
ဝါရှင်တန် စက်တင်ဘာ ၁၁
အမေရိကန်နိုင်ငံ၌ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်၏ နှစ် ၂၀ ပြည့် အောက်မေ့သတိရဖွယ် အခမ်းအနားကို ယနေ့ကျင်းပသည်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တွင် အယ်လ်ခိုင်ဒါအကြမ်းဖက်အဖွဲ့ လေယာဉ်ပြန်ပေးဆွဲသူများ မောင်းနှင် လာသည့် လေယာဉ်နှစ်စင်းသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံအား ဝင်ရောက်တိုက်ပစ်ခဲ့ပြီး တတိယမြောက် လေယာဉ်တစ်စင်းသည် ဝါရှင်တန်မြို့ အနီးရှိ ပင်တဂွန်စစ်ဌာနချုပ်အား ဝင်ရောက်တိုက်ပစ်ခဲ့သည်။ ထို့ပြင် စတုတ္ထမြောက် လေယာဉ်တစ်စင်း သည် ပန်ဆယ်ဗေးနီးယားပြည်နယ်ရှိ လယ်ကွင်းတစ်ခုအတွင်း ပျက်ကျသွား ခဲ့သည်။ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှု များတွင် ၃၀၀၀ နီးပါး သေဆုံးခဲ့ရသည်။
ယနေ့ နံနက် ၈ နာရီခွဲတွင် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်၏ နှစ် ၂၀ ပြည့်အောက်မေ့သတိရဖွယ်အခမ်းအနားကို ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ နေရာ၌ စတင်ခဲ့သည်။
အခမ်းအနားသို့ သမ္မတ ဂျိုးဘိုင်ဒင် နှင့် သေဆုံးသွားသူများ၏ မိသားစုဝင်များ တက်ရောက်ကြသည်။
သမ္မတ ဂျိုးဘိုင်ဒင်က အမျိုးသား စည်းလုံးညီညွတ်မှုရှိစေရန်နှင့် အကြမ်း ဖက်တိုက်ခိုက်မှုများတွင် သေဆုံးသွားသူ များ၏ မိသားစုဝင်များနှင့်အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းပါကြောင်း ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
အခမ်းအနားသို့ တက်ရောက်လာကြ သူများက အကြမ်းဖက်တိုက်ခိုက်ခံရမှု များကို အောက်မေ့သတိရသည့်အနေဖြင့် နံနက်ခင်းပိုင်း တစ်ပိုင်းလုံးတွင် တစ်မိနစ် ခန့် ငြိမ်သက်မှုကို ခြောက်ကြိမ်ခန့် ပြုလုပ် ခဲ့ကြသည်။ အဆိုပါအကြမ်းဖက်မှုများတွင် သေဆုံးသွားသူ တစ်ဦးချင်းစီ၏ နာမည် များကို ဖတ်ကြားခဲ့သည်။
ယင်းအကြမ်းဖက်တိုက်ခိုက်မှုများသည် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်စေခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများပြီးနောက် သမ္မတ ဟောင်းဂျော့ဒဗလျူဘုရှ်က အာဖဂန် နစ္စတန်နိုင်ငံအတွင်း စစ်ဆင်ရေးများ စတင်ခဲ့သည်။
လွန်ခဲ့သောလတွင် သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်တပ်ဖွဲ့များအား အာဖဂန်နစ္စတန်နိုင်ငံမှ ပြန်လည်ဆုတ်ခွာ ရန် ညွှန်ကြားခဲ့သည်။ အမေရိက၏ အချိန် အကြာဆုံးစစ်ပွဲအဖြစ် သတ်မှတ်ခံထားရ သည့် အာဖဂန်နစ္စတန်နိုင်ငံအတွင်း စစ်ဆင်ရေးဆင်နွှဲမှုများသည် လက်ရှိတွင် အဆုံးသတ်သွားပြီဖြစ်သည်။ သို့သော် အမေရိကန်ပြည်သူများအကြား သမ္မတ ဂျိုးဘိုင်ဒင်၏ ဆုံးဖြတ်ချက်အပေါ် သဘော ထားကွဲလွဲမှုများ ယခုထက်တိုင် ရှိနေဆဲ ဖြစ်သည်။
ကား - အင်န်အိတ်ချ်က
ဘာသာပြန် - အောင်ကျော်ကျော်