အာဖဂန်နစ္စတန်တွင် အစားအစာလုံလောက်စွာမရသူ ၉၃ ရာခိုင်နှုန်းရှိဟု ကုလပြော

ကဘူးလ် စက်တင်ဘာ ၁၂
အာဖဂန်နစ္စတန်မှပြည်သူများကို အကူအညီများတိုး၍ ပေးကြရန် ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းထံ တိုက်တွန်းခဲ့သည်။ ဩဂုတ်လလယ်အတွင်း တာလီဘန်များနိုင်ငံကို ထိန်းချုပ်ပြီးနောက် အာဖဂန်နစ္စတန်ရှိ လူဦးရေ၏ ၉၃ ရာခိုင်နှုန်းမှာ အစားအစာလုံလောက်စွာမရဟု ပြောကြားခဲ့သည်။ 
ဘဏ်များဆက်လက်ပိတ်ထားခြင်းနှင့် အလုပ် အကိုင်များ  ဆုံးရှုံးမှုတို့ကြောင့်  အာဖဂန်အများစုမှာ ဝင်ငွေမရဘဲဖြစ်နေကြသည်။ ၎င်းတို့၏ အခြေအနေ မှာဆိုးရွားနေပြီး အစားအစာပြတ်တောက်ခြင်းနှင့် ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းတို့ဖြစ်ပေါ်လာသည်။ 
မြို့တော်ကဘူးလ်တွင်    နိုင်ငံအနှံ့အပြားမှ ရွှေ့ပြောင်းနေထိုင်သူများမှာ  ပန်းခြံများနှင့်  အခြား သော  နေရာများတွင်    တဲထိုးကာ    နေထိုင်ကြလျက် ရှိသည်။   ၎င်းတို့ထဲမှ   အများစုမှာ အလှူရှင်များ လှူဒါန်းသည့်   အစားအသောက်ပေါ်တွင်   မှီခိုနေ ရသည်။ 
အမျိုးသမီးတစ်ဦးကမူ  ၎င်း၏ကလေးများမှာ ဆာလောင်နေပြီး ပေါင်မုန့်တစ်ကိုက်စာအတွက်ပင် ရန်ဖြစ်နေရသည်ဟု ပြောသည်။ 
၎င်းမှာ    နိုင်ငံမြောက်ပိုင်းပြည်နယ်မှ   ကဘူးလ် မြို့သို့    ပြောင်းရွှေ့လာခြင်းဖြစ်ပြီး   လွန်ခဲ့သည့် နှစ်လခွဲခန့်မတိုင်မီကပင်  တိုက်ပွဲများကြောင့် ၎င်း၏ နေအိမ်မှာ  ပျက်စီးသွားခဲ့ရသည်။ 
ယခုအခါ ၎င်းမှာ ကလေးခုနစ်ယောက်နှင့်  ဒုက္ခ ရောက်လျက်ရှိသည်။  ကမ္ဘာ့စားနပ်ရိက္ခာ  အစီအစဉ် သည်  အောက်တိုဘာလအတွင်း   အာဖဂန်၌ အစား အသောက်ပြတ်လပ်မှုမှ ရှောင်လွှဲနိုင်ရေး အကူအညီ ပေးကြရန်  စက်တင်ဘာ ၁၁ ရက်တွင် ပြုလုပ်သည့် အွန်လိုင်းအစည်းအဝေးတွင်   ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ     အာရှပစိဖိတ်ဆိုင်ရာ    ဒေသတွင်း ညွှန်ကြားရေးမှူး  အန်သီယာဝက်ဘ်က  တောင်းခံ ခဲ့သည်။
အင်န်အိတ်ချ်ကေ