ်းထက်မှု မှာ လျော့ကျလာပြီး ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်မှု တွင် ကာကွယ်ဆေး၏ အစွမ်းထက်မှုမှာ လျော့ကျ လာသည်ဟု သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အကြီးအကဲဖြစ်သူ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယက်ဆုက ယခု သီတင်းပတ်အစောပိုင်းတွင် ချမ်းသာသည့်အချို့နိုင်ငံ များ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးတတိယအကြိမ်ထိုးနှံမှုကို ဆိုင်းငံ့ထားသင့်သည်ဟု ပြောကြားပြီး နောက်မကြာမီ ဂျပန်နိုင်ငံတွင်လည်း တတိယအကြိမ် ကာကွယ်ဆေးထိုး သင့် မသင့် ဆွေးနွေးမည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကျိုဒို