ဆူဒန်နိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လူ ၈၀ ကျော်သေဆုံး

ခါတွန်     စက်တင်ဘာ   ၁၄


ဆူဒန်နိုင်ငံ၌ မိုးရာသီစတင်ခဲ့သည့် ဇူလိုင်လမှစတင်ကာ လက်ရှိအချိန်အထိ ဖြစ်ပေါ် ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် လူဦးရေ ၈၀ ကျော်သေဆုံးခဲ့ကြောင်း ဆူဒန်နိုင်ငံ  အာဏာပိုင်များက ပြောကြားသည်။


ဆူဒန်နိုင်ငံ၌ ရေကြီးရေလျှံမှုများကြောင့်  ၈၄  ဦးသေဆုံးပြီး ၆၇ ဦး  ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း ဆူဒန်နိုင်ငံ အမျိုးသားကာကွယ်ရေးကောင်စီမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားသည်။ ဆူဒန်နိုင်ငံ၏  ပြည်နယ်  ၁၈ ခုအနက် ပြည်နယ်  ၁၄ ခုသည်  မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ခံခဲ့ရပြီး လူနေအိမ် ၃၀၀၀၀  ကျော် ပျက်စီးခဲ့ရကြောင်း သိရသည်။


ထို့ပြင်  ကောက်ပဲသီးနှံများနှင့်  အခြေခံအဆောက်အအုံများလည်း  ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ဆူဒန်နိုင်ငံတစ်ဝန်း၌ အနည်းဆုံးလူဦးရေ ၁၀၂၀၀၀ သည် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှု ဒဏ်များကို ခံစားခဲ့ရကြောင်း သိရသည်။

ဆူဒန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်ကလည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်  သုံးလကြာ အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး ရေကြီးရေလျှံမှုဒဏ်ခံစားခဲ့ရသည့် လူဦးရေခြောက်သိန်းအနက်  ၁၀၀  ခန့်   သေဆုံးခဲ့ကြောင်းနှင့်  လူနေအိမ်အလုံးရေ တစ်သိန်းကျော် ပျက်စီးခဲ့ကြောင်း သိရသည်။                      

ကိုးကား- ဘီဘီစီ
ဘာသာပြန်- အလင်းသစ်